News @ M-Media

Blog

  • ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ကလင်တန်က ထရမ့်ကို အသာရ

    ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ကလင်တန်က ထရမ့်ကို အသာရ

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    clinton

    – ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဟီလာရီကလင်တန်က ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ် ထရမ့်ထက် ၈ ရာခိုင်နှုန်း အသာရနေသည်ဟု သိရသည်။

    Reuters နှင့် Ipsos တို့မှ ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုဖြစ်ပြီး ရလဒ်များကို ယမန်နေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ရာ ဟီလာရီကလင်တန်က ထောက်ခံမဲ ၄၂ ရာခိုင်နှုန်း၊ ထရမ့်က ၃၄ ရာခိုင်နှုန်း ရရှိခဲ့ကာ ကျန်သည့် ၂၃ ရာခိုင်နှုန်းကမူ နှစ်ဦးစလုံးကို ပေးခဲ့ကြသည်။

    သို့သော်လည်း လေဘာပါတီမှ သမ္မတလောင်း ဂရေးဂျွန်ဆင်၊ ဂရင်းပါတီမှ သမ္မတလောင်း ဂျီလ်စတိန်းတို့ပါ ထည့်တွက်ပါက ဟီလာရီ၏ ထရမ့်အပေါ် အသာရမှုမှာ အနည်းငယ်သာ ရှိနေသည်။ အဆိုပါ စစ်တမ်းကောက်ယူမှုကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၁၁၁၈ ဦးနှင့် မဲပေးမည့်သူ ၁၁၁၉ ဦးတို့အား မေးမြန်းခဲ့ခြင်းဖြစ်သည်။

    Reuters သတင်းဌာနကမူ လွန်ခဲ့သည့် ၄ နှစ် ယခုအချိန်မျိုးတွင် သမ္မတ အိုဘားမားမှာ ရီပက်ဘလစ်ကန်မှ ပြိုင်ဘက် မစ် ရွမ်နေးအား ၂ ရာခိုင်နှုန်းပျော့ပျော့အသာဖြင့် ဦးဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

    Pew Research က ကြာသာပတေးနေ့တွင်ထုတ်ပြန်သည့် အစီရင်ခံစာတွင် အမေရိကန်ပြည်သူ အများစုမှာ ထရမ့်အပေါ် နှစ်မြို့ခြင်း မရှိဘဲ ၅၅ ရာခိုင်နှုန်းကမူ ထရမ့်မှာ ညံ့ဖျင်းသည့် သို့မဟုတ် ဆိုးရွားသည့်သမ္မတ ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ပြီး ကလင်တန်အတွက်မူ ၄၅ ရာခိုင်နှုန်းက ထိုကဲ့သို့ ပြောကြားခဲ့သည်။

    သမ္မတကောင်းဖြစ်မည်ဟု ပြောကြားခဲ့သည့် ရာခိုင်နှုန်းမှာ ကလင်တန်အတွက် ၃၁ ရာခိုင်နှုန်းရှိပြီး ထရမ့်အတွက် ၂၇ ရာခိုင်နှုန်းရှိသည်။

    Ref: PressTV

  • ယခုနှစ်စီးရီးအေ ထင်သလောက်မလွယ်ဟု ဂျူဗီနည်းပြ ပြော

    ယခုနှစ်စီးရီးအေ ထင်သလောက်မလွယ်ဟု ဂျူဗီနည်းပြ ပြော

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    al

    – ယခုနှစ် စီးရီးအေချန်ပီယံဆုအတွက် လွယ်ကူမည်ဟု ထင်မှတ်မထားရန် ဂျူဗင်တပ်စ်နည်းပြ အလ်လီဂရီက အသင်းအား သတိပေးလိုက်ပြီး၊ ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့်အသင်းမှာ ၄ သင်းရှိနေသည်ဟု ပြောကြားခဲ့သည်။

    ၅ ကြိမ်ဆက် စီးရီးအေဖလားကို ရရှိထားသည့် ဂျူဗင်တပ်စ်မှာ ယနေ့တွင် ဖီအိုရင်တီးနားအသင်းနှင့် ရာသီအဖွင့်ပွဲ ကစားရမည်ဖြစ်ပြီး ယခုနှစ်တွင်လည်း ၆ ကြိမ်ဆက် ဖလားရမည်ဟု ရေပန်းစားနေသည်။

