News @ M-Media
Blog
  • ၂၀၁၄ တွင် Yahoo အကောင့် သန်း ၅၀၀ ဖောက်ထွင်းခံရ
    ၂၀၁၄ တွင် Yahoo အကောင့် သန်း ၅၀၀ ဖောက်ထွင်းခံရ
    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    yahoo
    – အမေရိကန်အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Yahoo က ၂၀၁၄ ခုနှစ်အတွင်း အသုံးပြုသူ သန်း ၅၀၀ ကျော်၏ သတင်းအချက်အလက်များမှာ အစိုးရကျောထောက်နောက်ခံပြုထားသည့် ဟက်ကာများ၏ ခိုးယူမှုကို ခံခဲ့ရသည်ဟု ပြောကြားလိုက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုသမိုင်းတွင်း အကြီးမားဆုံး ဖောက်ထွင်းခံရမှုလည်း ဖြစ်သည်။
    ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် Yahoo က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ ခိုးယူခံရသည့် သတင်းအချက်အလက်များတွင် အမည်များ၊ အီးမေးလ်လိပ်စာများ၊ မွေးသက္ကရာဇ်များ၊ password များ၊ လုံခြုံရေးမေးခွန်းနှင့် အဖြေများ ပါဝင်နိုင်ဖွယ်ရှိသည်ဟုလည်း ဆိုသည်။
    သို့သော် အွန်လိုင်း ငွေကြေးစာရင်းများ၊ ဘဏ်စာရင်းများနှင့် ပတ်သက်သည့် password များ၊ သတင်းအချက်အလက်များ ပါဝင်ခြင်းမရှိဟု အခိုင်အမာ ပြောကြားခဲ့ပြီး၊ အဆိုပါကိစ္စနှင့်ပက်သက်၍ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    လေ့လာဆန်းစစ်သူများကမူ အဆိုပါ ဖောက်ထွင်းခိုးယူသွားခဲ့သည့် အချက်အလက်များမှာ အခြားသော ၀ဘ်ဆိုက်များတွင်
    ထိုတိုခိုက်မှုများကို များသောအားဖြင့် အစိုးရကျောထောက်နောက်ခံပြု ဟက်ကာအဖွဲ့များမှ ပြုလုပ်ခြင်းဖြစ်ပြီး၊ အမေရိကန်အစိုးရမှာ အင်တာနက်ကုမ္ပဏီများမှာ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းယူမှုများ မကြာခဏ ရှိခဲ့သည်။
    ယခုနှစ်အစောပိုင်းက လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်တစ်ဦးက အွန်လိုင်းအကောင့်ပေါင်း သန်း ၂၀၀ ၏ အချက်အလက်များကို အွန်လိုင်းတွင် ရောင်းချရန် ကမ်းလှမ်းမှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
    Yahoo ကမူ အသုံးပြုသူများအနေဖြင့် မိမိတို့အကောင့်များ၏ သံသယဖြစ်ဖွယ် အနေအထားများကို သုံးသပ်မှုများပြုလုပ်ရန်နှင့် password များကို ပြောင်းလဲရန် ထည့်သွင်း တိုက်တွန်းခဲ့သည်။
    Ref : Presstv
  • ဘန်ကောက်တွင် နိုင်ငံခြားရာဇ၀တ်ဂိုးဏ်ကို ဖမ်းဆီးရာ ခုတ်ထစ်ထားသည့်အလောင်း တွေ့ရှိ
    ဘန်ကောက်တွင် နိုင်ငံခြားရာဇ၀တ်ဂိုးဏ်ကို ဖမ်းဆီးရာ ခုတ်ထစ်ထားသည့်အလောင်း တွေ့ရှိ
    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    %e1%80%98%e1%80%b1%e1%80%8a%e1%80%ab
    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံကူးလက်မှတ် အတုပြုလုပ်သည့် ဂိုးဏ်တစ်ခုကို ယမန်နေ့က ၀င်ရောက်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၂ ဦးအပါအ၀င် ၅ ဦး ဖမ်းဆီးရမိခဲ့ပြီး ရေခဲသေတ္တာထဲတွင် အပိုင်းပိုင်း ခုတ်ဖြတ်ထားသည့် အမျိုးသား အလောင်းတစ်ခုကိုလည်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    ပတ်စ်ပို့အတုလုပ်မှုအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည်ဟု စုံထောက်များက သတင်းရရှိပြီးနောက် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဗြိတိန်တစ်ဦး၊ အမေရိကန်နှစ်ဦးနှင့် မြန်မာ ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
    ရှာဖွေမှုများပြုလုပ်စဉ် ၎င်းတို့ထဲမှ တစ်ဦးက နိုင်ငံကူးလက်မှတ်များမှာ မီးခံသေတ္တာထဲတွင် ရှိသည်ဟု ပြောဆိုကာ သေတ္တာကိုဖွင့်၍ ၉ မမ ပစ္စတိုကို ထုတ်ကာ ပစ်ခတ်ခဲ့သောကြောင့် အရပ်ဝတ်နှင့် လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
