သြဂုတ် ၂၇၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးနှင့် ရေပေးဝေမှုလုပ်ငန်းများကဲ့သို့ စီမံကိန်းများအတွက် ယန်း ဘီလီယံ ၁၀၀ (ကန်ဒေါ်လာ ၉၉၄ သန်း) ကို အတိုးနည်းနည်းဖြင့်ချေးရန် အဆင်သင့်ရှိနေသည်ဟု ဂျပန်နိုင်ငံက ပြောကြားလိုက်ပြီး၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရေး နောက်ဆုံးပေါ်ထွက်လာသည့် ခြေလှမ်းလည်းဖြစ်သည်။
ယခုအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ မတ်လတွင် အာဏာရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ၏ ပထမဆုံး ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးကူညီထောက်ပံ့မှုလည်း ဖြစ်သည်။
ယခု ချေးငွေပေးမည့်ကိစ္စကို စက်တင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လာအိုတွင်ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် ကြေငြာဖွယ်ရှိနေသည်။
ထိုငွေကြေးများကို ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းအထိ ဆက်သွယ်ထားသည့် ရထားလမ်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ရေပေးဝေမှု စနစ်များ၊ ကျေးလက်ဒေသများတွင် လမ်းပမ်းဆက်သွယ်ရေးဖွံ့ဖြိုးမှုနှင့် အခြား ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်းများ အပါအ၀င် စီမံကိန်း ၅ ခုတွင် သုံးစွဲရမည် ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် အာဘေး၏ အထူးကြံပေးဖြစ်သူ ဟီရိုတို အီဇူမီကလည်း ထိုကဲ့သို့ ချေးငွေထုတ်ပေးရန် ရည်ရွယ်ထားမှုကို ကြာသာပတေးနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အသိပေးခဲ့သည်။
တရုတ်၊ အိန္ဒယနှင့် အရှေ့တောင်အာရှတို့ဆုံရာ အချက်အချာနေရာတွင် တည်ရှိနေသည့် မြန်မာနိုင်ငံအား အခြားသောနိုင်ငံများကလည်း ကူညီရန် အလိုရှိနေပြီး၊ ပြီးခဲ့သည့်တစ်ပတ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် သမ္မတ ဇီဂျင်ပင်းက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးကဏ္ဍတွင် ကူညီပေးရန် ကမ်းလှမ်းခဲ့သည်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ကတည်းက ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာအောင် ကြိုးစားဆောင်ရွက်နေပြီး၊ ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်တွင် အကြွေး ယန်းငွေ ဘီလီယံ ၅၀၀ ကို လျှော်ပေးခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင်လည်း နိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အဦးနှင့် အခြားသော စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယန်း ဘီလီယံ ၁၀၀ နှစ်ရှည်ချေးငွေထုတ်ပေးရန် ကြေငြာခဲ့သည်။
Ref: Asia.nikkei