News @ M-Media

Blog

  • ယူအေအီး ပရဟိတအဖွဲ့သို့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲ ဒေါ်လာတစ်သန်းဖိုး လှူဒါန်း

    ယူအေအီး ပရဟိတအဖွဲ့သို့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲ ဒေါ်လာတစ်သန်းဖိုး လှူဒါန်း

    စက်တင်ဘာ ၃၊ ၂၀၁၆
    M-Media

    microsoft

    – အာရဗ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ပညာရေးနှင့် သုတေသနတို့မှတစ်ဆင့် လူ့အသက်များကို ကယ်တင်နေသည့် ‘အလ်-ဂျလီလာဖောင်ဒေးရှင်း’ သို့ မိုက်ခရို ဆော့ဖ်ကုမ္ပဏီက ဆော့ဖ်ဝဲ ကန်ဒေါ်လာတစ်သန်းဖိုး လှူဒါန်းခဲ့သည်ဟု သိရသည်။

    ယခုတစ်ပတ်အတွင်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအတွက် အထောက်အကူဖြစ်စေရန် ဖြစ်သည်။

    အဆိုပါအလှူငွေမှာ လူ့အဖွဲ့အစည်းနှင့် အသက်မွေးဝမ်းကြောင်းဘ၀များ တိုးတက်စေရေး ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသောအဖွဲ့များအတွက် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ လှူဒါန်းမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အလ်-ဂျလီလာဖောင်ေးရှင်းမှာ ၎င်းတို့၏ IT လုပ်ငန်းနှင့်ပတ်သက်၍ နောက်ဆုံးပေါ် နည်းပညာများကို အသုံပြုချင်နေပြီး မိုက်ခရိုဆော့ဖ်ကလည်း ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

    “နည်းပညာဆိုတာ တီထွင်ဖန်တီးမှုအတွက် အဓိကမောင်းနှင်အားပါပဲ။ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီနဲ့ မိတ်ဖွဲ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ၀မ်းသာပျော်ရွှင်မိပါတယ်။ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မိုက်ခရိုဆော့ဖ်လို ကမ္ဘာ့ကုမ္ပဏီကြီးနဲ့ ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူမိပါတယ်” ဟု အလ်-ဂျလီလာဖောင်ဒေးရှင်း၏ အမှုဆောင်ချုပ် အလ်-အိုလာမာက ပြောကြားခဲ့သည်။

    မိုက်ခရိုဆော့ဖ်၏ ငွေကြေးလှူဒါန်းရေးအစီအစဉ်မှာ ကုမ္ပဏီတည်ထောင်ခဲ့သည့် ၁၉၉၈ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း၌ ပရဟိတအဖွဲ့အစည်းများကို ကန်ဒေါ်လာ ၃.၉ ဘီလီယံတန်ဖိုးရှိ ဆော့ဖ်ဝဲများ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

    Ref : IINA

  • လွတ်လပ်သော အာရပ်ကုန်သွယ်ရေးဇုန် တည်ထောင်ရန် ရှိနေ

    လွတ်လပ်သော အာရပ်ကုန်သွယ်ရေးဇုန် တည်ထောင်ရန် ရှိနေ

    စက်တင်ဘာ ၃၊ ၂၀၁၆
    M-Media

    grand arab

    – အာရလိဂ်၏ စီးပွားရေးနှင့် လူမှုရေးကောင်စီမှ ကြီးတန်းများအရာရှိများ ပါဝင်သည့် ၉၈ ကြိမ်မြောက် အစည်းအဝေးပွဲကို ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့ပြီး ‘လွတ်လပ်သော အာရပ်ကုန်သွယ်ရေးဇုန်ကြီး’ တစ်ခု တည်ထောင်ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အာရပ်လိဂ်၏ စီးပွားရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူး မိုဟာမက် အီဘရာဟင် အလ်-တူဝေဂ်ျရီက ထိုအစည်းအဝေးတွင် အာရပ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းလုပ်ငန်းစီမံချက်နှင့် သက်ဆိုင်သည့် ကိစ္စ ၁၈ ခုကို ဆွေးနွေးခဲ့ပြီး ထိုအထဲတွင် လွတ်လပ်သော စီးပွားရေးဇုန်တစ်ခု ထူထောင်ရေး၊ အာရပ်နိုင်ငံများ အကောက်ခွန်သမဂ္ဂ တည်ထောင်ရေး လိုအပ်ချက်များ၊ အာရပ်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးရေး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ရီယာဒ့်မြို့၌ ကျင်းပခဲ့သည့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံတွင် ဆုံးဖြတ်ထားသည်များကို အကောင်အထည်ဖော်ရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ပြာကြားခဲ့သည်။

