News @ M-Media

Blog

  • ခြစားမှု ပြဿနာပြီးနောက် ဘရာဇီးလ်သမ္မတ အပြောင်းအလဲဖြစ်

    ခြစားမှု ပြဿနာပြီးနောက် ဘရာဇီးလ်သမ္မတ အပြောင်းအလဲဖြစ်

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    brazil

    – ဘရာဇီးလ်လွှတ်တော်က သမ္မတဟောင်း ဒီလ်မာ ရူးဆက်ဖ်ကို ယမန်နေ့တွင် ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခင်ဒုတိယသမ္မတဖြစ်သော မီရှယ် တီမာရ်က သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

    အသက် ၇၅ နှစ်အရွယ်ရှိ တီမာရ်မှာ လာမည့် ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီအထိ တာဝန်ယူရမည်ဖြစ်ပြီး၊ ၎င်းကမူ ဘရာဇီးလ်အစိုးရအတွက် ခေတ်သစ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။

    “ဒီနေ့ ကျွန်တော်တို့ဟာ သက်တမ်း ၂ နှစ်နဲ့ ၄ လရှိမယ့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်” ဟု ရုပ်မြင်သံကြားဖြင့် ပြုလုပ်ခဲ့သည့် ကတ်ဘိနတ်အစည်းအဝေးတွင် တီမာရ်က ပြောကြားခဲ့သည်။

    ခြစားမှုပြဿနာများနှင့် တရားရင်ဆိုင်နေရပြီး ရာထူးမှ ချထားခံရသည့် သမ္မတဟောင်း ရူးဆက်ဖ်ကို ယမန်နေ့မနက်ပိုင်းက လွှတ်တော်အမတ်များက ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၆၁ မဲဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

    ဘရာဇီးလ်နိုင်ငံမှာ လက်ရှိတွင် ဘဏ္ဍာရေးလိုငွေပြမှု ကန်ဒေါ်လာ ဘီလီယံ ၆၀ အထိ ရှိနေပြီး၊ စီးပွားရေး ကျဆင်းနေကာ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှု စသည့် ပြဿနာများစွာနှင့် ရင်ဆိုင်နေရသည်။

    Ref: Aljazeera

  • ပြည်မက မွတ်စလင်မ်တွေကို NVC ကဒ် ပေးဖို့ လုပ်ဆောင်နေပြီ

    ပြည်မက မွတ်စလင်မ်တွေကို NVC ကဒ် ပေးဖို့ လုပ်ဆောင်နေပြီ

    စက်တင်ဘာ ၁ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .

    Identity Card for National Verification
    Image Credit (အောင်အောင်-စစ်တွေ)

