News @ M-Media

Blog

  • နိုင်ငံအသင်းမှ အနားယူရန် ကြေငြာခြင်းမှာ လှည့်စားမှုမဟုတ်ဟု မက်ဆီပြော

    နိုင်ငံအသင်းမှ အနားယူရန် ကြေငြာခြင်းမှာ လှည့်စားမှုမဟုတ်ဟု မက်ဆီပြော

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    messi

    – နိုင်ငံအသင်းမှ အနားယူမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မည်သူကိုမှ မလှည့်စားခဲ့ဟု ဘာစီလိုနာအသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။

    ဇွန်လက ကိုပါအမေရိကဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ချီလီအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဆီမှာ လက်ရွေးစင်အသင်းမှ အနားယူတော့မည်ဟု ကြေငြာခဲ့သည်။ ထိုအရှုံးမှာ အာဂျင်တီးနားအနေဖြင့် ၃ နှစ်အတွင်း အဓိကပြိုင်ပွဲများ၌ ၃ ကြိမ်မြောက် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

    မက်ဆီ၏ ထိုကြေငြာမှုကို ပြင်ဆင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ အဂျင်တီးနားအသင်း၏ နည်းပြသစ် အဒ်ဂါဒို ဘူဇာက စပိန်အထိသွားရောက်ကာ မက်ဆီနှင့်တွေ့ဆုံခဲ့ပြီး ထိုနောက်ပိုင်းတွင် မက်ဆီကလည်း ၎င်း၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့သည်။

    ယမန်နေ့က ဥရုဂွေးအသင်းနှင့် ကစားခဲ့သည့် ကမ္ဘာဖလားခြေစစ်ပွဲတွင် အာဂျင်တီးနားအသင်းက အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို မက်ဆီက သွင်းပေးခဲ့ခြင်းဖြစ်သည်။

    မက်ဆီကမူ ၎င်း၏ နိုင်ငံအသင်းမှ အနားယူရန် ကြေငြာခဲ့ခြင်းမှာ လှည့်စားခြင်းမဟုတ်ဟု ဆိုသည်။

    “(နိုင်ငံအသင်းမှာ ပြန်ပါခွင့်ရတဲ့အတွက်) ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အနားယူမယ်လို့ပြောခဲ့တာဟာ ဘယ်သူ့ကိုမှ လှည့်စားခဲ့တယ်လို့ မထင်ပါဘူး။ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ပိုကောင်းတာကို စဉ်းစားနိုင်ခဲ့ပါတယ်။ ပါတွန် (ဘူဇာ) နဲ့ ကျွန်တော် စကားပြောခဲ့တယ်။ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ပရိတ်သတ်တွေကလည်း ဖေးမပေးခဲ့ကြပါတယ်” ဟု မက်ဆီက ပြောကြားခဲ့သည်။

    Ref : Goal

  • အစ္စရေး၏ ကျူးကျော်သည့်လုပ်ရပ်ကို အမေရိကန် ပြင်းထန်စွာဝေဖန်

    အစ္စရေး၏ ကျူးကျော်သည့်လုပ်ရပ်ကို အမေရိကန် ပြင်းထန်စွာဝေဖန်

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    us blast

    – ပါလက်စတိုင်းမြေပေါ်၌ အစ္စရေးက အခြေချအိမ်ယာများ တိုးချဲ့ဆောက်လုပ်နေခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ထိုလုပ်ရပ်များက နှစ်နိုင်ငံတည်ရှိရေး အဖြေအတွက် အတားအဆီးတစ်ခု ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။

