News @ M-Media
Blog
  • လူမျိုးဘာသာမရွေး နိုင်ငံသား အခွင့်အရေး တန်းတူ ခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော
    လူမျိုးဘာသာမရွေး နိုင်ငံသား အခွင့်အရေး တန်းတူ ခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော
    DB7C687F-3C90-45FC-AE4B-40E94DDF7980_cx6_cy6_cw80_w987_r1_s_r1
    မြန်မာနိုင်ငံတွင်းက မတူညီတဲ့ ဘာသာ လူမျိုးနောက်ခံရှိ ပြည်သူအားလုံးဟာ တန်းတူရည်တူ နိုင်ငံသားအခွင့်အရေးတွေ ခံစား ရယူခွင့်ရှိသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။
    .
    ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုဖြေရှင်းဖို့ ကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ်မှာလည်း လက်ရှိ အစိုးရကို ချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
    .
    ဒီကနေ့ညဦးပိုင်း နေပြည်တော် နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပေမယ့်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပဲ အဓိကထားပြီး ပြောဆိုထားတာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ချီးကျူး ပြောဆိုခဲ့ပေမယ့် စိန်ခေါ်အကဲစမ်းချက်တွေ ရှိတယ်ဆိုတာလည်း ထောက်ပြသွားပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲကအခြေအနေတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။
    .
    “ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ၊ဘယ်လိုစီးပွားရေးအခြေအနေ အောက်မှာဖြစ်ဖြစ် မြန်မာပြည်သူအားလုံးဟာ လွတ်လပ်မျှတပြီးတော့ ဘေးကင်းလုံခြုံတဲ့အခြေအနေအောက် ၊ ပိုပြီးကောင်းမွန်တဲ့ လူမှုစီးပွား အခွင့်အလမ်းတွေ လိုလားနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရော ကျနော်ပါ သဘောထားတူခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေပါတယ် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းဖို့ကလည်း အစိုးရက လိုလားတာတွေ့ရပါတယ်။ IDP ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာဆင်းဆင်းရဲရဲ ကျပ်တည်းတဲ့ အနေအထားတွေအောက်နေနေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုကိုလည်း ကျနော်ပြောပြပါတယ်။ တခြားနေရာက ပြည်သူတွေလိုပဲ သူတို့ဟာလည်း သူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ လူသားဂုဏ်သိက္ခာတွေ ရသင့်ပါတယ်။ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လူမျိုး လက္ခဏာသတ်မှတ်ချက်အခွင့်အရေးရဖို့ သတ်သတ် မဟုတ်ပါဘူး။ မတူတဲ့ဘာသာ မတူတဲ့ လူမျိုးရှိတဲ့ မြန်မာပြည်သားအားလုံး အခွင့်အရေး မျှမျှတတနဲ့ ဟန်ချက်ညီညီ အတူတကွ ယှဉ်တွဲနေထိုင်သွားလာဖို့ လိုပါတယ်။”
    .
    ဒါ့အပြင် မြန်မာနိုင်ငံအတွက် မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးတန်းတူညီတူ နိုင်ငံသားအခွင့်အရေးရဖို့ အခြေအနေကိုလည်း သူက မီးမှောင်းထိုးပြောသွားပါတယ်။ သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်တလျှောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှူးချုပ်က ပြောဆိုသွားပါတယ်။
    .
    အထူးသဖြင့်တော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရတာဝန်ယူချိန်မှာ အတူတကွ တွဲလုပ်ရတာကို သူ့အနေနဲ့ ဂုဏ်ယူတဲ့အကြောင်းပြောပါတယ်။
    .
    “ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လက်တွဲလုပ်နိုင်တာအတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုမျိုး အစိုးရအဖွဲ့အတွင်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ အချိန်ကာလမျိုးမှာ ကုလသမဂ္ဂဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အစဉ်မပျက်ထောက်ခံခဲ့တာပါ။”
    .
    သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်မြန်မာစစ်အစိုးရကို အပြောင်းအလဲအတွက် တိုက်တွန်းခဲ့တာကိုလည်း ပြောဆိုသွားသလိုပဲ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်စတင်ဆောင်ရွက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရသစ်အတွက် အကဲစမ်းမှုတွေ အခက်အခဲတွေ ရှိပေမယ့်လို့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ရှေ့ တိုးဆောင်ရွက်နိုင်ဖို့ဟာ နိုင်ငံတကာ မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။
    .
