News @ M-Media

Blog

  • အာဆီယံထိပ်သီးအစည်းဝေးတွင် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေးရန် ရှိနေ

    အာဆီယံထိပ်သီးအစည်းဝေးတွင် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေးရန် ရှိနေ

    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media

    daw su

    – လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့နှင့် သီးခြား တွေ့ဆုံရန်ရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စေရေး ဆွေးနွေးမည်ဟု သိရသည်။

    ယမန်နေ့က စတင်ခဲ့သည့် အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးသို့ အမေရိကန်၊ အိန္ဒိယတို့အပါအ၀င် ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ချို့မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။

    မြန်မာနိုင်ငံ၏ အာဆီယံဆိုင်ရာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကမူ အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးရန် မိမိတို့အား ဖိတ်ကြားထားသည်ဟု ဆိုသည်။

    ပြီးခဲ့သည့်လအတွင်း သမ္မတဦးထင်ကျော်မှာ အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယခု မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ဆုံမှုမှာ ထိုခရီးစဉ်၏ နောက်ဆက်တွဲလည်း ဖြစ်လာမည်ဖြစ်သည်။

    “နှစ်ဖက်တွေ့ဆုံမှုမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ပိုမိုကြီးမားတဲ့ ဆက်ဆံရေးဖြစ်စေဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” ဟု ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

    Ref: mmtimes

  • ဆီးရီးယားအစိုးရတပ်က အဲလစ်ပိုတွင် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်

    ဆီးရီးယားအစိုးရတပ်က အဲလစ်ပိုတွင် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်

    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media

    syria

    – ဆီးရီးယားနိုင်ငံတွင် သူပုန်များ ထိန်းချုပ်ထားသော အဲလစ်ပိုမြို့တွင် ကလိုရင်းဓာတ်ငွေ့ အသုံးပြုသည်ဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး အသက်ရှုကြပ်သည့်ဝေဒနာ ခံစားရသူ ဒါဇင်ပေါင်းများစွာ ရှိနေသည်ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူများနှင့် ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက ပြောကြားခဲ့သည်။

    မြို့အရှေ့ပိုင်းတွင် ယမန်နေ့က ဆီးရီးယားအစိုးရ၏ ရဟတ်ယာဉ်တစ်စင်းက ကလိုရင်းဓာတ်ငွေ့များပါဝင်သည့် ဗုံးများကို အရပ်သားများနေထိုင်ရာ နေရာများသို့ ကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ၁၀၀ ကျော် ရှိနေသည်။

    ကယ်ဆယ်ရေးလုပ်သားများကလည်း ဓာတ်ငွေ့ဗုံးများဖြစ်သည်ကို အတည်ပြုခဲ့ပြီး ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆီးရီးယား-အမေရိကန် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတို့က ဓာတ်ငွေ့ထိမိသည့် ကလေးငယ်များအား ရေဖြင့်လောင်းပေးကာ အောက်ဆီဂျင်မျက်နှာဖုံး တပ်ပေးရသည့် ဗီဒီယိုများ၊ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခဲ့သည်။

    ဆီးရီးယားရှိ အခြေအနေများကို နေ့စဉ် စောင့်ကြည့်နေသည့် ယူကေအခြေစိုက် ဆီးရီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့ကမူ ထိုတိုက်ခိုက်မှုအတွင်း လူ ၇၀ ကျော်မှာ အသက်ရှုကြပ်ဝေဒနာကို ခံစားခဲ့ရပြီး ကုသမှု ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာ့လုံခြုံမှုအရှိဆုံး ထိပ်တန်း ၃ နိုင်ငံတွင် ဆော်ဒီ ပါဝင်လာ

    ကမ္ဘာ့လုံခြုံမှုအရှိဆုံး ထိပ်တန်း ၃ နိုင်ငံတွင် ဆော်ဒီ ပါဝင်လာ

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    saudi 4

    – သဘာဝဘေးအန္တရာယ် နည်းပါးမှု၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အဦးများ ကောင်းမွန်ရေး အစိုးရ၏ စဉ်ဆက်မပြတ် အားထုတ်မှုများကြောင့် ကမ္ဘာ့ ဘေးကင်းလုံခြုံမှုအရှိဆုံး နိုင်ငံများစာရင်း၏ ထိပ်ဆုံးသုံးနိုင်ငံတွင် ဆော်ဒီအာရေဗျ ပါဝင်လာသည်ဟု သိရသည်။

