News @ M-Media

Blog

  • ဆောက်သက်တမ်ပွဲ မန်ယူဂိုးနည်းမှု မော်ရင်ဟို မကျေနပ်

    ဆောက်သက်တမ်ပွဲ မန်ယူဂိုးနည်းမှု မော်ရင်ဟို မကျေနပ်

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    morinho

    – ယမန်နေ့က ဆောက်သက်တမ်အသင်းနှင့်ပွဲတွင် မိမိတို့အသင်းအနေဖြင့် ဂိုးပိုရသင့်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး တိုက်စစ်မှူးသစ် ပေါ့ဘာကိုလည်း ချီးကျူးခဲ့သည်။

    ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါ ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူမှာ တစ်ပွဲလုံး စိုးမိုးထားနိုင်ခဲ့ပြီး အီဗာရာဟီမိုဗစ်က အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းပေးခဲ့သည်။ မော်ရင်ဟိုကမူ အသင်း၏ကစားပုံကို ကျေနပ်သော်လည်း ဂိုးပိုလိုချင်နေသည်။

    “အနိုင်ရလောက်အောင်၊ ပွဲကို ထိန်းချုပ်နိုင်လောက်အောင် ကျွန်တော်တို့ ကောင်းခဲ့ပါတယ်။ ကစားမားတွေ ဘောလုံး ပိုင်ဆိုင်တဲ့အချိန် ပိုများခဲ့တယ်။ ဒါပေမယ့် သူတို့ တစ်ဖက်အသင်းကို အန္တရာယ်မပေးနိုင်ခဲ့ဘဲ ဘောလုံးကိုင်ထားတာပဲ ရှိပါတယ်။ ဂိုးရလဒ်က ဒီ့ထက် ပိုများရမှာပါ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူနှင့် ဒုတိယမြောက် ပွဲထွက်ခဲ့သည့် ပေါ့ဘာကိုလည်း ၎င်းက ချီးကျူးခဲ့သည်။

    “သူကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အားလုံးကောင်းပါတယ်။ တစ်ဦးချင်းမှာ သူ တော်တော်လေးကောင်းတယ်။ အသင်းလိုက်မှာတော့ သူ အသင်းနဲ့အံဝင်အောင် သင်ယူနေရတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်”

    Ref: Goal

  • ဂျေရုစလင်တွင် အစ္စရေး၏ ထင်တိုင်းကြဲမှု အာရပ်လိဂ်အကြီးအကဲ သတိပေး

    ဂျေရုစလင်တွင် အစ္စရေး၏ ထင်တိုင်းကြဲမှု အာရပ်လိဂ်အကြီးအကဲ သတိပေး

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    al aqsa
    အလ်-အက်ဆာ ဗလီအား အစ္စရေး၏ တိုက်ခိုက်မှုတစ်ခု

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အရှေ့ဂျေရုစလင်တွင် အစ္စရေး၏ ထင်တိုင်းကြဲနေမှုအား အာရပ်လိဂ်၏ ဒုတိယအတွင်းရေးမှူး အဟ်မဒ် ဘင် ဟီလီက သတိပေးလိုက်ပြီး ထိုကဲ့သို့ ဆောင်ရွက်မှုများက ထိန်းချုပ်၍မရသည့် ဘာသာရေးပဋိပက္ခကို ဖြစ်စေနိုင်သည်ဟု ပြောဆိုခဲ့သည်။

    “ဂျေရုဆလင်မှာ အစ္စရေးရဲ့ ထင်တိုင်းကြဲမှုဟာ တင်းမာမှုတွေ၊ ပဋိပက္ခတွေဆီ ဦးတည်သွားနိုင်ပါတယ်။ ပြီးတော့ ဒါဟာ ထိန်းချုပ်လို့မရတဲ့ ဘာသာရေးပဋိပက္ခမျိုးစေ့တွေကို စိုက်ပျိုးပေးနေတာပါပဲ။ အစ္စရေးက ဒေသတစ်ခုလုံးကို ပေါက်ကွဲလုနီးနီးဖြစ်နေတဲ့ မီးတောင်ပေါက်ဝဆီ တွန်းပို့နေတာပဲ” ဟု ဘင် ဟီလီက ဆိုပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ခုလုံး၏ အေးချမ်းတည်ငြိမ်မှုအပေါ် အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်သည်ဟုလည်း ထောက်ပြခဲ့သည်။

    အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သည့် ဂျူးများမှာ ပြီးခဲ့သည့်လများအတွင်း အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ စီးနင်းဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ဘင်ဟီလီကမူ အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်အိမ်ယာ ဆောက်လုပ်မှုများ၊ မြို့၏ ပထ၀ီအနေအထားနှင့် လူဦးရေအချိုးအစားတို့အား ပြောင်းလဲမှုများကိုလည်း သတိပေးခဲ့ပြီး နိုင်ငံတကာအ၀ိုင်းအ၀ိုင်းအနေဖြင့် အစ္စရေး ထိုရန်စမှုများ၊ စနစ်တကျပြုလုပ်သည့် အကြမ်းဖက်ဝါဒ၊ ပါလက်စတိုင်းများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref : IINA

  • အငြင်းပွား ခရိုင်းမီးယားကျွန်းဆွယ်တွင် ရုရှားက စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

    အငြင်းပွား ခရိုင်းမီးယားကျွန်းဆွယ်တွင် ရုရှားက စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    crimea

    – ခရိုင်းမီးယားကျွန်းဆွယ်ရှိ ပင်လယ်နက်တွင် မိမိတို့မှာ ရေတပ်နှင့် ထောက်ပံ့ရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေသည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    “ထောက်ပံ့ရေးတပ်ဖွဲ့တွေက ခရိုင်မီးယားကျွန်းဆွယ်ရဲ့ ရေကြောင်းနဲ့ ကုန်းကြောင်း ထောက်ပံ့ရေးဆိုင်ရာ လက်တွေ့လေ့ကျင်မှုတွေ စတင်ပြုလုပ်နေပါတယ်” ဟု ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒီမီထရီ ဘူလ်ဂါကော့ဗ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ရုရှားရေတပ်မှာ ပင်လယ်ပြင် ပြန်လည်သိမ်းပိုက်ရေး စစ်ရေးလေ့ကျင်မှု၊ တောင်ပိုင်းတိုင်း ထောက်ပံ့ရေးတပ်ဖွဲ့က တိုက်ပွဲမှ လက်နက်များ သိမ်းယူရေး၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးလေ့ကျင့်မှု၊ တိုက်လေယာဉ်များအား ဆီဖြည့်သည့်လေ့ကျင့်မှု စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှား၏ ယခုစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းနှင့် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုကလည်း ခရိုင်းမီးယားတွင် ရုရှား၏ စစ်ရေးဖြည့်တင်းမှုများကို တုန့်ပြန်ရန်အတွက် စစ်တပ်အား တပ်လှန့်ရန် တုန့်ဆိုင်းနေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် ခရိုင်းမီးယားအနီးနှင့် နိုင်ငံအရှေ့ဘက်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် တပ်လှန့်မှု ပြုလုပ်ထားသည်။

    Ref : Presstv

  • မြန်မာနိုင်ငံနှင့်ဆက်ဆံရေး မှန်ကန်သောအနေအထားဖြစ်ရန် တရုတ်မျှော်လင့်

    မြန်မာနိုင်ငံနှင့်ဆက်ဆံရေး မှန်ကန်သောအနေအထားဖြစ်ရန် တရုတ်မျှော်လင့်

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    china 3

    – တရုတ်-မြန်မာ ဆက်ဆံရေး မှန်ကန်သောအနေအထားဖြင့် ဖွံ့ဖြိုးလာရန် တရုတ်နိုင်ငံက အလိုရှိနေသည်ဟု တရုတ်သမ္မတ ဇီကျင်ပင်းက ယမန်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်မေလက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ တက်လာပြီးနောက်ပိုင်း သံမတမန်ရေးရာ အသာရရှိရေး တိုးမြှင့်ဆာင်ရွက်ခဲ့သည်။