    အာရပ်ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ အသးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အာရုံစိုက် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ဖွယ်ရှိသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်လည် အလ်-တူဝေဂ်ျရီက အဓိကထား ပြောကြားခဲ့သည်။

    အစည်းအဝေးတွင် တာဝန်ရှိသူများမှာ လက်တင်အမေရိက၊ အာဖရိကတို့နှင့် ရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ၄ ကြိမ်မြောက် အာရပ်-အာဖရိက အစည်းအဝေးကိုလည်း လာမည့်နိုဝင်ဘာလတွင် ဂီနီနိုင်ငံရှိ မာလာဘိုမြို့တွင် ကျင်းပရန်ရှိနေပြီး ကုန်သွယ်ရေး၊ ပို့ဆောင်ရေနှင့် အခြားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

    Ref; IINA

  • ဘထ္တရီပြဿနာကြောင့် Note 7 ရောင်းချမှု ဆမ်ဆောင်း ရပ်တန့်

    ဘထ္တရီပြဿနာကြောင့် Note 7 ရောင်းချမှု ဆမ်ဆောင်း ရပ်တန့်

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    samsaung

    – အားသွင်းနေစဉ် ဘတ္ထရီ ပေါက်ကွဲမှုများဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် Galaxy Note 7 ရောင်းချမှုကို ရပ်တန့်ထားလိုက်ပြီဟု ဆမ်ဆောင်း မိုဘိုင်းဖုန်း စီးပွားရေးလုပ်ငန်း ဥက္ကဌ ခိုဒွန်ဂျင်က ယနေ့တွင် ကြေငြာလိုက်သည်။

    ဆမ်ဆောင်း၏ နောက်ဆုံးထွက် Galaxy Note 7 ရောင်းချမှုမှာ ၂ ပတ်သာ ရှိသေးပြီး ၀ယ်ယူသွားသူအချို့က ဖုန်းများမှာ အားသွင်းနေစဉ်၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းတို့ဖြစ်သည်ဟု စောဒကတက်မှုများ ရှိလာပြီးနောက် ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်သည်

    ထို့ပြင် Note 7 ၀ယ်ယူထားသူများအနေဖြင့် မည်သည့်နေ့တွင် ၀ယ်ယူထားသူမဆို အခြား စမတ်ဖုန်းအသစ်များနှင့် လဲပေးမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ စတင်ဖြန့်ချီကတည်းက ယခုအချိန်အထိ Note 7 အရေအတွက် ၁ သန်းကျော်ကို ရောင်းချထားရသည်ဟု ဆိုသည်။

    Ref : Aljazeera

  • NVC ကဒ် ယူ/မယူ လတ်တလော မဆုံးဖြတ်ဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အသိပေး

    NVC ကဒ် ယူ/မယူ လတ်တလော မဆုံးဖြတ်ဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အသိပေး

    စက်တင်ဘာ ၂ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .14199378_617240595106572_176489419677379045_n
    မှတ်ပုံတင်မရှိသေးတဲ့ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ကို “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား”(Identity Card for National Verification)ကဒ် ထုတ်ပေးနေတာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အသိပေးကြေညာချက် တစောင်ကို ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြလိုက်ပါတယ်။
    .
    ပြည်မက မွတ်စလင်မ်တွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးမည့် အစား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား”(Identity Card for National Verification)ကဒ် ထုတ်ယူဖို့ အစ္စလာမ်ဘာသာဝင် အများစုရှိရာ မြို့နယ်ရပ်ကွက်များတွင် အစိုးရ လ.၀.က အရာရှိများ၏ ဆွေးနွေးစည်းရုံးမှုများ ယခု လပိုင်းမှာ ဖြစ်ပေါ်နေတာပါ။
    .
    ဒီ NVC ကဒ်ကိစ္စ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အစ္စလာမ်ဘာသာေ၇း အဖွဲ့ကြီး ညှိုနှိုင်းဆွေးနွေးပြီး ရလဒ်ထွက်ပေါ်ပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ အစ္စလာမ်ဘာသာဝင်တွေကို ကြေညာချက်မှာ အသိပေးထားပါတယ်။