    တိုကျိုအခြေစိုက် UN တက္ကသိုလ်၏ ပတ်ဝန်းကျင်နှင့် လူထုလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့သည့် စစ်တမ်းကောက်ယူမှု ရလဒ်တွင် ဖော်ပြထားခြင်းဖြစ်ပြီး မော်လ်တာနှင့် ကာတာနိုင်ငံတို့ပြီးနောက် ဆော်ဒီမှာ ကမ္ဘာပေါ်တွင် တတိယမြောက် ဘေးကင်းလုံခြုံမှုအရှိဆုံး တိုင်းပြည်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

    အမေရိကန်ကမူ ထိုစာရင်းတွင် အဆင့် ၄၅ သာ ချိတ်ခဲ့ပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံများမှာ ဗနူအာတူ၊ တွန်ဂါ၊ ဖိလစ်ပိုင်၊ ဂွာတီမာလာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ကြသည်။ အမေရိကန် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သည့် TakePart ကမူ မီးဘေး၊ ဆူနာမီနှင့် မြေငလျင်ကဲ့သို့သော် သဘာဝဘေးများက ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သည့် အချိုးအစားကို လျော့ကျစေသည်ဟု ဆိုသည်။

    UN တက္ကသိုလ်ရှိ သုတေသီများက နိုင်ငံပေါင်း ၁၇၁ နိုင်ငံတွင်ရှိသော သဘာဝဘေးများနှင့် ထိခိုက်ပျက်စီးမှုများကို လေ့လာခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမန်နေဂျာ Peter Myuk က ယင်းစစ်တမ်းမှာ ပတ်ဝန်းကျင်၊ သဘာဝနှင့် လူသားကဏ္ဍများသာမက နိုင်ငံများစွာရှိ အခြေခံအဆောက်အအုံများ၊ နိုင်ငံသားများအတွက် လုံခြုံမှုပေးနိုင်စွမ်းနှင့် အချို့ သဘာဝဘေးဖြစ်စဉ်များတွင် အစိုးရ၏ ကယ်ဆယ်ရေးအကူအညီ လျင်မြန်စွာ ပေးပို့နိုင်စွမ်းတို့အပေါ် လေ့လာဆန်းစစ်ချက်များ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    ပြည်သူများ ဘေးအန္တရာယ်ကင်းမှု အနိမ့်ဆုံးနိုင်ငံ ၁၅ ခုတွင် အာဖရိကတိုက်မှ ၁၃ နိုင်ငံ ပါဝင်နေသည်။ ချမ်းသာသော နိုင်ငံများမှာ အခြေခံအဆောက်အဦးများ ကောင်းမွန်မှု၊ စားနပ်ရိက္ခာ အများအပြား ထောက်ပံ့နိုင်မှု၊ ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်၊ မိလ္လာစနစ်၊ ရေပေးဝေမှုနှင့် ပြည်သူများလိုအပ်သော အခြားဝန်ဆောင်မှုများ ကောင်းမွန်ခြင်းတို့ကြောင့် ထိုစာရင်းတွင် မြင့်မားသောအဆင့်၌ ရှိနေကြသည်။

    Ref : IINA

  • ဆီးရီးယားဒုက္ခသည်များအား လက်ခံရန် ယူကေ အဆင်သင့်ဖြစ်နေ

    ဆီးရီးယားဒုက္ခသည်များအား လက်ခံရန် ယူကေ အဆင်သင့်ဖြစ်နေ

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    uk ref
    – လာမည့်လေးနှစ်အတွင်း ဆီးရီးယားဒုက္ခသည် ၂၀၀၀၀ ကို လက်ခံရန်အတွက် နေရာထိုင်ခင်းများ လုံလုံလောက်လောက် စီစဉ်ပေးထားသည်ဟု ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာရ် ရုဒ်က ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နေရာထိုင်ခင်းပေးရန် ဒေသအာဏာပိုင် ၁၁၈ ဦးကလည်း သဘောတူခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဆီးရီးယားဒုက္ခသည်တွေကို ကူညီမယ်ဆိုတဲ့ ကျွန်တော်တိုရဲ့ ကတိအတိုင်း ဆောင်ရွက်နေပါတယ်”