    သြဂုတ်လ ၃၁ ၇က်နေ့ က မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့၊ ခံလူးရွာမှာ နေထိုင်သူတွေထဲက နိုင်ငံသား မှတ်ပုံတင်မရှိသေးတဲ့လူတွေကို “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား”(Identity Card for National Verification)ကဒ်တွေ ထုတ်ပေးဖို့ လူဝင်မှုကြီးကြပ်ေ၇းက အရာရှိတွေ လာရောက် စည်းရုံးပြောကြားခဲ့တယ်လို့ သိရပါတယ်။
    .
    “မနေ့ညက ရွာအုပ်ချုပ်ရေးပိုင်းက မနက်ဖြန် မှတ်ပုံတင် လာလုပ်ပေးမယ်ဆိုပြီး မိုက်နဲ့ ကြေညာတယ်။ မှတ်ပုံတင်ပေးမယ် အထင်နဲ့ ရွာသူရွာသား ကျိတ်ကျိတ်တိုးနေတာ၊ မြို့နယ် လ.၀.က အရာရှိ တွေ မနက်ပိုင်းရောက်လာတယ်။ အဲလို အခြေအနေမှာ ရပ်ကွက်က ရပ်မိရပ်ဖ တဦးက နိုင်ကဒ်ထုတ်ပေးမှာလား မေးတော့  (NVC) ကဒ်ထုတ်ပေးမှာလို့ မြို့နယ် လ.၀.က အရာရှိတွေက ပြန်ဖြေတယ်။ လ.၀.က အနေနဲ့ NVC ကဒ် ၅၀ ဒီရွာမှာ စံပြအနေနဲ့ စပြီးထုတ်ပေးမယ်လို့ ပြောတယ်။ နိုင်ကဒ် လိုချင်ရင်တော့ အထောက်အထား အစုံအလင်နဲ့ မြို့နယ်ရုံးကို လာလျောက်ဖို့ပြောတယ်။ ဒါနဲ့ လူတွေလဲ အသီးသီးပြန်သွားကြတယ်။ ” လို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခံလူးရွာကဒေသခံတဦး က M-Media ကို ပြောပြပါတယ်။
    .
    နေ့လည်မွန်းလွဲပိုင်းမှာ ခရိုင် လ.၀.က ဦးစီးမှူး ထပ်မံ ရောက်ရှိလာပြီး  နိုင်ငံသားဥပဒေတွေနှင့်ပတ်သက်ပြီး ရှင်းပြကြောင်း၊ ယခုထုတ်ပေးမယ့် NVC ကဒ်သက်တမ်းမှာ ၂ နှစ်ဖြစ်ကြောင်း၊ အဆိုပါကဒ်ကိုင်ဆောင်ထားစဉ် အတွင်း  မိဘ ၂ ဦး နှစ်ဖက်ဘိုးဘွား ၄ ဦး ပေါင်း ၆ ဦးရဲ့ အမျိုးသားမှတ်ပုံတင် အထောက်အထားပြနိုင်ရင် အချိန်မရွေး နိုင်ကဒ် ပြောင်းထုတ်ပေးမယ်ဆိုပြီး နှုတ် ကတိပေးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါသည်။
    .
    ရွာခံ မွတ်စလင်မ်တွေဘက်မှ မိမိတို့မှာ တောက်လျှောက် ဖိနှိပ်ခွဲခြားခံရတဲ့ မွတ်စလင်မ်တွေလည်းဖြစ် တောသူတောင်သားတွေ လည်း ဖြစ်တဲ့ အတွက် ခုတောင် အဲ့ဒီအထောက်အထားမပြနိုင်ရင် နောက်၂နှစ်ကြာလည်း ပြဖို့ လွယ်မှာ မဟုတ်ကြောင်းပြန်လည်ဆွေးနွေးရာ လ.၀.က ဦးစီးမှူးမှ အထောက်အထားမပြနိုင်ရင် NVC ကဒ်ကို သက်တမ်းထပ်တိုးနိုင်ကြောင်း လဝက လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရတာဖြစ်တယ်လို့  ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
    .
    လ.ဝ.က အနေဖြင့်  အဲ့ဒီ့ ကဒ်ထုတ်ပေးလိုက်လို့ ဧည့်နိုင်ငံသား၊ ပြု နိုင်ငံသား ထည့်လိုက်တာလို့ မခံယူဖို့ မဟုတ်ကြောင်း လောလောဆယ် အထောက်အထားမဲ့နေတဲ့ သူတွေအတွက် ကဒ်တစ်ကဒ်အဖြစ်သာ ဖြစ်တယ်လို့ လ.၀.က မှူးက ပြောကြားကြောင်း၊ ဒီကဒ်နဲ့ နိုင်ငံခြားသွားဖို့ passport လျှောက်လို့ ရမလား မေးမြန်းရာမှာတော့ တိတိကျကျ မဖြေဘဲ သွားလျောက်ကြည့်ပေါ့ ဖြေတယ်လို့ အဆိုပါရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ရွာသားတဦးက ပြောပြပါတယ်။
    .
    ယမန်နေ့က လ.၀.က တာဝန်ရှိသူများရဲ့ NVC ကဒ် လက်ခံဖို့ စည်းရုံးပြောဆိုမှုကို ခံလူးရွာသားများ အနေဖြင့် ချက်ခြင်း လက်မခံဘဲ လေ့လာ စဉ်းစားပြီးမှ အကြောင်းပြန်မယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
    .
    မှတ်ပုံတင်မရှိသူများကို NVC ကဒ် ထုတ်ပေးနေတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ခံလူးရွာသားများ အနေဖြင့်  မွတ်စလင်မ် အဖွဲ့အစည်းများမှ တာဝန်ရှိသူအနေဖြင့် တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေ ၊ပညာပေးမှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လိုလားနေကြတယ်လို့ M-Media ကို ပြောကြားခဲ့ပါတယ်။
    .
