News @ M-Media

Blog

  • အကြမ်းဖက်အဖွဲ့နှင့် ဆက်စက်သည့် လူ ၄ ဦးကို မလေးရှား ဖမ်းဆီး

    အကြမ်းဖက်အဖွဲ့နှင့် ဆက်စက်သည့် လူ ၄ ဦးကို မလေးရှား ဖမ်းဆီး

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    malay

    – မလေးရှားရဲတပ်ဖွဲ့မှာ အကြမ်းဖက်ဝါဒနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၄ ဦးကို သြဂုတ်လ ၂ ရက်နှင့် စက်တင်ဘာလ ၁၇ ရက်ကြားတွင် ဖမ်းဆီးလိုက်ပြီး ထိုအထဲတွင် နိုင်ငံခြားသား ၃ ဦး ပါဝင်သည်ဟု သိရသသည်။

    အဆိုပါဖမ်းဆီးမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးမှာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များမှ လက်နက်များ မှောင်ခိုတင်သွင်းရာတွင် ပါဝင်သည်ဟု သံသယဖြစ်ခံရကြောင်း မလေးရှားရဲတပ်ဖွဲ့က ယနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်အတွက် အင်တာပိုက သတိပေးခဲ့ခြင်းဖြစ်သည်။

    အခြား နိုင်ငံခြားသားတစ်ဦးမှာ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သော နီပေါနိုင်ငံသားတစ်ဦးဖြစ်ပြီး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ဝင်များ အသုံးပြုရန်အတွက် ခရီးသွားအထောက်အထားများကို အတုပြုလုပ်မှုအတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မော်ရိုကိုနိုင်ငံသားတစ်ဦးကိုမူ IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားသို့ တရားမ၀င်သွားရောက်ရန် ကြိုးစားစဉ် တူရကီအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ထိုနိုင်ငံခြားသား ၃ ဦးစလုံးကို မလေးရှားက ပြည်နှင်ဒဏ်ပေးကာ မိခင်နိုင်ငံများသို့ ပို့ဆောင်ခဲ့သည်။ စတုတ္တထမြောက် ဖမ်းဆီးခံရသူမှာ စီးပွားရေးသမားတစ်ဦးအတွက် ယာဉ်မောင်းအဖြစ် ဆောင်ရွက်နေသူ မလေးရှားနိုင်ငံသားတစ်ဦး ဖြစ်သည်။

    ၎င်းမှာ Facebook စာမျက်နှာတွင် IS အကြမ်းဖက်အဖွဲ့အတွက် ၀ါဒဖြန့်ပေးနေသော မိုဟာမက် ၀မ်ဒီ မိုဟာမက် ဂျက်ဒီနှင့် အဆက်သွယ်ရှိသူဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ပါလက်စတိုင်းပြဿနာအား နိုင်ငံတကာက လစ်လျူရှုထားမှု ကာတာသမ္မတ ဝေဖန်

    ပါလက်စတိုင်းပြဿနာအား နိုင်ငံတကာက လစ်လျူရှုထားမှု ကာတာသမ္မတ ဝေဖန်

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    qatar

    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်မှုများ၊ ပါလက်စတိုင်းပြည်သူများအပေါ် ရမ်းကားနေမှုများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းက နှုတ်ဆိတ်နေမှုအပေါ် ကာတာနိုင်ငံ၏ သမ္မတ ရှိခ် တာမင် ဘင် ဟာမဒ် အလ်-သာနီက အင်္ဂါနေ့ ကုလညီလာခံတွင် ရှုတ်ချလိုက်သည်။

    “လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ နိုင်ငံတကာက လစ်လျူရှုထားတင်မကဘဲ နိုင်ငံတကာ မူဘောင်တွေကိုကျော်ပြီး ဆောင်ရွက်ဖို့ နည်းလမ်းတစ်ခုကို တစ်ချို့နိုင်ငံတွေက ရှာဖွေနေကြပါတယ်” ဟု အလ်-သာနီက ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုမှာ ဆယ်စုနှစ် ၇ ခု ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အဖြေမရှာနိုင်သေးကြောင်း၊ နိုင်ငံတကာ တရားဥပဒေအတွင်း အဖြေရှာရေးနှင့် အာရပ်ငြိမ်းချမ်းရေးစီမံကိန်းတို့ကိုလည်း အစ္စရေးက ငြင်းပယ်ကာ ပါလက်စတိုင်းပိုင်နက်များဖြစ်သော ဂျေရုဆလင်နှင့် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန် ရေရှည်စီမံကိန်းအဖြစ် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    အစ္စရေး၏ အဆိုပါ တရားမ၀င်အိမ်ယာများဆောက်လုပ်ခြင်းကို ရပ်တန့်ရန်အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမြောက်အများ ချခဲ့သော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်း မရှိပေ။