    NVC ကဒ်နှင့်ပတ်သက်ပြီး အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ယခုလ အတွင်းဆွေးနွေးသွားဖို့ ရှိကြောင်း ကြားသိရပါတယ်။

    Identity Card for National Verification

  • ရေပေးဝေမှုစနစ် – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၅)

    ရေပေးဝေမှုစနစ် – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၅)

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    syria
    ဆီးရီးယားနိုင်ငံ ဟာမာမြို့မှ နိုရီယက်စ်တစ်ခု

    – ယနေ့ခေတ်မှာ ရေပေးဝေမှုစနစ် မရှိဘူးဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ဟာ မလွယ်ကူပါဘူး။ သင်ဟာ မြစ် ဒါမှမဟုတ် ရေတွင်းကနေ ရေခပ်ဖို့အတွက် မိုင်းပေါင်းများစွာ သွားရမယ်။ ရေစီးတဲ့နေရာဟာ ဝေးနေတယ်ဆိုရင် အဲဒီကရေကို ဘယ်လို ပုံးထဲ ထည့်ရမလဲဆိုကာ သေချာ စဉ်းစားရပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က မွတ်စလင်တွေဟာ ရေတင်စက်တွေ၊ ရေစုပ်စက်တွေလို ဆန်းသစ်ပြီး အင်မတန်အသုံးဝင်တဲ့ ကိရိယာတွေကို တီထွင်ကာ ဒီအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။

    အဲဒီမွတ်စလင်တွေဟာ ရေစီးကြောင်း ရှာဖို့၊ လမ်းကြောင်းလွှဲဖို့၊ ရေသိုလှောင်ဖို့၊ ရေစုပ်တင်ဖို့အတွက် နည်းလမ်းအသစ်တွေကို တီထွင်ကြံဆခဲ့ကြပြီး သူတို့ ကိုယ်ပိုင် အသိပညာတွေ၊ တစ်ခြား လူ့အဖွဲ့အစည်းတွေက သိရှိထားတဲ့ အသိပညာတွေကနေ ရရှိလာတဲ့ ကိရိယာတွေကို ထူးကဲစွာ ပေါင်းစပ်အသုံးချခဲ့ကြပါတယ်။

    ရှဒွဖ်နဲ့ နိုရီယက်စ်

    shadoof1
    ရှဒွဖ်

    ရှေးဟောင်းအီဂျစ်တွေမှာ ‘ရှဒွဖ်’ (Shadoof) လို့ခေါ်တဲ့ ရေခပ်ကိရိယာတစ်ခု ရှိခဲ့ပါတယ်။ အဲဒီကိရိယာဟာ ရှည်လျားတဲ့ တုတ်တံကို အလည်မှာ ၀င်ရိုးဖောက်ကာ တိုင်တစ်ခုနဲ့ချည်ထားပြီး ထိပ်မှာ ရေပုံးကိုချိတ်ကာ မြစ်ထဲကရေကို ခပ်ယူရတဲ့ သာမန်ကိရိယာလေးဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတော့ အင်မတန် အသုံးဝင်ခဲ့ပါတယ်။ အဲဒီတုတ်တံရဲ့ နောက်ဆုံးမှာ အလေးတစ်ခုကို တပ်ဆင်ထားပြီး ရေခတ်ချင်တဲ့အခါ ရေပုံကြိုးကိုဆွဲကာ မြစ်ထဲကို နှစ်ခပ်ရကာ ဆွဲတင်တဲ့အခါမှာတော့ နောက်က အလေးကြောင့် လူမပင်ပန်းတော့ပါဘူး။ ဒီကိရိယာလေးကို အခုအချိန်အထိ အီဂျစ်မှာ အသုံးပြုနေဆဲပါပဲ။