    “အဲဒီအိမ်ယာတွေ သိသိသာသာ တိုးချဲ့လာတာဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေ ထွက်နိုင်ရေးအတွက် ဆိုးရွားပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုပါပဲ။ အဲဒီလို တရားမ၀င် မြေသတ်မှတ်မှုတွေ၊ (နိုင်ငံတကာက) ခွင့်မပြုထားတဲ့ အိမ်ယာတွေကို ဆောက်လုပ်ဖို့ဆိုတဲ့ ပေါ်လစီအတွက် ကျွန်တော်တို့ စိတ်ပျက်ရပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားနက်စ်က ဆိုသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အမေရိကန်က အမြဲတစေ ဝေဖန်ခဲ့သည်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ခဲ့သည့် ယခုကြေငြာချက်မှာ ယခင်ရှုတ်ချမှုများနှင့်မတူဘဲ အစ္စရေး၏ လုပ်ရပ်မှာ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် အမေရိကန်တို့ပါဝင်သောအရှေ့အလယ်ပိုင်း လေးပွင့်ဆိုင်အဖွဲ့၏ အကြံပေးချက်ကို မထီမဲ့မြင်ပြုခြင်းဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အနောက်ဖက်ကမ်းမှာ အခြေချအိမ်ယာတွေ ထပ်တိုးတည်ဆောက်ဖို့ (အစ္စရေး) အစိုးရရဲ့ ကြေညာချက်အပေါ် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ လေးပွင်ဆိုင်အဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့ ဒီတရားမ၀င်အခြေချအိမ်ယာတွေ တိုးချဲ့တည်ဆောက်ဖို့ အရှိန်မြင့်လာတာဟာ ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို တိုက်ရိုက် ဆန့်ကျင်လိုက်တာပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ကျူးကျော်ထားမှု၊ တရားမ၀င် အခြေချအိမ်ယာများ တည်ဆောက်နေမှုမှာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အဓိက အတားအဆီးဖြစ်နေပြီး၊ ပါလက်စတိုင်းပိုက်နက်အတွင်း အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူ အရေအတွက်မှာ သန်းဝက်ကျော် ရှိနေသည်။

    အစ္စရေးအစိုးရမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အခြေချအိမ်ယာ ၂၈၅ ခုဆောက်လုပ်ရန် ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီး ထိုရားမ၀င်လုပ်ရပ်များကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းထားမှုကို အာခံခြင်းလည်းဖြစ်သည်။

    သြဂုတ်လ အစောပိုင်းကလည်း အရှေ့ဂျေရုဆလင်တွင် ရာမွတ်မြို့နှင့် ကပ်လျက်တွင် အိမ်ယာစီမံကိန်း ၅၆ ခု တိုးချဲ့တည်ဆောက်ရန် အစ္စရေးအစိုးရက အတည်ပြုခဲ့သည်။

    Ref : Presstv

  • ဗြိတိန်အတွက် အသက်စွန့်ခဲ့သည့် အိန္ဒိယမွတ်စလင်များအတွက် အမှတ်တရဗိမာန် တည်ဆောက်မည်

    ဗြိတိန်အတွက် အသက်စွန့်ခဲ့သည့် အိန္ဒိယမွတ်စလင်များအတွက် အမှတ်တရဗိမာန် တည်ဆောက်မည်

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    britain

    – ပထမကမ္ဘာစစ်တွင် ဗြိတိသျှအင်ပါယာအတွက် စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ပေးခဲ့သော်လည်း အမေ့ခံထားရသည့် အိန္ဒိယမွတ်စလင်စစ်သားများအား ဂုဏ်ပြုသောအနေဖြင့် အောက်မေ့ဖွယ် ဗိမာန်တစ်ခုကို အင်္ဂလန်နိုင်ငံတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    အင်္ဂလိပ်အုပ်ချုပ်မှုလက်အောက်တွင် အိန္ဒိယတိုက်ငယ် (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်သည်) မှ မွတ်စလင်စစ်သား ၄ သိန်းကျော်မှာ ဗြိတိန်စစ်တပ်အတွင်း ပါဝင်အမှုထမ်းကာ တိုက်ခိုက်ပေးခဲ့ကြသော်လည်း ၎င်း၏ ထို စွန့်လွှတ်စတေးမှုမှာ အသိအမှတ်ပြုခံရခြင်း မရှိဟု ထောက်ပြမှုများ ရှိနေသည်။

    “ဒီအကြောင်းအရာကို ခင်ဗျားတို့ ကျောင်းပြဌာန်းစာအုပ်တွေ၊ ရုပ်ရှင်တွေမှာ မြင်ရ တွေ့ရမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ အစ်ရဖန် မာလစ်က ပြောကြားခဲ့သည်။