    ၂၁ ပင်လုံနဲ့ ပတ်သက်လို့တော့ ပါဝင်သူတွေရဲ့ စိတ်ရှည်မှု၊ ပိုင်းဖြတ်မှုနဲ့ ဆွေးနွေးလိုစိတ်တွေအပေါ်မှာ သူ့အနေနဲ့ ချီးကျူးကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သတင်းပတ်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင် ကြောင့် လူ ထိခိုက်သေဆုံးမှုတွေနဲ့ သမိုင်းဝင် ဘုရားပုထိုး ပျက်စီးမှုတွေအပေါ်မှာ ၀မ်းနည်းတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။
    .
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    http://burmese.voanews.com/a/ban-ki-moon-equality-of-the-rights-/3486510.html
  • ယူအေအီး ပညာရှင်တစ်ဦး နိုင်ငံတကာ တီထွင်မှုပြိုင်ပွဲတွင် ဆုတံဆိပ် အများအပြား ရရှိ
    ယူအေအီး ပညာရှင်တစ်ဦး နိုင်ငံတကာ တီထွင်မှုပြိုင်ပွဲတွင် ဆုတံဆိပ် အများအပြား ရရှိ
    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media
    UAE 2
    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ ပညာရှင်တစ်ဦးဖြစ်သူ အဟ်မဒ် အဗ္ဗဒူလာ မာဂျန်မှာ ‘ကနေဒါ နိုင်ငံတကာတီထွင်ကွန့်မြူးနိုင်စွမ်းပြိုင်ပွဲ’ (iCAN 2016) ၌ ရွှေတံဆိပ်ဆု သုံးခုနှင့် ငွေတံဆိပ်ဆုနှစ်ခုတို့ ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    အဆိုပါ ပြိုင်ပွဲကို စီစဉ်ခဲ့သည့် တိုရွန်တို နိုင်ငံတကာ တီထွင်ဖန်တီးရေးနှင့် အဆင့်မြင့်ကျွမ်းကျင်မှု အတတ်ပညာအဖွဲ့အစည်း (TISIAS) ကလည်း အရှေ့အလယ်ပိုင်းဒေသမှ အကောင်းဆုံးတီထွင်နိုင်သူအဖြစ် မာဂျန်ကို ဆုဖလားချီးမြှင့်ခဲ့ပြီး၊ ပြိုင်ပွဲအတွက် အကောင်းဆုံးတီထွင်မှု ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့သည်။
    အဆိုပါပြိုင်ပွဲ၌ မာဂျန်မှာ တစ်ဦးချင်း တီထွင်ယှဉ်ပြိုင်သူအနေဖြင့် ဆုတံဆိပ်အမြောက်အများကို ဆွတ်ခူးခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု တီထွင်မှု ၃၄ ခုကို ပြုလုပ်နိုင်ခဲ့သည်။
    နိုင်ငံတကာ တီထွင်ဖန်တီးသူများအသင်း အဖွဲ့ချုပ် (IFIA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မာဂျန်မှာ ၎င်း၏ မော်ကွန်းတင်အောင်မြင်မှု ရရှိနိုင်ရေး တီထွင်မှု၊ ဖန်တီးမှုနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးသည့် သမ္မတ ရှိခ် ခလီဖာဘင် ဇေယဒ် အလ်-နဟ်ယန်၊ UAE အစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
    မာဂျန်မှာ စမတ်နည်းပညာသုံး ဆိုင်ကယ်စီးဦးထုပ်၊ စမတ်နည်းပညာသုံး မြင်းကုန်းနှီး၊ နေရောင်ခြည်စွမ်းအင်သုံး တိရစ္ဆာန် ထောက်လှမ်းရေးကိရိယာ စသည်တို့ တီထွင်မှုအတွက် ရွှေတံဆိပ် သုံးခု ရရှိခဲ့သည်။ ဆိုင်ကယ်စီးဦထုပ်မှာမူ အရှေ့အလယ်ပိုင်း၏ အကောင်းဆုံး တီထွင်မှုဆုကိုလည်း ရရှိခဲ့သည်။
    နေရာင်ခြည်စွမ်းအင်သုံး စက်ဘီးထောက်လှမ်းရေးကိရိယာနှင့် သက်ကြီးရွယ်အိုများအတွက် စမတ်နည်းပညာသုံး တုတ်ချောင်း စသည်တို့အတွက် ငွေတံဆိပ်ဆုနှစ်ခု ချီးမြှင့်ခံခဲ့ရသည်။
    Ref : IINA
  • မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ဖို့ အိန္ဒိယ ကြိုးစားလာ
    မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ဖို့ အိန္ဒိယ ကြိုးစားလာ
    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media
    india 4
    – အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီးခြေလှမ်းတိုင်းတွင် မိတ်ဖက်အဖြစ် မားမားမတ်မတ် ရပ်တည်ပေးသွားမည်ဟု အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီက တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အရေးကြီးမှုကို အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။
    နှစ်နိုင်ငံစလုံးက ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားမှာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေသည်ကို အသိအမှတ်ပြုသည်။
    ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ အာဏာရပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံတော်အဆင့် လည်ပတ်မှုအဖြစ် မြန်မာသမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံသို့ လ်ာရောက်မှုတွင် လုံခြုံရေးနှင့် ဖွံ့ဖြိုးကိစ္စများအား ဆောင်ရွက်ရာ၌ အိန္ဒိယမှာ မြန်မာနိုင်ငံ၏ စိတ်ချယုံကြည်ရသော မိတ်ဖက်အဖြစ် ဆက်ရှိနေမည်ဟု မိုဒီက ကတိပြုခဲ့သည်။
    လက်နက်ကိုင်အုပ်စုများ ၎င်းတို့၏မြေကို အသုံးပြုကာ တိုက်ခိုက်မှု ပြုလုပ်ခြင်းကို ခွင့်မပြုဟုလည်း နှစ်ဖက်စလုံးက အပြန်အလှန် ကတိပြုခဲ့ကြသည်။ လက်နက်ကိုင်အုပ်စုများမှာ ယခင်က မြန်မာနိုင်ငံနယ်နမိတ်ကို ခြေကုပ်ယူကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံက မကြာသေးခင်ကမှ နှိမ်နင်းခဲ့သည်။
    “၂၁ ရာစု ပင်လုံညီလာခံ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယက အပြည့်အ၀ ထောက်ခံကြောင်း ပြောကြားလိုပါတယ်” ဟူသည့် မိုဒီ၏မှတ်ချက်ကလည်း အရေးပါသည်။ အဆိုပါ ပင်လုံညီလာခံကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် လက်နက်ကိုင်အုပ်စု ၃ ခုလည်း ထိုစားပွဲဝိုင်းသို့ ရောက်လာခဲ့သည်။
    ထိုအုပ်စု ၃ ခုအား ညီလာခံသို့ တက်ရောက်ရေး တွန်းအားပေးရာတွင် တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ဒေါ်အောင်စုကြည်နှင့် အပြန်အလှန်နားလည်မှုရရေး ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း တရုတ်၏ ထိုဆောင်ရွက်မှု၏ အဓိကမောင်နှင်အားမှာ မှောင်ခိုလုပ်ငန်းများအပေါ် စိုးရိမ်မှုနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လမ်းများ၊ ရထားလမ်းများ တည်ဆောက်ရေး အခွင့်အလမ်းကို ရရှိရန် ကြိုးပမ်းမှုတို့ ဖြစ်သည်။
    လက်နက်ကိုင်အဖွဲ့များနှင့် စီးပွားရေးအင်အား တောင့်သူများကို တရုတ်က လက်ဝါးရိုက်ထားနိုင်မှုအတွက် မြန်မာနိုင်ငံက မဖြစ်မနေ သတိထားရမည့် အချက်ကို လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းမှ အမြတ်ထွက်မည့် အိန္ဒိယကလည်း သိရှိထားပြီး မိမိတို့နိုင်ငံမှာ မြန်မာနိုင်ငံ၏ မဟာမိတ်ဖြစ်ကြောင်း ပြသချင်နေသည်။
    မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံ စလုံးမှာ ပဲအမျိုးမျိုးကုန်သွယ်ရေးအတွက် ရေရှည်တည်တံ့ပြီး နှစ်ဖက်အကျိုးရှိမည့် ပုံမှန်ဆောင်ရွက်မှုများကို ပြုလုပ်ရန် သဘောတူခဲ့သည်။
    မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံကို ပဲပမာဏများစွာ တင်ပို့နိုင်သည့် အခြေအနေမျိုးရှိသော နိုင်ငံအနည်းငယ်မှ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံနှင့် နက်ရှိုင်းသောဆက်ဆံရေး တည်ဆောက်ခြင်းကလည်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ပထ၀ီနိုင်ငံရေးကဏ္ဍ ယှဉ်ပြိုင်ရာ နယ်ပယ်ဖြစ်နေသည်။