    ‘နိုရီယက်စ်’ (norias) လို့ခေါ်တဲ့ ရေဘီးတွေကတော့ တသွင်သွင်းစီးနေတဲ့ ရေစီးကြောင်းက ရေကို ကုန်းမြင့်ဆီ ခပ်တင်တာဖြစ်ပြီး ဘီစီ ၁၀၀ လောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ ရောမ စာရေးဆရာ၊ ဗိသုကာပညာရှင်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဗီထရူဗီးယက်စ် (Vitruvius) က ဒီရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ရေဘီးတွေအကြောင်းကို တစ်ခုတ်တရ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ ရေဘီးတွေမှာ ရေစီးအားနဲ့လည်ဖို့ ဒလက်တွေတပ်ထားပြီး၊ ဘေးမှာ (တစ်ချို့ရေဘီးတွေမှာ ဒလက် ၂ ခုကြားမှာ) ရေပုံး ဒါမှမဟုတ် ရေခွက်တွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဘီးနဲ့အတူလိုက်လည်တဲ့ ပုံးတွေဟာ ရေစီးကြောင်းထဲရောက်ပြီး အပေါ်ကို ပြန်တက်တဲ့အခါမှာတော့ ရေတွေ ပါသွားခဲ့ပြီး အပေါ်ရောက်တဲ့အခါမှာ ရေသွယ်မြောင်းနဲ့ဆက်ထားတဲ့ တိုင်ကီကြီးထဲကို ရေသွန်ချလိုက်ပါတော့တယ်။ ရောမနဲ့ ပါးရှားတွေ အသုံးပြုခဲ့တဲ့ ဒီရေဘီးတွေကို မွတ်စလင်တွေက ပြန်လည် ဆန်းသစ်ခဲ့တာပါ။

    ၇ ရာစုနှောင်ပိုင်းက အီရတ်နိုင်ငံ ဘာဆရာမြို့မှာ တူးဖော်ခဲ့တဲ့ တူးမြောင်းတစ်ခုမှာ တပ်ဆင်အသုံးပြုခဲ့တဲ့ ရေဘီးကတော့ မွတ်စလင်တွေ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ‘နိုရီယက်စ်’ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီးရီးယားက ဟာမာမြို့ အိုရွန်တက်စ် မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ နိုရီယက်စ်ကြီးကလည်း အသုံးမပြုတာ ကြာပြီဖြစ်ပေမယ့် အခုအချိန်အထိ တည်ရှိနေပါတယ်။ အဲဒီနိုရီယက်စ်ကို ရေဘီးအကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အကြီးဆုံးဘီးကြီးကတော့ အချင်း မီတာ ၂၀ (၆၅.၅ ပေ) ရှိပြီး ဒလက်နဲ့ ခွက်ပေါင်း ၁၂၀ ပါဝင်ပါတယ်။ စပိန်နိုင်ငံ မာစီယာ (Murcia) ဒေသမှာရှိတဲ့ ‘လာနိုရာ’ (Lanora) ရေဘီးကြီးကတော့ လက်ရှိအချိန်အထိ အသုံးပြုနေပေမယ့် မူလသစ်သားဘီးတွေနေရာမှာ သံဘီးတွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခုတည်းသာ ပြောင်းလဲထားပေမယ့် တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေကတော့ မူးရစ်ရှ်မွတ်စလင်တွေလက်ထက်တည်းက တပ်ဆင်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီလို နိုရီယက်စ်တွေ မြောက်များစွာရှိပြီး တစ်ခါတစ်ရံမှာ ခေတ်ပေါ် ရေစုပ်စက်တွေနဲ့ ယှဉ်လို့ရတဲ့ အနေအထားအထိ ရှိနေပါတယ်။