    အလားတူ သြဂုတ်လ ၁၇ ရက်နေ့ကလည်း  မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် အတွင်းမှာရှိ အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ ဆူးလေကုန်း၊ လက်ပံ ကျေးရွာကိုလည်း ခရိုင် လ.၀.က အရာရှိများသွားရောက်ပြီး NVC ကဒ်များ ထုတ်ပေးရေးအတွက် သွားရောက် စည်းရုံး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
    .
    မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ခံလူးရွာမှာ သမိုင်းဝင်ရွာကြီးဖြစ်ပြီး  မွတ်စလင်မ်များ ခုနှစ်သက္ကရာဇ်အလိုက် အခြေချနေထိုင်ခဲ့မှုသမိုင်းကို နဝတအစိုးရက တရားဝင်ထုတ်ပြန်ခဲ့သော သာသနာရောင်ဝါထွန်းစေဖို့ စာအုပ်ငယ် စာမျက်နှာ ၆၇တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
    .
    “၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ်နှင့် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်ဆလင်များ၊ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ဝင်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်ဆလင်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်ဆလင်များအား (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘောများမှ မွတ်ဆလင်များအား ရွှေဘိုခရိုင် မြေဒူး၊ စစ်ကိုင်းခရိုင် ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌ လည်းကောင်း နေရာ ချထား ခဲ့ကြောင်း တွေ့ရသည်။”
    .
    “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား” (Identity Card for National Verification) ဆိုသည်မှာ
    ——————————————————
    အဆိုပါ NVC ကဒ် အကြောင်းနှင့်ပတ်သက်ပြီး တရား လွှတ်တော်ရှေ့နေတဦးကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့
    .
    အထောက်အထားတင်ပြမှု အားနည်းလျှင်(သို့) မည်သည့် နိုင်ငံသား အမျိုးအစားတွင် အကျုံးဝင်ကြောင်း အတည်ပြုရန် ဒွိဟဖြစ်လျှင်(သို့) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်များနှင့် အကျုံးမဝင်လျှင် လျှောက်ထားသူ၏ ဆန္ဒအလျှောက် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားရန် ဖြစ်ပါကြောင်း ဒါက အရင်အစိုးရလက်ထက် White Card အပ်နှံသူများအား NVC ထုတ်ပေးရန် နိုင်ငံတော်အစိုးရက သဘောတူ ထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်တွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင် အားလုံးအား NVC များထုတ်ပေးရန် မဟုတ်ကြောင်း ပြောပါတယ်။
    .
    ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံတော် သမ္မတရုံး၏ (၃-၄-၂၀၁၅)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်-၃၁/၂၀၁၅ ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့သော ယာယီသက်သေခံလက်မှတ်နှင့် စပ်လျှဉ်းသည့် ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်၏ အကြံပြုချက်အရ ၁၉၄၉ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ-၅(၂)(ဂ)ပါ ပြဌာန်းချက်နှင့် အကျုံးဝင်သော “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား”(Identity Card for National Verification)ထုတ်ပေးရန် ကော်မရှင်၏ အကြံပြုချက်ကို နိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်ကြောင်း၊  တာဝန်ပေးချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသည် (၅-၆-၂၀၁၅)ရက်နေ့မှစ၍ ထိုယာယီ သက်သေခံကတ်ပြား ထုတ်ပေးရေးကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းပြပါသည်။
    .
    ** ပုဒ်မ-၆၅။ ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်။