    ထိုဖမ်းဆီးမှုအတွင်း ပစ္စတို ၆ လက်၊ စိတ်ကြွဆေးပြားများ၊ ဆေးခြောက်၊ နိုင်ငံကူးလက်မှတ်အတုများ၊ ပရင်တာနှင့် ဓာတုဗေဒပစ္စည်းများ၊ ၎င်းတို့၏ ဓာတ်ပုံများနှင့် အမည်အမျိုးမျိုးတပ်ထားသော နိုင်ငံကူးလက်မှတ်များကို တွေ့ရှိခဲ့ရသည်။
    ထို့ပြင် ၂ မီတာမြင့်သည့် ရေခဲသေတ္တာထဲတွင် ၆ ပိုင်းပိုင်းကာ ပလက်စတစ်အိတ်အနက်ဖြင့် ထုတ်ထားသော လူသေအလောင်းတစ်ခုကိုလည်း တွေ့ရှိခဲ့ရပြီး နိုင်ငံခြားသား အမျိုးသားတစ်ဦး၏ အလောင်းဖြစ်သည်။
    သံသယရှိသူများကမူ မိမိတို့မှာ သုတေသနအဖွဲ့မှဖြစ်ပြီး ထိုအလောင်းမှာလည်း သုတေသနလုပ်ရန်အတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    ဖမ်းဆီးရမိခဲ့သူများမှ နိုင်ငံခြားသား ၃ ဦးကို ယနေ့တွင် တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံသား ၂ ဦးမှာ ထိုအိမ်မှ အိမ်အကူနှင့် ၎င်း၏ ခင်ပွန်းဖြစ်ကာ ၎င်းတို့ကို တရားစွဲဆိုခြင်းမရှိဘဲ သက်သေအဖြစ် အသုံးပြုသွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံမှာ နယ်စပ်လုံခြုံရေးနှင့် ဗီဇာစည်းကမ်းချက်များ လျော့ရဲမှု၊ ဥပဒေစိုးမိုးရေးဝန်ထမ်းများ လာဘ်စားမှုများကြောင့် နိုင်ငံခြားမှာ ရာဇ၀တ်ကောင်များ၊ ၀ရမ်းပြေးများ ၀င်ရောက်ခိုလှုံရာ နေရာတစ်ခုဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
    Ref: Bangkokpost
  • အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒ ဘာမှမဆိုင်ဟု အကြမ်းဖက်မှုမှ လွတ်မြောက်လာသူ ပြော
    အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒ ဘာမှမဆိုင်ဟု အကြမ်းဖက်မှုမှ လွတ်မြောက်လာသူ ပြော
    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    is-victim
    – ဇူလိုင်လ ၁၄ ရက်နေ့ နိုက်စ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့သူ ယာစမင်း ဘူဇီဂန် မာဇူက အကြမ်းဖက်ဝါဒနဲ့ အစ္စလာမ်သာသနာဟာ ဘာမှမဆိုင်တာကြောင့် ဒီနှစ်ခုနဲ့ပတ်သက်ပြီး မရှုပ်ထွေးကြဖို့ ပြောလိုက်ပါတယ်။
    အသက် ၂၁ နှစ်အရွယ် ပြင်သစ်မွတ်စလင်တစ်ဦးဖြစ်တဲ့ ယာစမင်းဟာ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ မိသားစုဝင် ၃ ဦး ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။
    အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ သူမက တိုက်ခိုက်မှုကိုပြုလုပ်တဲ့ ဒီအရိုင်းအစိုင်းတွေဟာ ဥပဒေ၊ ဘာသာတရားပြဌာန်းချက်တွေကို လိုက်နာကြသူတွေ မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဇူလိုင် ၁၄ ရက်နေ့ အမျိုးသားနေ့မှာ ကျွန်မတို့ရဲ့ ဘ၀တွေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မျိုးရိုးစဉ်ဆက်က အစ္စလာမ်ဘာသာဝင်တွေပါ။ (အစ္စလာမ်နဲ့ ဒီတိုက်ခိုက်မှုတွေကို) ဘယ်လိုမှ ဆက်စပ်လို့ မရပါဘူး” လို့ ယာစမင်းက ကြေကွဲဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။
    သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဝမ်းကွဲ မဟ်ဒီ ဟာချာဒီ တစ်ယောက် အကြမ်းဖက်သမားတွေ မောင်းလာတဲ့ ထရပ်ကားဘီးအောက်မှာ အသက်ပျောက်ခဲ့ရပုံကိုလည်း သူမက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
    “တောက်ပတဲ့အနာဂတ် ရှိနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဘ၀ဟာ နှုတ်ယူခံလိုက်ရပါတယ်။ သူဟာ အခြားသူတွေကို လေးစားဖို့၊ သည်းခံမှုရှိဖို့ သွန်သင်တဲ့ အယူဝါဒအောက်မှာ ကြီးပြင်းလာခဲ့ရသူပါ”
    ယာစမင်းက ပြင်သစ်သမ္မတ အော်လွန်း၊ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူတွေအနေနဲ့ ဒီ ရိုင်းစိုးင်းကြမ်းကြုတ်တဲ့ အခြေအနေမျိုးတွေ၊ ပြင်သစ်နိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဘာသာတရားမတူညီမှုကို အသုံးချပြီး အမုန်းမီးမွှေးနေမှုတွေ အားလုံး ရပ်တန့်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    တနင်္လာနေ့က အဲဒီ အောက်မေ့ဖွယ်အခမ်းအနားဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ ပြင်သစ်ပြည်သူ ၂၃၀ အတွက် ရည်စူးပြုလုပ်ခဲ့တာဖြစ်ပါတယ်။