    နော်တင်ဟမ်မြို့ ရှားဝုဒ်ဒေသအနီးတွင် နေထိုင်သည့် ဒေါက်တာမာလစ်မှာ ၎င်း၏ ဘိုးဘေးများ နေထိုင်ရာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် သုတေသန ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ နှစ်ဖက်အဖိုးအဖွားများမှာ ဗြိတိသျှအင်ပါယာအတွက် စွန့်လွှတ်စတေး တိုက်ပွဲဝင်ခဲ့သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    “ကျွန်တော်တို့ ရွာတစ်ရွာတည်းကပဲ အမျိုးသား ၈၆၀ မှာ ၄၆၀ က ဗြိတိသျှအင်ပါယာအတွက် အကူအညီပေးခဲ့ပါတယ်။ သူတို့အားလုံးဟာ ကိုယ့်ထမင်းကိုယ်စားပြီး ပါဝင်ခဲ့ကြတာပါ။ ဒီလိုပါဝင်ရတာကိုလည်း သူတို့ ဂုဏ်ယူခဲ့ကြပါတယ်။ အဲဒီလို ပါဝင်ခဲ့တဲ့အတွက်ကြောင့် ရွာထဲမှာ နှစ်ပေါင်းတော်တော်များများ အမျိုးသား ရှားပါးခဲ့ပါတယ်” ဟု ဒေါက်တာက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းမှာ ‘ကမ္ဘာစစ်တွင် ပါဝင်သည့် မွတ်စလင်များအတွက် အမှတ်တရဗိမာန် ဖြစ်ပေါ်လာရေး ကော်မတီ’ ကို ဖွဲ့စည်းခဲ့ပြီး စစ်အတွင်း မဟာမိတ်တပ်များအတွက် ကူညီပေးခဲ့ကြသည့် မွတ်စလင်စစ်သားများ၏ ‘သစ္စာစောင့်သိမှုနှင့် စွန့်လွှတ်စတေးမှု’ တို့ကို ဂုဏ်ပြုရေး ဗိမာန်တစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့သည်။

    Great War Muslim Memorial ဟု အမည်ပေးမည့် အဆိုပါ ဗိမာန်အတွက် ပေါင် ၂၅၀၀၀ ရန်ပုံငွေရှာဖွေရန်လည်း စီစဉ်ထားပြီး ဒေါက်တာမာလစ်ကမူ ထိုစီမံကိန်းမှာ အစီအစဉ်ရေးဆွဲသည့် အဆင့်တွင်သာ ရှိနေသေးပြီး၊ ကမ္ဘာစစ်အတွင်း သိမ်းပိုက်ခံထားရသည့် ဥရောပတိုက်အစိတ်အပိုင်းများတွင် ခုခံကာကွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ရင်း အသက်ပေးခဲ့ရသည့် အမျိုးသမီးအေးဂျင့် ၇၅ ဦးအတွက် အမှတ်တရဗိမာန်တစ်ခု ပေါ်ထွက်လာရေး ဦးဆောင်လှုပ်ရှားခဲ့သူ တာဇီ ဟူစိန်၏ ထောက်ခံမှုကိုလည်း ရရှိထားသည်ဟု ဆိုသည်။

    အဆိုပါဗိမာန်ကို ဘဒ်ဖို့ဒ်ရှိုင်းယားရှိ တမ့်စ်ဖို့ဒ်မြို့တွင် တည်ဆောက်ထားပြီး ၂၀၁၃ ခုနှစ်ဖွင့်ပွဲအခမ်းအနားသို့ ချားလ်စ် မင်းသားကိုယ်တိုင် တက်ရောက်ခဲ့သည်။

    “အခုဗိမာန်ကို အစ္စလာမ်အငွေ့အသက်ပါအောင် လုပ်ချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်တွေဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဗြိတိန်အတွက် သစ္စာစောင့်သိခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ပါဝင်ခဲ့ပြီး၊ အဲဒီတွန်းလှန်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု မာလစ်က ဆိုသည်။

    ထို့ပြင် ထိုကဲ့သို့ အမှတ်တရဗိမာန် တည်ဆောက်ခြင်းမှာ မိမိတို့၏ ဘိုးဘေးများက လွတ်မြောက်ရေး တိုက်ပွဲများတွင် ပါဝင်ကူညီခဲ့မှုကို လူငယ်များအား သိရှိစေကာ၊ လူ့အဖွဲ့အစည်းအတွင်း အစေးကပ်မှုကို ပိုမိုဖြစ်ပေါ်လာစေမည်ဟု မျှော်လင့်နေသည်။

    စစ်ပွဲဆိုင်ရာ သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်ဝါဒဆိုင်ရာ အကြံပေးဟောင်းတစ်ဦးဖြစ်သူ ဂျာဟန် မဟ်မူးဒ်ကလည်း ထိုအစီအစဉ်ကို ကြိုဆိုခဲ့သည်။