    မိုဒီက မိမိတို့နိုင်ငံမှာ မြန်မာနိုင်ငံအား လျှပ်စစ်စွမ်းအား တိုးမြှင့်ထောက်ပံ့ပေးရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့ပြီး ကုလားတန်စီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံချင်းဆက် အဝေးပြေးကားလမ်း၊ အိုင်တီနယ်ပယ်တို့ကဲ့သို့ သီးသန့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လယ်ယာစိုက်ပျိုးရေး အဆင့်မြင့် သုတေသနစင်တာတစ်ခု တည်ဆောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်ထုတ်လုပ်မှု လေ့ကျင့်သင်ကြားပေးရေး ကဏ္ဍများတွင် အစီအစဉ်အသစ်များ ဆောင်ရွက်ရန်အတွက်လည်း ပြောကြားခဲ့သည်။
    အိန္ဒိယနှင့် မြန်မာတို့မှာ ဆက်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတို့တွင်လည်း နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။ တံတား ၇၀ နီးပါးနှင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြန်းလမ်း၏ ကလေးဝ-ယာဂီ လမ်းပိုင်း အဆင့်မြှင့်တင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန်လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
    Ref: Times of India
  • ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်
    ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်
    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media
    umbrella 3
    – ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ ရောက်ရှိလာမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေလွယ်ကူစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဘက်စုံသုံး ထီးတစ်ခုကို ဆော်ဒီ-ပါလက်စတိုင်း နည်းပညာကုမ္ပဏီက တီထွင်ခဲ့သည်။
    Knowledge-Base ကုမ္ပဏီဖြစ်ပြီး အဆိုပါ ထီးကို Kafya ဟု အမည်ပေးထားကာ ဓာတ်မီး၊ ပန်ကာနှင့် GPS စနစ်တို့ကို ထီးအရိုးတွင် တပ်ဆင်ထားသည်။ ထီးအရွက်ပေါ်ရှိ ဆိုလာဆဲလ်များက နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းပေးကာ ထီးတွင်တပ်ဆင်ထားသည့် ထိုစနစ်များအတွက် စွမ်းအင်ပေးမည်ဖြစ်သည်။
    ထို့ပြင် ဖုန်းများ၊ တက်ဘလက်များကို အားသွင်းနိုင်ရန်အတွက် USB အပေါက်များလည်း ထီးအရိုးတွင် ထည့်သွင်းထားသည်ဟု ထီထွင်သူ မာနဲလ် ဒန်ဒစ်က ပြောကြားခဲ့သည်။
    ဟဂ်ျကျင့်စဉ်တွင် မက္ကာဟ်နှင့် မဒီနာမြို့ရှိ ဒေသအများအပြားသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းမှုများ၊ ကျင့်စဉ်များကို ပြုလုပ်ရခြင်းကြောင့် အပူချိန်ပြင်းထန်သည့် ထိုဒေသတွင် ဘက်စုံသုံးနိုင်သည့် ယခုထီးက အလွန်အသုံးဝင်ဖွယ် ရှိနေသည်။
    ယခုနှစ်ဟဂ်ျရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ကျရောက်နေမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင် ၃ သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။
    umbrella 2
    umbrella
    Ref: citylab.com
  • မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ထိုင်းနိုင်ငံတွင် ပထမဆုံး ဟာလာလ်ဟိုတယ် ဖွင့်လှစ်
    မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ထိုင်းနိုင်ငံတွင် ပထမဆုံး ဟာလာလ်ဟိုတယ် ဖွင့်လှစ်
    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media
    halal 1