    ဆက်စပ်အကြောင်းအရာ ဖတ်ရှုရန်
    ———————————-
    သတင်းအမှားဖြင့် လုပ်ကြံ ဝါဒဖြန့်ခံရသည့် မြန်မာမွတ်စလင်မ်တို့၏ သမိုင်းဝင် ခံလူးကျေးရွာကြီး
    http://www.m-mediagroup.com/news/43149

  • မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    malay

    – မိမိတို့နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူကို ပထမဆုံး တွေ့ရှိခဲ့ရသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် အတည်ပြုလိုက်ပြီး၊ အဆိုပါ အမျိုးသမီးမှာ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ရာ စင်ကာပူနိုင်ငံမှ မကြာသေးမီက ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ကူးစက်သူအမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဖြစ်ပြီး ဆီလန်ဂေါပြည်နယ် ကီလာနာ ဂျာယာတွင် အလုပ်လုပ်နေသူဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနိုင်ငံမှ ကလန်းသို့ ပြန်ရောက်လာပြီးနောက် ဇီကာဗိုင်းရပ်စ်ကူးစက်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ထိုအမျိုးသမီးမှာ ဆွန်ဂိုင်းပူလိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ဆူဘရာမာနီယမ် ဆာသာဆီဗမ်က ၎င်း၏ သမီးဖြစ်ပြီး စင်ကာပူရှိ Paya Lebar တွင်နေထိုင်သူမှာလည်း ဇီကာဗိုင်းရပ်စ်ကူးစက်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းမှာ စင်ကာပူတွင် အလုပ်လုပ်နေပြီး ဇီကာဗိုင်းရပ်စ်ကူးစက်နေသူ မလေးရှားနိုင်ငံသား ၅ ဦးမှ တစ်ဦးလည်းဖြစ်သည်။

    ထိုအမျိုးသီးနေထိုင်ရာ ကလန်းဒေသ၌ လက်ရှိတွင် အခြားကူးစက်မှုများ ရှိ၊ ရှိကို ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း၊ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကားဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်လာသည့် ကားများအားလုံးကို ခြင်ဆေးဖြန်းရန် ကျန်းမာရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်က ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကူးစက်သူ စုစုပေါင်း ၁၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

    Ref: straitstimes,channelnewsasia

  • မိမိတို့မှာ “တုတ်ဝေတုန်းက ပါခဲ့ပြီး၊ မုန့်ဝေတော့ မပါ” တော့ဟု ဘန်ကီမွန်းနှင့် တွေ့ဆုံစဉ် မြန်မာမွတ်စလင်မ်ကိုယ်စားလှယ် ပြော

    မိမိတို့မှာ “တုတ်ဝေတုန်းက ပါခဲ့ပြီး၊ မုန့်ဝေတော့ မပါ” တော့ဟု ဘန်ကီမွန်းနှင့် တွေ့ဆုံစဉ် မြန်မာမွတ်စလင်မ်ကိုယ်စားလှယ် ပြော

