News @ M-Media
Blog
  • ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်
    ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်
    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media
    umbrella 3
    – ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ ရောက်ရှိလာမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေလွယ်ကူစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဘက်စုံသုံး ထီးတစ်ခုကို ဆော်ဒီ-ပါလက်စတိုင်း နည်းပညာကုမ္ပဏီက တီထွင်ခဲ့သည်။
    Knowledge-Base ကုမ္ပဏီဖြစ်ပြီး အဆိုပါ ထီးကို Kafya ဟု အမည်ပေးထားကာ ဓာတ်မီး၊ ပန်ကာနှင့် GPS စနစ်တို့ကို ထီးအရိုးတွင် တပ်ဆင်ထားသည်။ ထီးအရွက်ပေါ်ရှိ ဆိုလာဆဲလ်များက နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းပေးကာ ထီးတွင်တပ်ဆင်ထားသည့် ထိုစနစ်များအတွက် စွမ်းအင်ပေးမည်ဖြစ်သည်။
    ထို့ပြင် ဖုန်းများ၊ တက်ဘလက်များကို အားသွင်းနိုင်ရန်အတွက် USB အပေါက်များလည်း ထီးအရိုးတွင် ထည့်သွင်းထားသည်ဟု ထီထွင်သူ မာနဲလ် ဒန်ဒစ်က ပြောကြားခဲ့သည်။
    ဟဂ်ျကျင့်စဉ်တွင် မက္ကာဟ်နှင့် မဒီနာမြို့ရှိ ဒေသအများအပြားသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းမှုများ၊ ကျင့်စဉ်များကို ပြုလုပ်ရခြင်းကြောင့် အပူချိန်ပြင်းထန်သည့် ထိုဒေသတွင် ဘက်စုံသုံးနိုင်သည့် ယခုထီးက အလွန်အသုံးဝင်ဖွယ် ရှိနေသည်။
    ယခုနှစ်ဟဂ်ျရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ကျရောက်နေမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင် ၃ သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။
    umbrella 2
    umbrella
    Ref: citylab.com
  • မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ထိုင်းနိုင်ငံတွင် ပထမဆုံး ဟာလာလ်ဟိုတယ် ဖွင့်လှစ်
    မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ထိုင်းနိုင်ငံတွင် ပထမဆုံး ဟာလာလ်ဟိုတယ် ဖွင့်လှစ်
    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media
    halal 1
    – ဗုဒ္ဓဘာသာဝင်အများစုရှိရာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဟာလာလ်ဟိုတယ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီး နိုင်ငံ၏ ၀င်ငွေအကောင်းဆုံး စီးပွားရေးကဏ္ဍမှ တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းအား မြှင့်တင်ရန်နှင့် မွတ်စလင် ခရီးသွားများကို ဆွဲဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ သန်း ၃၀ နီးပါး ရှိခဲ့ပြီး အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ၆၅၈၀၀၀ ဦးသာ ပါဝင်သည်ဟု မှတ်တမ်များအရ သိရသည်။
    ဘန်ကောက်မြို့ရှိ ယခုဟိုတယ်မှာ Al Meroz ဟုအမည်ရပြီး ကြယ်လေးပွင့်အဆင့်ရှိကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖွင့်လှစ်မှုက ခရီးသွားလုပ်ငန်း ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံ့ဝင်ငွေ တိုးလာစေရေး အဓိကကျမည်ဟု မျှော်လင့်နေသည်။
    “ကမ္ဘာပေါ်မှာ မွတ်စလင် သန်း ၁၆၀၀ ကျော်ရှိပါတယ်။ တော်တော်လေးကြီးမားတဲ့ ခရီးသွားဈေးကွက်ပါ။ အဲဒီထဲက ၁ ရာခိုင်နှုန်းလောက် ဈေးကွက်ရရင်ပဲ ကျွန်တော်တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ လုံလောက်ပါပြီ” ဟု ဟိုတယ်၏ အထွေထွေမန်နေဂျာ ဆန်ယာ ဆာအင်ဘွန်က ပြောကြားခဲ့သည်။