    “ဒီသမိုင်းကြောင်းတွေကို မွတ်စလင်လူ့အဖွဲ့အစည်းမှာ တော်တော်များများက မသိကြပါဘူး။ ဒါဟာလည်း အစိုးရရဲ့ အားနည်းချက်ကြောင့်ပါ”

    Great War Muslim Memorial ဗိမာန်မှာ မွတ်စလင်များအကြား လူ့အဖွဲ့အစည်းအတွင်း ပိုမိုပါဝင်လိုမှု စိတ်ဓာတ်ကို ဖြစ်ထွန်းလာစေနိုင်ပြီး ဗြိတိန်နိုင်ငံသားတစ်ဦး ဖြစ်မှုအတွက် ပိုမိုဂုဏ်ယူလာစေမည်ဟု မဟ်မူးဒ်က ယုံကြည်နေသည်။

    “လူ့အဖွဲ့အစည်းမှာ ပါဝင်လို့မရပါဘူးကွာဆိုတဲ့ အတွေးဟာ မွတ်စလင်တွေကို ပိုပြီး အစွန်းရောက်စေပါတယ်။ ဒီအမှတ်တရဗိမာန်ဟာ ဒီနေ့ခေတ် ဗြိတိန်မှာ ငါတို့ဟာလည်း တစ်တပ်တစ်အား ပါဝင်နေတယ်လို့ မွတ်စလင်တွေကို ခံစားလာစေနိုင်ပါတယ်”

    Ref: independent

  • ၂၀၁၅ ခုနှစ်တွင် အိန္ဒိယ၌ အဓမ္မပြုကျင့်မှု ၃ သောင်းကျော် ဖြစ်ပွား

    ၂၀၁၅ ခုနှစ်တွင် အိန္ဒိယ၌ အဓမ္မပြုကျင့်မှု ၃ သောင်းကျော် ဖြစ်ပွား

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    india 5

    – ယမန်နှစ်က အိန္ဒိယတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုပေါင်းမှာ ၃၄၆၅၁ မှုရှိသည်ဟု အိန္ဒိယအမျိုးသာ ရာဇ၀တ်မှုမှတ်တမ်းတင်ရေးဗျူရို (NCRB) က ယခုတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    မုဒိန်းမှု၏ သားကောင်ဖြစ်ခံရသည့် အမျိးသမီးများမှာ အသက် ၆ နှစ်ရှိ ကလေးငယ်များမှ အသက် ၆၀ အမျိုးသမီးကြီးများထိ ပါဝင်ပြီး၊ အသက် ၁၈ မှ အသက် ၃၀ အတွင်းအမျိုးသမီးများက အစော်ကားခံရမှု အများဆုံးဖြစ်ကာ စုစုပေါင်း အရေအတွက် ၁၇၀၀၀ နီးပါး ရှိနေသည်ဟု ဗျူရိုက ဆိုသည်။

    စာရင်းရရှိသည့် မုဒိန်းမှုပေါင်း ၃၄၆၅၁ မှုအနက် ၃၃၀၉၈ မှု သို့မဟုတ် ၉၅.၅ ရာခိုင်နှုန်းတွင် ကျူးလွန်သူများကို ကျူးလွန်ခံရသူများက သိရှိပြီး၊ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် မုဒိန်းမှုပေါင်း ၃၆၇၃၅ မှုနှင့် နှိုင်းယှဉ်လျှင် မနှစ်က နိုင်ငံတစ်ဝှမ်း အဓမ္မပြုကျင့်ခံရမှု အရေအတွက်မှာ ကျဆင်းသွားခဲ့သည်။

    ယမန်နှစ်က မုဒိန်းကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်ရပ်များမှာလည်း ၄၄၃၇ မှုအထိ ရှိခဲ့သည်။

    သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများက အဆိုပါကိန်းဂဏန်းများမှာ အမှန်တကယ်ဖြစ်ပွားခဲ့သည့် အရေအတွက် အတိအကျကို ကိုယ်စားမပြုနိုင်ဘဲ၊ တိုင်ကြားမှုမရှိသည့် ဖြစ်ရပ်အများအပြားလည်း ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယ အမျိုးသမီးတိုးတက်ရေးပါတီမှ အတွင်းရေးမှူဖြစ်သူ ကာဗီတာ ခရစ်ရှ်နန်က ဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များကို သတိဖြင့် ဆန်းစစ်ရမည်ဟု ပြောကြားခဲ့သည်။

