News @ M-Media

အိန္ဒိယဗဟိုဘဏ်က အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း စတင်ရန် နည်းလမ်းရှာ

စက်တင်ဘာ ၅၊ ၂၀၁၆
M-Media

indi bank

– နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ ဘဏ္ဍာရေးလုပ်ငန်းများနှင့် ဆက်သွယ်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် အတိုးမဲ့ ဘဏ်လုပ်ငန်းကို စတင်မိတ်ဆက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယဗဟိုဘဏ် (RBI) က အဆိုပြုလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ထိုကဲ့သို့ အဆိုပြုလိုက်ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် ဒုတိယအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံတွင် အစ္စလာမ်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများ ဖြစ်တည်လာရန် အစပျိုးလိုက်ခြင်းလည်းဖြစ်သည်။

RBI မှာ စောစောပိုင်းက မိမိတို့အနေဖြင့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ သို့မဟုတ် သမ၀ါယမအသင်းတို့ကဲ့သို့ ဘဏ်လုပ်ငန်းမဟုတ်သည့် နယ်ပယ်များမှတစ်ဆင့် ၀န်ဆာင်မှုပေးသွားမည်ဟု ကြေငြာထားသော်လည်း ယခုအဆိုပြုမှုက ဗဟိုဘဏ်၏ ရပ်တည်ချက် ပြောင်းလဲမှုလည်းဖြစ်သည်။

အစ္စလာမ်က အတိုးပေးခြင်း၊ အတိုးယူခြင်းကို တားမြစ်ထားသာကြောင့် အိန္ဒိယဥပဒေအရ အတိုးကို အခြေခံသည့် ဘဏ်စနစ်တွင် အစ္စလာမ်ဘာသာဝင် သန်း ၁၈၀ က ပါဝင်အသုံးရန် အခက်အခဲရှိနေသည်။ RBI ကမူ မိမိတို့အနေဖြင့် အစိုးနှင့် ညှိနှိုင်းတိုင်ပင်ကာ အတိုးမဲ့ ဘဏ်လုပ်ငန်းကို မိတ်ဆက်ပေးရန် နည်းလမ်းရှာနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသတင်း ထွက်ပေါ်လာခြင်းက အတိုးမဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် အထောက်အပံ့ဖြစ်စေမည့် ဥပဒေမျိုး ထွက်ပေါ်လာရန် ရှိနေသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကြီးထွားလာခဲ့သည့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းကို အိန္ဒိယတွင် အကောင်အထည်ဖော်ရန်အတွက် ဗဟိုဘဏ်မှ ယခင်က ကြိုးပမ်းခဲ့သော်လည်း အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP မှ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးသမားများ၏ ကန့်ကွက်မှုကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။

အစိုးရ၏ ပြင်ပ ငွေချေးအေဂျင်စီ Exim Bank က အစ္စလာမ့်ဖွံ့ဖြိုးဘဏ်၏ လက်ခွဲလုပ်ငန်းများအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ထပ်မံထုတ်ပေးသွားမည်ဟု ဧပြီလတွင် ကြေငြာခဲ့သည်။

Ref: IINA

Comments

Leave a Reply