    ဗလီဝတ်ကျောင်းတော်ပုံသဏ္ဍာန် တည်ဆောက်ထားသည့် အဆိုပါ ဟိုတယ်တွင် ၀တ်ပြုခန်းနှစ်ခု ပါဝင်ပြီး ဟာလာလ်အစားအသောက်များကို တည့်ခင်းဧည့်ခံမည့် ထမင်းစားခန်းမ ၃ ခု ပါဝင်လေသည်။
    အခန်းဈေးနှုန်းများကတော့ တစ်ညလျှင် ဘတ် ၄၀၀၀ မှ ၅၀၀၀၀ အထိ (ကန်ဒေါ်လာ ၁၁၆ ဒေါ်လာမှ ၁၄၄၅ ဒေါ်လာ) ရှိသည်ဟု ဆန်ယာက ထည့်သွင်းပြောကြားခဲ့သည်။
    A prayer room is seen at the Al Meroz hotel in Bangkok, Thailand, August 29, 2016. REUTERS/Chaiwat Subprasom
    ထိုဟိုတယ်တွင် လာရောက်တည်းခိုသည့် သြစတေးလျမှ ရဲတပ်ဖွဲ့အရာရှိ အသက် ၂၈ နှစ်အရွယ် အာမီရ် ဖာဇဲလ်က ယခုကဲ့သို့ ဟာလာလ်ဟိုတယ်များ ရှိနေခြင်းမှာ ဟာလာဟ်အစားသောက် ရှာဖွေရန်ခက်ခဲသည့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော မွတ်စလင်ခရီးသွားများအတွက် သက်တောင့်သက်သာ ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
    “တကယ့်ကို တည်းလို့ခိုလို့ကောင်းပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဟာလာလ်ဟိုတယ်ဖြစ်ပြီး အင်မတန်ကောင်းတာကိုလည်း ကျွန်တော် တွေ့ပါတယ်” ဟု ဖာဇဲလ်က ပြောကြားခဲ့သည်။
    ကြီးထွားလာသည့် မွတ်စလင်ခရီးသွားဈေးကွက်အား ၀င်ရောက်ရန်အတွက် ထိုင်းနိုင်ငံမှာ ခရီးသွားများ ဟာလာလ်အစားအသောက်နှင့် မွတ်စလင်များအတွက် ဆွဲဆောင်နိုင်စရာ နေရာများကို ရှာဖွေနိုင်သည့် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲတစ်ခုကို ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။
    ထိုင်းနိုင်ငံတောင်ဘက် မလေးရှားနှင့်ကပ်နေသည့် ဒေသမှာ မွတ်စလင်အများစုနေထိုင်ရာ ဒေသဖြစ်သည်။
    မလေးရှားမှ ခရီးသွားများမှာ နယ်စပ်ကိုဖြတ်ကျော်၍ ရက်တိုလာရောက်လည်ပတ်မှုများ ရှိနေသ်ာလည်း ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် ခရီးသွားလုပ်ငန်းမှာ ထင်သလောက် ကောင်းမလာခဲ့ပေ။
    ထိုင်းနိုင်ငံသို့ အရှေ့အလယ်ပိုင်းမှ ခရီးသွားများ လာရောက်လည်ပတ်မှုမှာ ၂၀၁၄ ခုနှစ် နှိုင်းယှဉ်ပါက ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း တက်လာခဲ့သည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြနေသည်။
    Ref: Channelnewsasia
    halal 0
  • အချုပ်ခန်းအတွင်း မြန်မာလုပ်သားများ အခြေအနေဆိုးရွားမှုကို မလေးရှားရက်ပါတစ်ဦး ဖွင့်ချ
    အချုပ်ခန်းအတွင်း မြန်မာလုပ်သားများ အခြေအနေဆိုးရွားမှုကို မလေးရှားရက်ပါတစ်ဦး ဖွင့်ချ
    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media
    rapper
    မလေးရှားမှ ရက်ပါအဆိုတော် နာမီဝီ
    – မကြာသေးမီက အဖမ်းခံခဲ့ရသည့် မလေးရှားမှ ရက်ပါအဆိုတော် နာမီဝီမှာ ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းလုပ်သားများ အချုပ်ခန်းထဲတွင် ရင်ဆိုင်နေရသည့် အခြေအနေဆိုးများကို ဖွင့်ချလိုက်ပြီး၊ ၎င်းတို့ ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်ပေးရန် ပြည်သူလူထုအား တိုက်တွန်းခဲ့သည်။
    ၎င်းမှာ သာသနာအကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးကာ တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး တနင်္လာနေ့က တရားရုံးတွင် အမှုရင်ဆိုင်ရာ၌ တရားသူကြီးမှ အမှုနှင့်ပတ်သက်၍ ၎င်းအား ပြောခွင့်ပေးရာတွင် အမှုအကြောင်းမပြောခဲ့ဘဲ အချုပ်ခန်းအတွင်း အာဏာပိုင်များ၏ လစ်လျုမှုကို ခံစားနေရသည့် မြန်မာအလုပ်သမား ၁၅ ဦးအကြောင်းကို ပြောကြားခဲ့သည်ဟု Facebook စာမျက်နှာတွင် တရုတ် မန်ဒရင် ဘာသာစကားဖြင့် ၎င်းက ရေးသားခဲ့သည်။