    norias
    နိုရီယက်စ်

    မွတ်စလင်ပညာရှင်ကြီး ၂ ဦး

    al din
    တာကီ အလ်-ဒင်

    ရေစီးအားနဲ့ တိရစ္ဆာန်တို့ကို အသုံးပြုတာဟာ အလုပ်ပိုတွင်စေတယ်လို့ ရှေးခေတ် မွတ်စလင် နည်းပညာသမားတွေက သိရှိခဲ့ကြပါတယ်။ အဲဒီ မွတ်စလင် နည်းပညာရှင်တွေထဲက အကြီးကျယ်ဆုံး ပညာရှင်နှစ်ဦးကတော့ အလ်-ဂျာဇာရီ (Al-Jazari) နဲ့ တာကွီ အလ်-ဒင် (Taqi al-Din) တို့ဖြစ်ပါတယ်။ ဒီပညာရှင်ကြီး နှစ်ဦးစလုံးဟာ စူးစမ်းဖော်ထုတ်မှု များစွာကို ပြုလုပ်ခဲ့ပြီး၊ လက်ဖျားခါလောက်တဲ့ စက်ကိရိယာတွေကိုလည်း တီထွင်ခဲ့ပါတယ်။ အဲဒီ စက်ကိရိယာတွေဟာ ယနေ့လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်အရေးပါတဲ့ အလိုအလျောက် စက်ပစ္စည်းတွေကို ပေါ်ပေါက်လာပို့ မျိုးစေ့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။

    အလ်ဂျာဇာရီဟာ ၁၃ ရာစုနှောင်းပိုင်းနဲ့ ၁၃ ရာစုအစောပိုင်းမှာ တူရကီနိုင်ငံတောင်ပိုင်းမှာ နေထိုင်ခဲ့တာဖြစ်ပြီး ၁၁၈၀ ပြည့်နှစ်မှာ အာတူကစ်မင်းဆက် (Artuquid) က ဘုရင် ဒီယာဘာကီရ် (Diarbakir) ရဲ့ မြှောက်စားခြင်းကို ခံခဲ့ရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ အလ်-ဂျာဇာရီဟာ လက်ချောင်းတစ်ချောင်း လှုပ်စရာမလိုဘဲနဲ့ ရေပမာဏအမြောက်အများ စုပ်တင်နိုင်မယ့် ကိရိယာတစ်ခု တီထွင်ဖို့ဆိုတဲ့ အကြံအစည်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ သူဟာ  ဂေါက်တံ (crank) အသုံးပြုမှုကို ပထမဆုံး တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန် ရွေ့လျားမှုကနေ အထက်အောက် ရွေ့ချားတဲ့စနစ်ကို ပြောင်းပေးတာကြောင့် ဒီဂေါက်တံဟာ စက်ကိရိယာနယ်ပယ်မှာ အရေးပါတဲ့ တီထွင်မှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ အဲဒီဂေါက်တံအသုံးပြု လည်ပတ်တဲ့စနစ်ကို ကလေးငယ်တွေ ကစားတဲ့ အရုပ်တွေကနေ ကားအင်ဂျင်တွေ၊ ယန္တရားကြီးတွေအထိ နေရာပေါင်းစုံမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

    Slider-crank စနစ်သုံး ရေတင်ကိယာ

    အလ်ဂျာဇာရီဟာ ရေလွှတ်မြောင်းတစ်ခုပါဝင်ပြီး တိရစ္ဆာန်ကိုအသုံးပြုလည်ပတ်တဲ့ ရေတင်ကိရိယာ တစ်ခုကို တီထွင်အသုံးပြုခဲ့ပါတယ်။ အဲဒီကိရိယာဟာ ဂီယာတွေနဲ့ ဂေါက်တံတစ်ခု စတာတွေ ပါဝင်တဲ့ ဆန်းပြားတဲ့ စနစ်တစ်ခုနဲ့ အထက်အောက်လည်ပတ်တာဖြစ်ပြီး ဒီစနစ်ကို slider-crank လို့ခေါ်ပါတယ်။ အဲဒီစက်မျိုးဟာ ဥရောပတိုက်မှာ အင်ဂျင်နီယာပညာရပ် တော်လှန်ပြောင်းလဲတဲ့ ကာလဖြစ်တဲ့ ၁၅ ရာစုနှစ်အထိ မပေါ်ထွက်ခဲ့ပါဘူး။