    သြဂုတ် ၃၁ ၊ ၂၀၁၆
    M-Media
    သတင်း-မြတ်သူအောင်
    .14203157_510585602471919_4150447353579815817_n.
    ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းသည် ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့်  သြဂုတ် ၃၁ ရက်နေ့က နေပြည်တော်ရှိ Kempinski ဟိုတယ် တွင် နံနက် ၈ နာရီမှ ၉ နာရီ ထိ တွေ့ဆုံ ဆွေးနွေးနွေးခဲ့ကြပါသည်။
    .
    ထိုသို့ တွေ့ဆုံရာတွင် ဘာသာတခုကို ၃ မိနစ်ခန့် စကားပြောခွင့်ရခဲ့ကြောင်း သိရသည်။ တွေ့ဆုံ ပွဲသို့ အစ္စလာမ်ဘာသာအဖွဲ့ မှ ၄ ဦး တက်ရောက်ခွင့်ရရှိခဲ့ပြီး အစ္စလာမ်ဘာသာ ကိုယ်စားပြုပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာ သာရေးအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အိုလမာအစ္စလာမ်သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ကိုယ်စားလှယ် ဦးကျော်ငြိမ်း မှ အားလုံး ကိုယ်စား စကားပြောကြားခဲ့ကြောင်း သိရသည်။
    .
    ထိုသို့တင်ပြ ပြောဆိုရာတွင်
    .
    မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား သမိုင်းကြောင်းအရ အငြိုးအတေးများမ၇ှိကြောင်း၊ မြန်မာ မွတ်စလင်မ်တွေဟာ အေးချမ်းစွာ ဥပဒေကို လေးစားလိုက်နာသူတွေပဲဖြစ်တယ်။ နိုင်ငံကို အကျိုးပြုတဲ့ ကဏ္ဍတွေမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့သူတွေသာဖြစ်ကြောင်း ၊ ပဋိပက္ခတွေ ဖြစ်ခဲ့သမျှမှာ နိုင်ငံအရ သွေးထိုး လှုံဆော်မှုတွေကြောင့် ဖြစ်ခဲ့တာဖြစ်ကြောင်း၊ ၂၀၁၁ ၊ ၂၀၁၂ မွတ်စလင်မ်တွေနဲ့ အမျိုးစုံအောင် လှုံဆော်မှုတွေရှိခဲ့ကြောင်း၊ အဲဒါတွေက အမုန်းတရားတွေကို ဦးတည်စေခဲ့ကြောင်း
    .
    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များမှာ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတမ်းဒေသတွင်သာ နေထိုင်သည် မဟုတ်ဘဲ၊ နိုင်ငံတစ်ဝှမ်းလုံးတွင် အခြားသော လူ့အဖွဲ့အစည်းများနှင့်အတူ ယှဉ်တွဲနေထိုင်နေကြပြီး အလယ်အလတ်အမြင်ရှိသူများ၊
    လူ့အဖွဲ့အစည်းနှင့် လိုက်လျော ညီထွေဖြစ်ကြသူများ ဖြစ်ကြောင်း၊  မြန်မာမွတ်စလင်များကို တရားမ၀င် ခိုးဝင်သူတွေမဟုတ်၊ နိုင်ငံခြားသားများမဟုတ် သစ္စာစောင့်သိသည့် နိုင်ငံသားများအဖြစ်သာ ရှုမြင်သင့်ပါကြောင်း၊
    .
    ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ပုဒ်မ ၃၄၇ တွင် မည်သူမဆို ဥပဒေရှေ့မှောက်တွင် တူညီသော ခံစားခွင့်ရှိကြောင်း၊ ဥပဒေအရ တူညီသောကာကွယ်မှုမျိုး ပေးအပ်ရမည်ဟု အာမခံပေးထားကြောင်း၊ သို့သော်လည်း ထိုအခွင့်အရေးနှင့် အကာကွယ်အ
    ကွယ်များက စာအုပ်ထဲတွင်သာရှိပြီး လက်တွေ့တွင် သက်ရောက်ခြင်းမရှိကြောင်း။ မိမိတို့ မြန်မာမွတ်စလင်မ်တွေ အဖြစ်က  မြန်မာစကားပုံတစ်ခုဖြစ်သော “တုတ်ဝေတုန်းက ပါခဲ့ပြီး၊ မုန့်ဝေတော့ မပါ” ဆိုသလို ဖြစ်နေကြောင်း ၊
    .
    မိမိတို့အနေဖြင့် ခွဲခြားဆက်ဆံမှုပုံစံအားလုံးကို မဖြစ်မနေ ကျော်ဖြတ်ရမည်ဖြစ်ပြီး ၊တန်းတူညီမျှ အခွင့်အရေးများ၊ ဒီမိုကရေစီက အာမခံပေးထားသည့် လူ့အခွင့်အရေးများကို ပေးအပ်ရမည်ဖြစ်ကြောင်း ဒါမှ တိုင်းပြည်တိုးတက်မှာ ဖြစ်ကြောင်း၊
    .