    “မီဒီယာကနေတစ်ဆင့် ပြည်သူကို ကျွန်တော် ပြောပြချင်တာက- ကျွန်တော် ထိန်းသိမ်းခံနေရစဉ် တွေ့ခဲ့ရတဲ့ တရားမ၀င် မြန်မာလုပ်သား ၁၅ ယောက် အကြောင်းပါ။ သူတို့ ဖမ်းဆီးခံထားရတာ ၁ လ ကျော်သွားပါပြီ။ အချုပ်ခန်းကျဉ်းလေးထဲမှာ တော်တော်တော်လေး အခြေအနေဆိုးဆိုးရွားရွားနဲ့ နေထိုင်နေရပါတယ်။ ဘယ်သူမှလည်း အာမခံနဲ့ လာမထုတ်ဘူး။ သူတို့ကိုကူညီမယ့် မိတ်ဆွေ သူငယ်ချင်းတွေလည်း မရှိရှာပါဘူး။ အလုပ်ရှင်တွေက သူတို့ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကိုယူပြီး ထွက်ပြေးသွားလို့ သူတို့ ဘာမှလုပ်လို့မရတဲ့ ဒီလိုအခြေအနေမျိုး ဖြစ်နေတာပါ” ဟု နာမီဝီ၏ ပို့စ်တွင် ဖော်ပြထားသည်။
    “သူတို့ ဖိနှိပ်ခံရတယ်။ သစ္စာဖောက်ခံရတယ်။ အခုတော့ သူတို့ သေဖို့ပဲ ရှိပါတော့တယ်”
    ထို့ပြင် ၎င်းတို့တွင် ကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အခြေအနေ အလွန်ဆိုးရွားနေကြောင်း၊ ညဘက်တွင် ချောင်းများ အဆက်မပြတ်ဆိုးနေသံကို မိမိ ကြားနေရခြင်းကြောင့် ၎င်းတို့မှာ တီဘီရောဂါ ဖြစ်နေပုံရကြောင်း၊ မလေးစကားလည်း နားမလည်ကြကြောင်း နာမီဝီက ထည့်သွင်းပြောဆိုခဲ့သည်။
    “မလေးစကားမပြောတတ်လို့ သူတို့ အစောင့်တွေ့နဲ့လည်း စကားပြောလို့ မရဘူး။ အစောင့်တွေကလည်း ဘာမှ မလုပ်ပေးပါဘူး။ အထောက်အထားမရှိတဲ့အတွက် ဆေးရုံတွေကလည်း သူတို့ကို လက်မခံဘူး။ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတာကြောင့် သံရုံးကလည်း သူတို့ကို ဘားမှ မလုပ်ပေးနိုင်ဘူး။ သံရုံးက သူတို့ ဒီတိုင်းပြည်ထဲမှာ ရှိတာတောင် မသိကြပါဘူး”
    မြန်မာလုပ်ရွှေ့ပြောင်းလုပ်သားများ၏ ထိုအခြေအနေဆိုးများကို ပြင်ပသို့ ထုတ်မပြောရန် ရဲတပ်ဖွဲ့က သတိပေးခဲ့သည်ဟုလည်း အဆိုတော်က ထည့်သွင်းရေးသားခဲ့သည်။
    “ကျွန်တော်ထွက်မလာခင် နောက်ဆုံးညက သူတို့အခြေအနေ ပိုဆိုးလာတယ်။ သူတို့ချောင်းဆိုးတဲ့အသံ ပြောင်းသွားတယ်။ မျက်နှာတွေကလည်း ဖြူဖတ်ဖြုရော်ဖြစ်လာတယ်။ အန္တရာယ်ရှိတယ်ဆိုတာကို ကျွန်တော် သိပေမယ့် သူတို့အတွက် ကျွန်တော်လုပ်ပေးနိုင်တာက လူသိအောင် ဖွင့်ချဖို့ပါပဲ။ ကျွန်တော် ထိန်းသိမ်းခံရတဲ့အချိန်မှာ တွေ့ရတဲ့ ဒီအခြေအနေတွေကို ထုတ်မပြောဖို့ ရဲက ကျွန်တော့်ကို သတိပေးတယ်။ ကျွန်တော် ငြိမ်နေလိုက်ရင် အဲဒီလူတွေဟာ တစ်ဖြည်းဖြည်းနဲ့ ဘ၀တွေ လုံးပါး ပါးသွားမှာပါ။ ရှေ့နေများကောင်စီနဲ့ အခြား သြဇာရှိတဲ့အဖွဲ့အစည်းတွေက သူတို့ကို တစ်ခုခု လုပ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ စိတ်ကောင်းစေတနာရှိတဲ့သူတွေဟာ စေတနာ ရောင်ပြန်ဟပ်မှာပါ။ သူတို့ကို ကူညီပေးကြပါဗျာ”
    မလေးရှားတွင် ထိန်းသိမ်းခံရသည့် မြန်မာလုပ်သားများမှာ ယခင်ကလည်း ထိုကဲ့သို့ ဆိုးရွားသော အခြေအနေများကို ကြုံတွေ့ရလေ့ရှိပြီး အဖမ်းဆီးခံ မြန်မာလုပ်သားများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့် မြန်မာသံရုံးမှာ ယခုကိစ္စနှင့် ပတ်သက်၍ အတည်ပြုထုတ်ပြန်ခြင်းများ မပြုလုပ်သေးပေ။
    Ref: thecoverage.my
  • မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော
    မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော
    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media
    man u