    slider crank
    Slider-crank စနစ်သုံး ရေတင်ကိယာ

     ရေစုပ်ပန့်များ

    အလ်ဂျာဇာရီဟာ ရေတင်စက်ကိရိယာ ၅ ခုကို တီထွင်ခဲ့ပြီး အဲဒီထဲကနှစ်ခုက ရှေးခေတ်အီဂျစ်တွေ အသုံးပြုခဲ့တဲ့ ရှဒွဖ်ကို အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဒီရှဒွဖ်တစ်ခုကို ဂီယာတွေနဲ့ အစားထိုးခဲ့ပြီး တိရစ္ဆာန်အား၊ ရေအားနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ ဂေါက်တံသုံးရှက်ဖ် (crank shaft) ကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ အလ်ဂျာဇာရီရဲ့ နောက်ထပ် အခြေခံကြပြီး အရေးပါတဲ့ တီထွင်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရေအားသုံး ရေစုပ်ပန့်ဖြစ်ပြီး စက်သွား၊ ကြေးပစ်စတင်၊ စုပ်ခွက်၊ ရေဖြန့်ပိုက်နဲ့ တစ်ဖက်သွား အဆို့ရှင်တွေနဲ့ ပေါင်းစပ်တီထွင်ထားတာဖြစ်ပြီး (Reciprocating Pump) လို့ခေါ်ပါတယ်။ လယ်ယာစိုက်ပျိုရေး ကဏ္ဍမှာ ရေပေးဝေတာနဲ့ မိလ္လာစနစ်တွေမှာ အသုံးပြုတဲ့ အဲဒီရေပန့်ဟာ ရေကိုစုပ်ကာ ၁၂ မီတာ (၃၉.၄ပေ) အမြင့်မှာရှိတဲ့ ရေပေးဝေမှုစနစ်အထိ တင်ပေးနိုင်ပါတယ်။ ဒီရေစုပ်စက်ဟာ တစ်ဖက်မှာရှိ ပစ်စတင်တစ်ခုနဲ့ ရေတင်ပြီး နောက်တစ်မှာရှိတဲ့ ပစ်စတင်တစ်ခုနဲ့ ရေဖြန့်ဝေပေးတဲ့ ဆောက်ရွက်ချက်နှစ်ခုသုံး နိယာမရဲ့ ရှေးအကျဆုံး နမူနာတစ်ခု ဖြစ်ခဲ့ပြီး အလ်ဂျာဇာရီက ပစ်စတင်နှစ်ခုကို အသေထားကာ တစ်ဖက်သွား အဆို့ရှင်တွေနဲ့ ဒီရေစုပ်ပန့်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါတယ်။

    ပစ်စတင်တွေ ရှေ့တိုးနောက်ငင် လှုပ်ရှားပြီး လည်ပတ်တဲ့ အဲဒီရေစုပ်စက်ရဲ့ အသုံးပြုပုံကတော့ ရေအားအသုံးပြု ဆန်ကြိတ်စက်လိုပါပဲ။ ဒီရေပန့်ကို ရေစီးသန်တဲ့ မြစ်ဘေးမှာ တည်ဆောက်ပြီး စက်ရဲ့ ဒလက်တစ်ဝက်လောက်ကို ရေစီးလမ်းကြောင်းမှာ နှစ်မြှုပ်ထားပါတယ်။ ဒလက်ရဲ့ တစ်ဖက်ချက်စီမှာ ရေ၀င်ပိုက် နှစ်ခုကို ထားရှိပြီး အလယ်မှာ ပစ်စတင် နှစ်ခုနဲ့ ဆက်ထားပါတယ်။ ဒလက်နဲ့ဆက်ထားတဲ့ စက်သွားက ရေစုပ်စက်ရဲ့အတွင်းပိုင်း ဂီယာလုပ်ငန်းစဉ်ကို မောင်းနှင်ပေးကာ လီဗာအတံရဲ့ လှုပ်ရှားမှုကတစ်ဆင့် ပစ်စတင် ရှေ့တိုးနောက်ငင်ဖြစ်ကာ ရေစုပ်တဲ့လုပ်ငန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။

    rc pump 2
    အလ်-ဂျာရီ၏ Reciprocating Pump ဒီဇိုင်း လက်ရေးမူ (၀ဲ) နှင့် 3D ပုံစံငယ် (ယာ)