    “လက်ရှိ မြန်မာပြည်သူတွေဟာ နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့အနာဂတ်ရဲ့ တာထွက်မှာ ရှိနေကြတာပါ။ မှန်ကန်တဲ့ အနေအထားမျိုးဖြစ်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်မှုအသစ်ရဖို့၊ ပြည်သူနှစ်ရစ်လုံးအကြား မြင်သာတဲ့ အကျိုးကျေးဇူးတွေကို ဆောင်ကျဉ်းဖို့ ကျွန်တော်တို့ ဆက်ဆံရေးကောင်းရပါမယ်” ဟု ဇီက ပြောကြားခဲ့သည်။

    သို့သော်လည်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိသည့် အငြင်းပွားဖွယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအကြောင်းကို သတင်းထောက်များ၏ရှေ့တွင် ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။

    အဆိုပါစီမံကိန်းကို မကျေနပ်၍ မြန်မာပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး တရုတ်နိုင်ငံကမူ ထိုကိစ္စနှင့်ပတ်သက်၍ ကျေနပ်မှုမရှိဘဲ နောက်ပိုင်းတွင် စီမံကိန်းပြန်စရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။

    လက်ရှိတွင် မြန်မာအစိုးရက ထိုကိစ္စအတွက် ကော်မရှင်တစ်ခုကိုဖွဲ့စည်းကာ သုံးသပ်မှုများ ပြုလုပ်နေပြီး အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် တင်သွင်းမည်ဖြစ်သည်။

    တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုစီမံကိန်းအတွက် အကောင်းဆုံးအဖြေကိုသာ ရှာဖွေရန် ကြိုးစားနေပြီး မည်သို့ ဖြစ်လာမည်ကို မသိသေးဟု တရုတ်မီဒီယာတစ်ချို့၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

    Ref: Channelnewsasia

  • အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    IMG_6787
    နေပြည်တော်(ဩဂုတ် ၁၉၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးတစ်ခုနှင့်တစ်ခုအကြား၊ ကိုးကွယ်ရာဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းပွား(Hate Speech)စေသည့် ရေးသား၊ ပြောဆို၊ ဖြန့်ဖြူးသူများအား အရေးယူမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီးပြီဖြစ်ပြီး ယင်းဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
    .
    ယင်းဥပဒေကြမ်းအား ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တို့က ရေးဆွဲထားခြင်းဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်တည်းဖြတ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားခြင်းဖြစ်သည်။
    .
    “ကျွန်တော်တို့က နိုင်ငံတော်သမ္မတရုံးကို ဆက်ပြီးတော့ တင်ပြပါ့မယ်။ ပြီးရင် လွှတ်တော်အသီးသီးကို ပေးပို့ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေအပေါ်မှာ ပြင်ဆင်ချက်တွေနဲ့ ဒီ Hate Speech ဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင်တော့ ဒီပဋိပက္ခမှုတွေနဲ့ ပွတ်တိုက်မှုတွေဟာ တော်တော်လေးလျှော့ကျမှာဖြစ်ပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်။
    .
    ၂၀၁၆ခုနှစ်၊ ဩဂုတ် ၁၉ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ဦးဇာနည်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
    .
    သို့သော် ဥပဒေကြမ်းတွင်ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍မူ အသေးစိတ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပေ။
    .
    “အမုန်းစကားဖြန့်ဖြူးတဲ့ကိစ္စတွေက ဘာသာရေးနဲ့ပတ်သက်ပြီးတော့၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ထိလွယ်၊ ရှလွယ်တဲ့ကိစ္စတွေ အများကြီးဖြစ်ပေါ်ပါတယ်” ဟုလည်း ဦးဇာနည်ဝင်းက ဆိုသည်။
    .
    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွန်းကလည်း “သာသနာရေးနဲ့ပတ်သက်လို့ နိုင်ငံတစ်ကာကအတိုင်း ဖွဲ့စည်းပုံအခြေခံနဲ့အညီ လွတ်လပ်စွာ ယုံကြည်၊ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို ကျွန်မတို့က မူဝါဒအနေနဲ့ လက်ခံပြီးသားပါ” ဟု ပြောဆိုသည်။

    ဓါတ်ပုံအညွှန်း- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း(အလယ်) (ဓာတ်ပုံ- အောင်ကျော်/မဇ္ဈိမ)

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://mizzimaburmese.com/article/17139