    – ဗုဒ္ဓဘာသာဝင်အများစုရှိရာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဟာလာလ်ဟိုတယ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီး နိုင်ငံ၏ ၀င်ငွေအကောင်းဆုံး စီးပွားရေးကဏ္ဍမှ တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းအား မြှင့်တင်ရန်နှင့် မွတ်စလင် ခရီးသွားများကို ဆွဲဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ သန်း ၃၀ နီးပါး ရှိခဲ့ပြီး အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ၆၅၈၀၀၀ ဦးသာ ပါဝင်သည်ဟု မှတ်တမ်များအရ သိရသည်။
    ဘန်ကောက်မြို့ရှိ ယခုဟိုတယ်မှာ Al Meroz ဟုအမည်ရပြီး ကြယ်လေးပွင့်အဆင့်ရှိကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖွင့်လှစ်မှုက ခရီးသွားလုပ်ငန်း ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံ့ဝင်ငွေ တိုးလာစေရေး အဓိကကျမည်ဟု မျှော်လင့်နေသည်။
    “ကမ္ဘာပေါ်မှာ မွတ်စလင် သန်း ၁၆၀၀ ကျော်ရှိပါတယ်။ တော်တော်လေးကြီးမားတဲ့ ခရီးသွားဈေးကွက်ပါ။ အဲဒီထဲက ၁ ရာခိုင်နှုန်းလောက် ဈေးကွက်ရရင်ပဲ ကျွန်တော်တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ လုံလောက်ပါပြီ” ဟု ဟိုတယ်၏ အထွေထွေမန်နေဂျာ ဆန်ယာ ဆာအင်ဘွန်က ပြောကြားခဲ့သည်။
    ဗလီဝတ်ကျောင်းတော်ပုံသဏ္ဍာန် တည်ဆောက်ထားသည့် အဆိုပါ ဟိုတယ်တွင် ၀တ်ပြုခန်းနှစ်ခု ပါဝင်ပြီး ဟာလာလ်အစားအသောက်များကို တည့်ခင်းဧည့်ခံမည့် ထမင်းစားခန်းမ ၃ ခု ပါဝင်လေသည်။
    အခန်းဈေးနှုန်းများကတော့ တစ်ညလျှင် ဘတ် ၄၀၀၀ မှ ၅၀၀၀၀ အထိ (ကန်ဒေါ်လာ ၁၁၆ ဒေါ်လာမှ ၁၄၄၅ ဒေါ်လာ) ရှိသည်ဟု ဆန်ယာက ထည့်သွင်းပြောကြားခဲ့သည်။
    A prayer room is seen at the Al Meroz hotel in Bangkok, Thailand, August 29, 2016. REUTERS/Chaiwat Subprasom
    ထိုဟိုတယ်တွင် လာရောက်တည်းခိုသည့် သြစတေးလျမှ ရဲတပ်ဖွဲ့အရာရှိ အသက် ၂၈ နှစ်အရွယ် အာမီရ် ဖာဇဲလ်က ယခုကဲ့သို့ ဟာလာလ်ဟိုတယ်များ ရှိနေခြင်းမှာ ဟာလာဟ်အစားသောက် ရှာဖွေရန်ခက်ခဲသည့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော မွတ်စလင်ခရီးသွားများအတွက် သက်တောင့်သက်သာ ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
    “တကယ့်ကို တည်းလို့ခိုလို့ကောင်းပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဟာလာလ်ဟိုတယ်ဖြစ်ပြီး အင်မတန်ကောင်းတာကိုလည်း ကျွန်တော် တွေ့ပါတယ်” ဟု ဖာဇဲလ်က ပြောကြားခဲ့သည်။
    ကြီးထွားလာသည့် မွတ်စလင်ခရီးသွားဈေးကွက်အား ၀င်ရောက်ရန်အတွက် ထိုင်းနိုင်ငံမှာ ခရီးသွားများ ဟာလာလ်အစားအသောက်နှင့် မွတ်စလင်များအတွက် ဆွဲဆောင်နိုင်စရာ နေရာများကို ရှာဖွေနိုင်သည့် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲတစ်ခုကို ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။
    ထိုင်းနိုင်ငံတောင်ဘက် မလေးရှားနှင့်ကပ်နေသည့် ဒေသမှာ မွတ်စလင်အများစုနေထိုင်ရာ ဒေသဖြစ်သည်။
    မလေးရှားမှ ခရီးသွားများမှာ နယ်စပ်ကိုဖြတ်ကျော်၍ ရက်တိုလာရောက်လည်ပတ်မှုများ ရှိနေသ်ာလည်း ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် ခရီးသွားလုပ်ငန်းမှာ ထင်သလောက် ကောင်းမလာခဲ့ပေ။
    ထိုင်းနိုင်ငံသို့ အရှေ့အလယ်ပိုင်းမှ ခရီးသွားများ လာရောက်လည်ပတ်မှုမှာ ၂၀၁၄ ခုနှစ် နှိုင်းယှဉ်ပါက ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း တက်လာခဲ့သည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြနေသည်။
    Ref: Channelnewsasia
    halal 0