စက်တင်ဘာ ၁၊ ၂၀၁၆
M-Media
– နိုင်ငံအသင်းတွင် ကစားရခြင်းမှာ အလွန်ပင် နှစ်မြို့စရာကောင်းမည်ဟု မိမိ မထင်ထားခဲ့ကြောင်း လက်ရွေးစင်ကစားသမားဘ၀မှ ပူပူနွေးနွေး အနားယူလိုက်သည့် ဂျာမနီကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ရှဝိုင်းစတိုင်ဂါ၏ လက်ရွေးစင်အသင်းမှ နှုတ်ဆက်ပွဲအဖြစ် ယမန်နေ့က ဖင်လန်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ဂျာမနီက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပွဲမစခင်တွင် ရှဝိုင်းစတိုင်ဂါမှာ မျက်ရည်လည်ရွဲဖြင့် ပရိတ်သတ်များအား နှုတ်ဆက်ခဲ့ပြီး ၆၇ မိနစ် လူစားလဲခံရသည့်အချိန်တွင် ပရိတ်သတ်များက ၎င်းအား သောင်းသောင်းဖျဖျ နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၂၁ ပွဲ ကစားခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ ယူရို ၂၀၁၆ တွင် ဂျမနီအသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက်ပိုင်း ၎င်း၏ အနားယူမည့်အစီအစဉ်ကို ကြေငြာခဲ့ခြင်းဖြစ်သည်။
“ဒီနေရာမှာ ဒီနေ့ရှိနေရတာဟာ တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ခင်ဗျားတို့အတွက် ကစားပေးရတဲ့အတွက် ဂုဏ်လည်းယူပါတယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ်မှာ ဘယ်လောက် လွှမ်းမိုးလဲဆိုတာ အခု ကျွန်တော့်ကိုမြင်တာနဲ့ သိမယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံအသင်းအတွက် ကစားပေးရတဲ့ အချိန်တိုင်းကို ပျော်ရွှင်ချင်ခဲ့တာပါ။ ဒါပေမယ့် ဒီလောက် နှစ်လိုဖွယ်ရာ ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပရိတ်သတ်များအား ပြောကြားခဲ့သည်။
ရှဝိုင်းစတိုင်ဂါမှာ ဂျာမနီနှင့် ၂၀၁၄ ကမ္ဘာ့ဖလား၊ အခြားသော အဓိကဆုဖလား ၆ ခု ရရှိခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.