    “မတိုင်ကြားတဲ့ မုဒိမ်းမှုတွေ အများကြီးရှိနေပါတယ်” ဟု ၎င်းက ဆိုပြီး ချစ်ကြိုက်သူနှင့် ခိုးရာလိုက်ပြေးမှုကို မုဒိမ်းမှုအဖြစ် မိဘများက တိုင်ကြားသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ပြဿနာရဲ့ အဓိကအချက်က ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်ခွင့်ကို ဆက်လက် ကန့်သတ်ထားတာပါပဲ”

    အိန္ဒိယတွင် တရားဥပဒေစိုးမိုးရေး အားနည်းမှုကြောင့် အဓမ္မပြုကျင့်မှုများမှာ အဖြစ်များပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီမြို့ရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုမှာ ကမ္ဘာတစ်ဝှမ်း အာရုံစိုက်ခံခဲ့ရပြီး အိန္ဒိယအစိုးရအနေဖြင့် ထိုဖြစ်ရပ်များအား ထိထိရောက်ရောက် အရေးယူရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

    Ref : Aljazeera

  • ကိုဖီအန်နန် လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

    ကိုဖီအန်နန် လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    Kofi

    – မကြာသေးခင်က ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်မှာ လာမည့်သတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရှိနေသည်ဟု သိရသည်။

    “စက်တင်ဘာ ၆ ရက်နေ့ ဖြစ်မှာပါ။ ဒါပေမယ့် ရက်စွဲကတော့ အတိအကျ မဟုတ်သေးပါဘူး” ဟု ရခိုင်ပြည်နယ်အစိုးရ၏ အတွင်းရေမှူး ဦးတင်မောင်ဆွေ၏ ပြောကြားမှုကို မြန်မာတိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။ သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ထိုလာရောက်မှုအစီအစဉ်ကို အတည်ပြုခဲ့သော်လည်း လာရောက်မည့် နေ့ရက်နှင့် သွားရောက်မည့်နေရာများကို အသေးစိတ် မစီစဉ်ရသေးဟု ပြောကြားခဲ့သည်။

    ကိုဖီအန်နန် ဦးဆောင်ပြီး အဖွဲ့ဝင် ၉ ဦးပါသည့် အဆိုပါကော်မရှင်မှာ ပဋိပက္ခတားဆီးရေး ဆောင်ရွက်ချက်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ အခွင့်အရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံအဆောက်အဦးများ တည်ဆောက်ရေးနှင့် မတည်ငြိမ်သော ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်စီမံကိန်းများ ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များအတွက် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။

    ကော်မရှင်မှာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တစ်နှစ်အချိန်ရပြီး မြန်မာအစိုးရထံ အစီရင်ခံစာ ရေးသား တင်သွင်းရမည်ဖြစ်သည်။

    ထိုကော်မရှင်အား အမျိုးသားရေးဝါဒီများက ကန့်ကွက်မှု ရှိနေပြီး အစိုးရအနေဖြင့် နိုင်ငံတကာကျွမ်းကျင်သူများဖြင့် ထိုအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းမှာ အချုပ်အခြာအာဏာကို ထိပါးသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။ ထိုကဲ့သို့ နိုင်ငံခြားသားများ ပါဝင်ခြင်းကလည်း ပြည်တွင်းအရေးကိစ္စအား နိုင်ငံရပ်ခြားသြဇာ လွှမ်းမိုးစေသည်ဟု ယူဆနေသည်။

    ရခိုင်အမျိုးသားပါတီ ANP ကလည်း အဆိုပါ ကော်မရှင်အား ဖျက်သိမ်းရန် တောင်ဆိုထားပြီး၊ အစိုးရနှင့် ထိုကော်မရှင်မှာ ရခိုင်တိုင်းရင်းသားများအတွင် မျှတမှု ရှိမည်မဟုတ်ဟု စွပ်စွဲပြောကြားခဲ့သည်။ အတိုက်အခံပါတီကြီးတစ်ခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထိုကော်မရှင်အား အမျိုးသားရေးအမြင်ဖြင့် စောင့်ကြည့်သွားမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    Ref: indianexpress