    Ref: IINA
  • အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး
    အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး
    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    winger
    – အာဆင်နယ်၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါး၏ နည်းပြဘ၀မှာ အံ့သြလောက်စရာဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြားလိုက်ပြီး အသင်းအား ထိပ်ဆုံးအဆင့်တွင် ရှိနေအောင် ဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။
    အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် FA ဖလား ၆ ကြိမ် ရယူပေးထားသည့် အာဆင်ဝင်းဂါးမှာ အောက်တိုဘာ ၁ ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် နည်းပြသက်တမ်း နှစ် ၂၀ ပြည့်မည်ဖြစ်သည်။
    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အသင်းအား သိသာသည့် အောင်မြင်မှုမျိုး ရရှိအောင် မစွမ်းဆောင်ပေးနိုင်သောကြောင့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အာဆင်ဝင်းဂါးမှာ ‘ကျဆုံးမှု စပါယ်ရှယ်လစ်’ ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ကွန်တီကမူ ၀င်းဂါးလက်အောက် အသင်း၏ အခြေအနေကို ချီးကျူးရမည်ဟု ဆိုသည်။
    “အာဆင်နယ်မှာ သမိုင်းကြောင်းကောင်းရှိတယ်။ သူတို့ဟာ ထိပ်တန်းအသင်းတစ်သင်းပါ။ ၀င်းဂါးဟာ ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းတစ်သင်းမှာ နှစ် ၂၀ လောက်နေနိုင်တာဟာ အံ့သြလောက်စရာပါပဲ” ဟု ပြောကြားခဲ့သည်။
    အာဆင်နယ်နှင့် ချယ်ဆီးတို့မှာ စနေနေ့တွင် တွေ့ဆုံရမည်ဖြစ်ပြီး မိမိတို့နှစ်သင်းစလုံးမှာ ရေကုန်ရေခန်း ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref : Goal
  • တာတာကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်
    တာတာကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်
    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    tata
    – အိန္ဒိယအခြေစိုက် တာတာလုပ်ငန်းအုပ်စုမှာ ရန်ကုန်မြို့တွင် ရုံးခန်းသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို အားကောင်းစေရန် ဆောင်ရွက်မှုလည်းဖြစ်သည်။
    Tata International က ဖွင့်လှစ်ခဲ့သည့် အဆိုပါ ရုံးခန်းမှာ တာတာကုမ္ပဏီများ၏ ဗဟိုရုံးချုပ် ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မိတ်ဖက်များနှင့် ဆက်သွယ်ဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    “ဒီရုံးခန်းဟာ သူတို့ရဲ့ ရှိနေတဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ခြင်း၊ လယ်ယာလုပ်ငန်း၊ လျှပ်စစ်၊ အခြေခံအဆောက်အဦး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ စားသောက်ကုန်၊ ခရီးသွားနဲ့ လူသုံးကုန်လုပ်ငန်း စတာကဏ္ဍတွေမှာ အခွင့်အလမ်းတွေ ရှာဖွေခြင်းတွေကနေတစ်ဆင့် ဒေသအတွင်း တတာကုမ္ပဏီတွေ ကြီးထွားဖို့အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု Tata International ၏ အကြီးအကဲတစ်ဦးဖြစ်သူ မဒ်ဟူ ကန်နန်က ပြောကြားခဲ့သည်။
    ထို့ပြင် မြန်မာနိုင်ငံမှာ မိမိတို့ ကုမ္ပဏီအုပ်စု၏ နိုင်ငံတကာခြေဆန့်တွင် အရေးပါသည့်အခမ်းကဏ္ဍမှ ပါဝင်နေပြီး ဒေသတွင်ရှိနေသည့် အခွင့်အလမ်းများအား အသုံးချနိုင်ရေး မျှော်လင့်ထားသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နေသည့် တာတာကုမ္ပဏီများမှာ Tata Motors၊ Jaguar Land Rover၊ Tata
    Power၊Titan Company နှင့် Tata Consultancy Services တို့ဖြစ်ကြသည်။
    Ref: moneycontrol.com