    ဒီစနစ်မှာ ရေ၀င်ပိုက်နဲ့ ရေထွက်ပိုက်မှ အဆို့ရှင်နှစ်ခုရှိပြီး ရေစုပ်တာ ပိုက်တွေကနေ ရေပြန်ထုတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ရေ၀င်ပိုက်ဟာ ရေထဲမှာမြုပ်နေပြီး တစ်ဖက်က ပစ်စတင်ဟာ စလင်ဒါအတွင်း ရွေလျားတဲ့အခါ ရေကို စုပ်ပြီး တစ်ဖက်ရေထွက်ပိုက်အဆို့ရှင်ကတော့ အဲဒီအချိန်မှာ ပိတ်လျက်သာ ရှိနေပါတယ်။

    ပစ်စတင်က ဆန့်ကျင်ဘက်ကို ပြန်ရွေ့သွားတဲ့အခါမှာတော့  အ၀င်ပိုက် အဆို့ရှင်ဟာ ပိတ်သွားပြီး စလင်ဒါထဲကရေတွေဟာ အထွက်အဆို့ရှင်ကို ဖြတ်ပြီး အ၀င်ပိုက်ထက် သေးတဲ့ အထွက်ပိုက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ခြားတစ်ဖက်ကတော့ အထွက်အဆို့ရှင်ပိတ်ကာ ရေကို စုပ်ယူလိုက်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ရေစုပ်လိုက်တိုင်းမှာ တစ်လှည့်စီ ဖြစ်နေတာဖြစ်ပြီး တစ်ဖက်က တွန်းတဲ့အခါ တစ်ဖက်က ဆွဲတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ရေထဲမှာနှစ်ထားတဲ့ ဒလက်က တစ်ပတ်လည်တိုင်းမှာ ရေကိုနှစ်ကြိမ် စုပ်ယူနိုင်ပြီး ရေစီးနေသမျှ ကာလပတ်လုံး ဒီရေစုပ်ပန့်ဟာ လည်ပတ်နေမှာဖြစ်ပါတယ်။

    စလင်ဒါ ၆ ခုပါ ရေစုပ်စက်

    six cylinder pump 2
    တာကီ အလ်-ဒင်၏ ဆလင်ဒါ ၆ ခုပါ ရေစီးအားသုံး ရေစုပ်စက် ပုံတူ

    နောက်ထပ် နည်းပညာခုန်ပျံကျော်လွှားခဲ့သူကတော့ ၁၆ ရာစု အော်တိုမန် အင်ဂျင်နီယာဖြစ်တဲ့ တာကီ အလ်-ဒင် (Taqi Al-Din) ပါပဲ။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်အကြောင်း ဖော်ပြထားတဲ့ The Sublime Methods of Spiritual Machines (စိတ်ကူးယဉ် စက်ပစ္စည်းများအတွက် အံ့သြစရာ နည်းလမ်းများ) စာအုပ်ကို ရေးသားခဲ့သူ အလ်-ဒင်ဟာ သူ့ရဲ့ အဲဒီစာအုပ်ထဲမှာ ရေစုပ်စက်တွေအကြောင်း ရေးသားထားပြီး၊ ရေနွေးငွေ့ရဲ့ အသုံဝင်မှုကို မသိရှိခင် နှစ်ပေါင်း ၁၀၀ နီးပါးလောက်ကတည်းက အဲဒီစာအုပ်မှာ ရေနွေးငွေ့အင်ဂျင်တွေရဲ့ အခြေခံကို အလ်-ဒင်က ဆွေးနွေးခဲ့တာပါ။

    သူ့ရဲ့ စလင်ဒါခြောက်ခုပါဝင်တဲ့ ရေစုပ်စက်ဟာ စက္ကုထုတ်လုပ်မှု၊ သတ္တုထုတ်လုပ်မှု သမိုင်းတွေကို လေ့လာရာမှာ ချန်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီရေစုပ်စက်မှာ သူ အသုံးပြုခဲ့တဲ့ ပစ်စတင်ဟာ ပိုင်ရိုက်တံတွေနဲ့ အသွင်သဏ္ဍာန်တူပြီး စာရွက်ထုတ်ဖို့ ပျော့ဖတ်လုပ်တဲ့နေရာ၊ ပန်းပဲထုတဲ့နေတွေမှာ အသုံးပြုနိုင်တာကြောင့် ဖြစ်ပါတယ်။