    ဒုက္ခသည်များအား လက်ခံရေး ကတိက၀တ်ကို ဖြည့်ဆည်းရန်အတွက် ဗြိတိန်အစိုးရမှာ “အားနည်းသူများအား ပြန်လည်နေရာချထားရေးအစီအစဉ်” ကို ရေးဆွဲထားပြီး ယင်းအစီအစဉ်အရ အစိုးရမှာ ဒုက္ခသည်များအား နေအိမ်အဆောက်အဦး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ရည်ရွယ်ချက်များအတွက် ပထမနှစ်တွင် တစ်ဦးလျှင် ပေါင် ၈၅၀၀ ထောက်ပံ့ပေးမည် ဖြစ်သည်။ ထိုထောက်ပံ့မှုကို နှစ်အလိုက် လျှော့ချသွားမည်ဖြစ်ပြီး ပဉ္စမမြောက်နှစ်တွင် ပေါင် ၁၀၀၀ သာ ရရှိမည်ဖြစ်သည်။

    ဒုက္ခသည်များ အင်္ဂလိပ်စာသင်ယူနိုင်ရန်အတွက် ဘာသာစကားသင်တန်းကြေးအဖြစ် ပေါင် ၁၀ သန်းကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Presstv

  • ကာ့ဒ်ဒေသ ပြန်တည်ဆောက်ရေး တူရကီက ကန်ဒေါ်လာ ၃.၄ ဘီလီယံ အသုံးပြုမည်

    ကာ့ဒ်ဒေသ ပြန်တည်ဆောက်ရေး တူရကီက ကန်ဒေါ်လာ ၃.၄ ဘီလီယံ အသုံးပြုမည်

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    kurdish

    – အတိုက်အခံများနှင့် အစိုးရတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ကာ ထိခိုက်ပျက်စီးခဲ့သော နိုင်ငံအရှေ့တောင်ပိုင်း ကာ့ဒ်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် တူရကီက လီရာ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၃.၄ ဘီလီယံ) သုံးစွဲသွားမည်ဟု ၀န်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

    တူရကီအစိုးရက မတရားအသင်းအဖြစ် ကြေငြာထားသည့် ကာ့ဒ်အလုပ်သမားများပါတီ (PKK) နှင့် အစိုးရတပ်အကြား နှစ်နှစ်ခွဲကြာခဲ့သည့် အပစ်ရပ်ရေး ပျက်ပြယ်သွားပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် တူရကီအရှေ့တောင်ပိုင်းဒေသတစ်ဝိုက် ပျက်ဆီးယိုယွင်းခဲ့သည်။

    စစ်ဆင်ရေးဆောင်ရွက်သည့် နေရာများတွင် အဆောက်အဦးပေါင်း ၆၀၀ ခန့် ပျက်ဆီးခဲ့သည်ဟု တူရကီအစိုးရက စောစာပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုတန်ဖိုးမှာ လီရာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၃၄၅ သန်း) ရှိမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ လီရာ ၁၀ ဘီလီယံအထိ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ PKK က ဖျက်ဆီးပစ်လိုက်တဲ့ အိမ်တွေအစား အိမ်လှလှလေးတွေ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ယီလ်ဒီရင်မ်က ကာ့ဒ်ဒေသမြို့တော် ဒီယာဘာကီရ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၇ ခု၌ ငွေကြေးများ သုံးစွဲသွားမည်ဖြစ်ပြီး အိမ်များ၊ ဗလီများနှင့် ဆေးရုံများ တည်ဆောက်ပေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားကြားခဲ့သည်။

    Ref : IINA