    ဘာသာပေါင်းစုံမှ တရားပြမှုတစ်ခုတည်းဖြင့် ထိုအရာများကို တားဆီးရန် မလုံလောက်ဘဲ၊ ဥပဒေပိုင်းဆိုင်ရာ ကာကွယ်မှု လုပ်ငန်းများ၊ အရေးယူမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ ဥပဒေစိုးမိုးရေး အဖွဲ့များ၏ လုပ်နိုင်စွမ်းကိုလည်း ခိုင်မာအောင် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊
    .
    မြန်မာမွတ်စလင်များ ကြုံတွေ့နေရသည့် ကြီးမားသည့် ပြဿနာတစ်ခုက နိုင်ငံသားစီစစ်ရေး ပြဿနာဖြစ်ကြောင်း၊ အစ္စလာမ်ဘာသကို ကိုးကွယ်ခြင်းနှင့် ကပြားဖြစ်ခြင်းတို့ကို အကြောင်းပြကာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ၊
    အာဏာပိုင်များက မိမိ တို့အား နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ပေးရန် ငြင်းဆိုလျက်ရှိကြောင်း၊
    .
    မွတ်စလင်ကျောင်းသားများ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များ တက်ဖို့ အဆင့်မှီသော်လည်း  နိုင်ငံသားစီစစ်ရေးကဒ်ပြားကို လူဝင်မှုကြီးကြပ်ရေးက ထုတ်မပေးသောကြောင့် တက်ရောက်ခွင့်မရကြောင်း၊  ထိုကဒ်ပြားမရှိခြင်းကြောင့် ဘွဲ့လက်မှတ် မထုတ်ပေးသည့် အဖြစ်အပျက်တစ်ချို့လည်း ရှိနေကြောင်း၊
    .
    ပဋိပက္ခများ မဖြစ်တော့သော်လည်း အပိတ်ခံထားရသော ဗလီဝတ်ကျောင်းတော်များ၊ ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုမှုများကို အစိုးရက လက်မခံကြောင်း၊
    .
    ထို့ကြောင့် မြန်မာမွတ်စလင် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ထည့်သွင်းစဉ်းစားပေးရန်အတွက် ၊မစ္စတာ ဘန်ကီမွန်း၊ မိမိတို့၏ခေါင်းဆောင်ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်ဝန်ကြီးများအား အလေးအနက်
    တိုက်တွန်းလိုက်ပါကြောင်း၊
    .
    စသည့် အကြောင်းအရာကို တင်ပြ ခဲ့ကြောင်း သိရှိရပါသည်။
    .
    ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက ” ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ ကို ကြားသိရပါကြောင်း၊ ဘာသာတခုရဲ့ အခွင့်အေ၇းကို တခြား ဘာသာတခုက နစ်နာအောင် မပြုသင့်ကြောင်း၊ အချင်းချင်း အပြန်အလှန်လေးစားဖို့လိုအပ်ကြောင်း ၊ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတဲ့ အပေါ်မိမိတို့ နောက်လိုက်များကို သြဇာရှိတဲ့ သူဖြစ်တာနှင့်အညီ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ဘာသာရေး ခေါင်းဆောင်တွေမှာလည်း တာဝန်ရှိကြောင်း၊သူ  မြန်မာပြည် လာရောက်ခဲ့သည်မှာ ၅ ကြိမ်ရှိပြီဖြစ်ကြောင်း ၊ နောက် ၄ လဆိုလျင် သူ အနားယူတော့ မှာ ဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့ အေ၇းပြသနာ အားလုံး အဆင်ပြေအောင် သူအနေနဲ့ အထူးကြိုးစားခဲ့တယ် ပြောကြားခဲ့ကြောင်း” ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့  မြန်မာ- မွတ်စလင် လူငယ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းက M-Media ကို ပြောကြားခဲ့ပါသည်။
    .
    ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း သည် ဘာသာရေး ကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ေ၇း ကိုယ်စားလှယ်များနှင့်လည်း  တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။
    .
    မစ္စတာ ဘန်ကီမွန်း ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း မေတ္တာ ရပ်ခံလာသည့်အတွက် အစိုးရ တာဝန်ရှိသူများမှ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