    သူ့ရဲ့ အဲဒီစာအုပ်မှာ တာကီ အလ်-ဒင်ဟာ ရေပန့်တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ စလင်ဒါ ၆ ခုပါဝင်တဲ့ ရေစုပ်စက်ဟာ ရေစီးအားသုံး စက်ပစ္စည်းတစ်ခုဖြစ်ပြီး ရေစီးနဲ့လည်တဲ့ ၀င်ရိုးတံကို အထက်အောက်လှုပ်ရှားနိုင်တဲ့ အခြား ၀င်ရိုးရှည် ၆ ခုနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီဝင်ရိုးရှည်ရဲ့ ထိပ်တစ်ဖက်မှာ ပစ်စတင်တပ်ထားပြီး အလယ်မှာတော့ ၀င်ရိုး(pivot) ဖေါက်က တပ်ဆင်ထားပါတယ် ပစ်စတင်ရှိတဲ့ ဆလင်ဒါရဲ့ ထိပ်မှာတော့ ခဲအလေးတစ်ခုကို တပ်ထားပြီး အဲဒီအလေးက ပစ်စတင် အပေါ်တက်သွားတဲ့အခါ အောက်ကျအောင် ဆောင်ရွက်ပေးတာပါ။

    ပစ်စတင်ရှိတဲ့ စလင်ဒါအတွင်းပိုင်းမှာ လေဟာနယ်ဖြစ်ကာ ပစ်စတင် အပေါ်တက်တဲ့အခါတိုင်း  ရေဟာ အ၀င်ပိုက်ရဲ့ အဆို့ရှင်ကိုဖြတ်ပြီး ပါလာပါတယ် ဆလင်ဒါပေါ်မှာတပ်ထားတဲ့ ခဲအလေးကြောင့် ပစ်စတင်ဟာ အလိုလို ပြန်ကျသွားအခါ ရေ၀င်ပိုက်ထိပ်က အဆို့ရှင်လေးဟာ ပိတ်သွားခဲ့ပြီး ရေထွက်ပိုက် အဆို့ရှင်က ပွင့်သွားတာကြောင့် ရေဟာ ရေထွက်ပိုက်ထဲ ရောက်သွားခဲ့ပါတယ်။ ဒီစက်ရဲ့ အလှတရားကတော့ ချိန်ကိုက်ဖြစ်မှုနဲ့ ပစ်စတင်တွေရဲ့ အစဉ်လိုက်လှုပ်ရှားမှုကို ထိန်းချုပ်တာဖြစ်ပါတယ်။

    လူတွေဟာ စက်ပစ္စည်းတွေအပေါ်မှာ မှီခိုလို့ မရသေးတဲ့အချိန်၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကားတွေ၊ စက်ဘီးတွေ၊ လျှပ်စစ်ပန့်တွေ မရှိသေးတဲ့အချိန်မှာ ဒီတီထွင်ဖန်တီးမှုက လူ့အဖွဲ့အစည်းအဆင့်အတန်းကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီစက်ပစ္စည်းတွေကို အမြောက်အများ မထုတ်လုပ်နိုင်ခဲ့ပေမယ့် မြို့တော်တော်များများမှာ ရေစုပ်စက်တွေ တပ်ဆင်လာနိုင်ခဲ့ပါတယ်။ လူတွေဟာ ရေပုံးနဲ့ မြစ်တွေ၊ ချောင်းတွေမှာ ရေခပ်စရာ မလိုတော့သလို့ ရှဒွဖ်မှာလည်း သွားတန်းစီစရာ မလိုတော့ပါဘူး။ ရေအားကို အသုံးပြုတဲ့ ရေစုပ်စက်တွေ၊ ရေသွယ်မြောင်းတွေကနေ တစ်ဆင့် ခပ်ရုံပါပဲ။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)