    အလ်-သာနီကမူ ကုလသမဂ္ဂ၏ တရားရေးနှင့် အသင်းအဖွဲ့စနစ်များ၏ အားနည်းမှုကို ရှေ့ဆက် လစ်လျူရှုထား၍ မရဟု ဆိုပြီး ပါလက်စတိုင်းပြဿနာ အဖြေမထွက်သ၍ အာရပ်နိုင်ငံများအနေဖြင့် အစ္စရေးနှင့် ဆက်ဆံရေးမလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref : IINA

  • တက္ကဆက်ရှိ တက္ကသိုလ်တစ်ခုတွင် အစ္စလာမ့် အသိပညာပေးအစီအစဉ် ပြုလုပ်

    တက္ကဆက်ရှိ တက္ကသိုလ်တစ်ခုတွင် အစ္စလာမ့် အသိပညာပေးအစီအစဉ် ပြုလုပ်

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    texax

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ Texas A&M တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ အစည်းအရုံးမှာ လူထုအတွင်း အစ္စလာမ့်အသိပညာပေး အစီအစဉ်တစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်သာသနာ: အမှန်တရားနှင့် ကောလဟာလ” ဟု အမည်ပေးထားသည့် အဆိုပါအစီအစဉ်မှာ အစ္စလာမ်နှင့် ပက်သက်သည့် အထင်မြင်လွဲမှားမှုများကို ပပျောက်စေရန်နှင့် အစ္စလာမ်သာသနာ၏ သက်ဝင်ယုံကြည်မှု အစစ်အမှန်ကို လူထုအား အသိပညာပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    အစီအစဉ်တွင် ဖိတ်ကြားခံရသူ ဒေါက်တာ အန်န၀ါရ် အဟ်မဒ်က အစ္စလာမ်သာသနာနှင့်ပက်သက်သည့် သက်ဝင်ယုံကြည်မှု၊ သမိုင်းကြောင်းများအပေါ် သုံးသပ်ပြောကြားမှုဖြင့် အခမ်းအနားကို စတင်ခဲ့သည်။

    ထို့နောက် အခက်အခဲများအား ကြိုးစားကျော်လွှားရန် ရည်ရွယ်သည့် ‘ဂျီဟတ်’ ဟူသည့်စကားလုံးအား မှားယွင်းအနက်ပြန်ကာ အသုံးချမှုအကြောင်း၊ အမေရိကန်တွင် မွတ်စလင်များက ရှရီအာဥပဒေများကို ပြဌာန်းစေချင်သည်ဆိုသည့် ကောလဟာလများအကြောင်း၊ အစ္စလာမ်က အမျိုးသမီးများအပေါ် ဖိနှိပ်သည်၊ နှိမ့်ချသည်ဟူသည့် အထင်အမြင်မှားမှုများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

    “အာဏာစက်တစ်ခုအတွင်းမှာ အခြား စည်းကမ်းဥပဒေ တစ်ခုခုကို ပြဌာန်းထားတာမျိုး မဖြစ်ရပါဘူး။ ရှရီအာဥပဒေက မွတ်စလင်တွေအနေနဲ့ ကိုယ်နေထိုင်ရာ နိုင်ငံတော်ရဲ့ ဥပေဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြဌာန်းထားပါတယ်။ ဒါပေမဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေမှာ အစ္စလာမ်ရဲ့ တရားစီရင်ရေးစနစ်နဲ့ ပြစ်ဒဏ်တွေကို ပြဌာန်းခွင့် မရှိပါဘူး” ဟု အဟ်မဒ်က ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် အစွန်းရောက်များက အစ္စလာမ်သာသနာအား ပုံဖျက်ကာ ရမ်းကားနေမှုများအကြောင်းနှင့် ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာနှင့် သက်ဆိုင်မှုမရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

    “အစွန်းရောက်အစ္စလာမ်ဆိုတာ မရှိပါဘူး။ အစွန်းရောက်သွားတာနဲ့ အစ္စလာမ်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ သူတို့ဟာ ပညာမဲ့တွေပါ”

    အစီအစဉ်ကို တက်ရောက်လာသည့် ပရိတ်သတ်များကမူ နောက်ပိုင်းတွင် အစ္စလာမ်နှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ပြီး အဟ်မဒ်က ပြန်လည်ဖြေကြားခဲ့သည်။