  • ဟဂ်ျရာသီအတွင်း ကျန်းမာရေးနှင့် အစားအသောက် စောင့်ကြည့်မည့် အစီအစဉ် မက္ကာဟ်စတင်

    ဟဂ်ျရာသီအတွင်း ကျန်းမာရေးနှင့် အစားအသောက် စောင့်ကြည့်မည့် အစီအစဉ် မက္ကာဟ်စတင်

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    holy

    – ဟဂ်ျရာသီအတွင်း မြို့အတွင်းရှိ ဈေးများ၊ စူပါမားကတ်များ၊ မုန့်ဖုတ်စင်တာများ၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်များကို စောင့်ကြည့်ရန် အစီအစဉ်၊ လူထုကျန်းမာရေးနှင့် ဆက်စပ်သည့် စောင့်ရှောက်မှုပေးမည့် အစီအစဉ်များကို မက္ကာဟ်မြို့တော် စည်ပင်သာယာရေးအဖွဲ့က ကြေငြာလိုက်သည်။

    ယခုဆောင်ရွက်မှုများမှာ မက္ကာဟ်သို့လာရောက်သည့် ဘုရားဖူးများနှင့် ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် လူစည်ကားသည့် ဟဂ်ျရာသီအတွင်း ဈေးကွက်များ အန္တရာယ်ကင်းရှင်းရေးကို သေချာစေရန် ဆောင်ရွက်မှုလည်းဖြစ်သည်။

    ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဌာန၏ အထွေထွေညွှန်ကြားရေးမှူးက ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် မီးဖိုဆောင်များကို စောင့်ကြည့်ရေးနှင့် ဈေးကွက်အတွင်း မကောင်းသောအမူအကျင့်များကို အရေးယူနိုင်ရေးအတွက် ကော်မတီအများအပြားကို ဖွဲ့စည်းခဲ့သည်။

    အစိုးရအာဏာပိုင်အဖွဲ့များ၊ စောင့်ကြည့်ရေးကော်မတီများဖြစ်သော စတိုးဆိုင် ဖြန့်ချီရေးကော်မတီ၊ စားသောက်ကုန် အဟာရတန်ဖိုး ဆန်းစစ်ရေးကော်မတီ၊ အစားအဆိပ်သင့်မှုဆိုင်ရာ ကော်မတီ၊ စားသောက်ကုန်ဈေးနှုန်းဆိုင်ရာကော်မတီ၊ ရေတိုင်ကီများ ပိုးသတ်ရေးဆိုင်ရာကော်မတီ၊ လုံခြုံရေးကော်မတီတို့ဖြင့် ထိုလှုပ်ရှားမှုကို ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

    ယခု စီမံချက်မှာ ဟဂ်ျဘုရားဖူးလာရောက်ကြသူများအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်မွန်သော ပြည်သူ့ကျန်းမာရေးစနစ်မျိုး ရရှိခံစားနိုင်ရေး ရည်ရွယ်ခြင်းဖြစ်သည်။

    Ref : IINA