    – အသင်းမှ ချန်လှပ်ခံရခြင်းမှာ နည်းပြမော်ရင်ဟိုနှင့် ပြဿနာရှိ၍ မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဘက်စတီယန် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်ပြီး၊ ပုံမှန်နေရာရရန် ကြိုးစားသွားမည်ဟု ဆိုသည်။
    ၂၀၁၅ ခုနှစ် ဇူလိုင်လက မန်ယူသို့ရောက်ရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ နည်းပြသစ် မော်ရင်ဟို၏ လက်အောက်တွင် နေရာမရဘဲ အရန်အသင်းနှင့်သာ လေ့ကျင့်ခန်းဆင်းနေရသည်။ မော်ရင်ဟို၏ ထိုလုပ်ရပ်ကြောင့် ဝေဖန်မှုများ ဖြစ်လာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ပြဿနာရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
    သို့သော်လည်း အသက် ၃၂ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါက ထိုသတင်းကို ငြင်းဆိုခဲ့သည်။
    “ကျွန်တော့်ရဲ့ အန္တိမအိပ်မက်က မန်ယူမှာ ကစားရဖို့ဖြစ်ပြီ၊ အသင်းရဲ့ရည်မှန်းချက်တွေအတွက် ကူညီပေးဖို့ပါ။ ဂျိုဆေးမော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်စွမ်းရည်ကို ကျွန်တော်ယုံတယ်။ အခွင့်အရေး ရမယ်ဆိုရင် မန်ယူကို ကျွန်တော် ကူညီနိုင်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ဘယ်လိုဖြစ်မလဲ၊ တိုးတက်လာမလားဆိုတာကို ကျွန်တော် စောင့်ကြည့်ရမယ်။ ကျွန်တော် ဘောလုံးကစားတာကို ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပြောကြားခဲ့သည်။
    ထို့ပြင် ပီယာလို၊ ဒေးဗစ်ဗီလာ၊ စတီဗင်ဂျရတ်တို့ရှိရာ အမေရိကန်မေဂျာလိဂ်သို့ အနာဂတ်တွင် ပြောင်းရွှေ့နိုင်ခြေ ရှိနေပြီး လက်တလောတွင် ဆုံးဖြတ်ချက် ချမည်မဟုတ်သေးဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့စည်း
    အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့စည်း
    14192138_10154637790373128_4150213300037074399_n
    တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘာသာရေးအဓိကရုဏ်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီတွေ စတင်ဖွဲ့စည်းနေပါတယ်။
    ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဆက်လက်ဖွဲ့စည်းနေတာလို့ ရှမ်းပြည်နယ် ရဲချုပ် အောင်အောင်က ပြောပါတယ်။
    ” ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီး ဥက္ကဌအဖြစ်ဖွဲ့ထားတဲ့ အဖွဲ့အောက်မှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေအားလုံး ဖွဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့မဆိုင်ပဲနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင် ကျနော်တို့က အချိန်မီ ကိုင်တွယ် ထိန်းသိမ်းနိုင်အောင်ပါ” လို့ ပြောတာဖြစ်ပါတယ်။
    တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ၀န်ကြီးတွေနဲ့ ရဲချုပ်တွေ ပါဝင်တာဖြစ်ပါတယ်။
    အဲ့ဒီကော်မတီအောက်မှာ လုပ်ငန်းကော်မတီကို ထပ်ဆင့်ဖွဲ့စည်းပြီး မြို့နယ်အလိုက် ဖွဲ့စည်းရာမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လည်း ပါဝင်မှာဖြစ်ပါတယ်။
    ရှမ်းပြည်နယ် အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဥက္ကဌအဖြစ်ဆောင်ရွက် မှာဖြစ်ပြီး ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဥက္ကဌ၊ ရဲချုပ်က အတွင်းရေးမှူးတာဝန်ယူထားပြီး အဖွဲ့ဝင်စုစုပေါင်း ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
    ဓါတ်ပုံ – (လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။