    Ref : IINA

  • အွန်လိုင်းမသမာမှုဖြင့် တရုတ်နိုင်ငံသားများကို ကမ္ဘောဒီးယား ပြည်နှင်ဒဏ်ပေး

    အွန်လိုင်းမသမာမှုဖြင့် တရုတ်နိုင်ငံသားများကို ကမ္ဘောဒီးယား ပြည်နှင်ဒဏ်ပေး

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    camb

    – ကမ္ဘောဒီးယားမှာ အွန်လိုင်းမှတဆင့် မသမာမှုများ ပြုလုပ်သည်ဟု သံသယရှိသော ထိုင်ဝမ်နိုင်ငံသား ၁၃ ဦးကို တရုတ်သို့ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ပေကျင်းရှိ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ထိုင်ဝမ်က ၎င်းတို့နိုင်ငံသားမျာကို တရုတ်ပြည်သို့ မပို့ဆောင်ရန် ကန့်ကွက်မှုအား ကမ္ဘောဒီးယားက လစ်လျူရှုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ၁၃ ဦးနှင့်အတူ တရုတ်နိုင်ငံသား ၅၀ ကိုလည်း ကမ္ဘောဒီးယားက ပြည်နှင်ဒဏ်ပေးခဲ့ပြီး၊ ၎င်းတို့အားလုံးကို အင်တာနက်နှင့် ဖုန်းလိုင်းအသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြင့် ကမ္ဘောဒီးယားရဲများက ဖနွမ်ပင်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ထိုလိမ်လည်မှုကြောင့် ကမ္ဘောဒီးယားပြည်သူများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ပြီး၊ အလိမ်ခံရသူအချို့မှာ မိမိကိုယ်ကို အဆုံးစီရင်သည်အထိပင် ရှိခဲ့သည်။

    တရုတ်နိုင်ငံနှင့် အရင်းနှီးဆုံး ဆွေမျိုးပေါက်ဖော်နိုင်ငံတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နိုင်ငံနှင့် တရားဝင်ဆက်ဆံရေး မရှိဘဲ ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ်သာ သတ်မှတ်ထားသည်။ တရုတ်ကလည်း ထိုင်ဝမ်ကို ခွဲထွက်နေသောပြည်နယ်တစ်ခုအဖြစ် မှတ်ယူထားသည်။

    ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေး ဌာနက ထိုသတင်းကို အတည်ပြုခဲ့ပြီး မိမိတို့အနေဖြင့် ထိုင်ဝမ်အား ထိုကိစ္စအတွက် အကြောင်းကြားခဲ့ခြင်းမရှိဟု ဆိုသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ကမ္ဘောဒီးယားမှာ တရုတ်လူမျိုး လူလိမ်ဂိုဏ်းများကို ဖြိုခွဲခဲ့ပြီး ၂၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ် ပေးခဲ့ပြီးဖြစ်သည်။

    Ref : Bangkokpost

  • ဂါဇာပြည်သူများ အိုးအိမ် ပြန်လည်ဆောက်လုပ်ရေး ကူဝိတ် ကူညီမည်

    ဂါဇာပြည်သူများ အိုးအိမ် ပြန်လည်ဆောက်လုပ်ရေး ကူဝိတ် ကူညီမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    – ၂၀၁၄ ခုနှစ်က ဂါဇာအား အစ္စရေး၏ လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း အိုးအိမ်များ ပျက်ဆီးသွားသည့် မိသားစု ၃၀၀ ကျော်ကို နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ကူဝိတ်ရှိ အကူအညီပေးရေးအဖွဲ့တစ်ခုမှ ငွေကြေးထောက်ပံ့ပေးမည်ဟု ပါလက်စတိုင်း ပြည်သူ့ရေးရာဝန်ကြီး မူဖီဒ် ဟာဆေနာဟ်က ပြောကြားခဲ့သည်။

    ယခုတစ်ပတ်အတွင်း ထုတ်ပြန်သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကူဝိတ်မှ ထောက်ပံ့မည့် အဆိုပါငွေများကို မိသားစု ၃၀၅ စုသို့ ဝေငှပေးသွားမည်ဖြစ်ကာ ၎င်းတို့၏ နေအိမ်များဆောက်လုပ်ရန် အကူအညီဖြစ်မည်ဟုလည်း ထပ်လောင်းပြောဆိုခဲ့သည်။

    ကူဝိတ်၏ ယခုထောက်ပံ့မှုမှာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်ဆီးသွားခဲ့သည့် ဂါဇာပြည်သူများ နေအိမ်ပြန်လည်ဆောက်လုပ်ရေးအတွက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။

    ပထမအကြိမ် ထောက်ပံ့မှုအတွင်း မိသားစု ၁၇၀၄ ဦး အကျိုးခံစားခဲ့ရပြီး ဟာဆေနဟ်ကမူ ကူဝိတ်၏ ထိုကဲ့သို့ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် နွေရာသီက ရက် ၅၀ နီးပါး ကြာမြင့်ခဲ့သည့် အစ္စရေး၏ ထိုတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကာ ကလေးငယ် ၅၀၀ ကျော်ပါဝင်သည်။ နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများ၊ အားကစားရုံများ၊ မသန်စွမ်းကုသရေးစင်တာများ အပါအ၀င် အဆောက်အဦး ထောင်နှင့်ချီ ပျက်ဆီးခဲ့သည်။

    Ref: IINA