    တိုက်စစ်မှူး ပေါ့ဘာကို မန်ယူသို့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောင်းလိုက်သော်လည်း ဂျူဗီမှာ ဒန်နီ အဲလ်ဗက်စ်၊ မဟ်ဒီ ဘန်နာတီယာ၊ ဂွန်ဇာလို ဟီဂူအင်၊ မာကို ဂျာကာ၊ မီရာလမ် ပဂျာနစ် စသည့် ထိပ်တန်းကစားသမားများကို ၀ယ်ယူအားဖြည့်ထားသည်။

    သို့သော်လည်း အယ်လီဂရီကမူ ယခုနှစ်မှာ လွယ်ကူသည့်နှစ်ဖြစ်မည်မဟုတ်ဟု ဆိုသည်။

    “ပြိုင်ဘက်ကြီးတွေက အင်တာ၊ နာပိုလီနဲ့ ရိုးမားတို့ ဖြစ်မယ်ဆိုတာ ကျွန်တ်ာတို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က မတ်လရောက်တဲ့အချိန် အမှတ်ပေးဖလား ချန်ပီယံပြေးလမ်း၊ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့်၊ ကိုပါအီတလီဖလား စတဲ့ပြိုင်ပွဲတွေမှာ ရှိဖို့ပါ။ အဲဒီအချိန်ကျမှာပဲ ကျွန်တော်တို့ အိတ်သွန်ဖာမှောက် ကစားသွားမှာပါ” ဟု ကွန်တီက ပြောကြားခဲ့သည်။

    ထို့ပြင် လွယ်ကူမည်တော့ မဟုတ်ကြောင်း စီးရီးအေဖလားကို ၅ ကြိမ်ဆက်ရခဲ့သည့် မိမိတို့အသင်း၏ ခက်ခဲမှုမှာ ပိုမိုမြင့်တက်လာကြောင်း၊ အခြားအသင်းများမှာလည်း နိုင်လိုစိတ် ပိုပြင်းထန်လာကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဂျပန်ပင်လယ်ပြင်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

    ဂျပန်ပင်လယ်ပြင်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    china naval drill

    – ဂျပန်ပင်လယ်ပြင်အတွင်း ဒုံးကျည်တပ် စစ်သင်္ဘောများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို မိမိတို့က ပြုလုပ်ခဲ့သည်ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နေ့စဉ်သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

    စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်ပြင်၏ အစိတ်အပိုင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဟုသာ ရေးသားထားပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

    “များသောအားဖြင့် ပင်လယ်ပြင်ရဲ့ နိုင်ငံတကာရေပိုင်နက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက စစ်တပ်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်လေ့ရှိပါတယ်၊ ဒီနှစ်မှာတော့ အနောက်ပစိဖိတ်အခြမ်းအထိ စစ်ရေးလေ့ကျင်မှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ ရေတပ်ကို ပြင်ဆင်ထားပါပြီးပါပြီ” ဟု သတင်းစာက ဆိုသည်။

    ဂျပန်ပင်လယ်ပြင်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင်မှုတွင် ဖျက်သင်္ဘော Xi’an၊ ဖရီးဂိတ် Hengshui နှင့် ထောက်ပံ့ရေးသင်္ဘော Goyouhu တို့ ပါဝင်ခဲ့သည်။ လေ့ကျင့်မှုကို ကွပ်ကဲခဲ့သည့် တပ်မှူး Xu Haihua ကမူ အဆိုပါ လေ့ကျင့်မှုမှာ နှစ်စဉ်ပြုလုပ်နေကြ လေ့ကျင့်မှုတစ်ခုဖြစ်ပြီး ပင်လယ်ပြင်တွင် ရေတပ်၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်စစ်ဘက်နေ့စဉ်သတင်းစာကမူ အဆိုပါစစ်ရေးလေ့ကျင့်မှုကို နိုင်ငံတကာဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံ၊ ဒေသ၊ ပစ်မှတ်ကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref; Presstv

  • တန်ရာတန်ကြေးရမှ ကစားသမားဝယ်မည်ဟု ချယ်ဆီးနည်းပြ ပြော

    တန်ရာတန်ကြေးရမှ ကစားသမားဝယ်မည်ဟု ချယ်ဆီးနည်းပြ ပြော

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    conte

    – ချယ်ဆီးက အပြောင်းအရွှေ့ဈေးကွက်တွင် မလှုပ်ရှားမှုအတွက် ဝေဖန်မှုများကို နည်းပြ အန်တိုနီယိုကွန်တီက တုန့်ပြန်ပြောဆိုလိုက်ပြီး မိမိအနေဖြင့် လူမှန်နေရာမှန်ဖြစ်သည့် ကစားသမားအတွက် ငွေကြေး အမြောက်အများသုံးစွဲရန် အဆင်သင့်ရှိသည်ဟု ပြောကြားလိုက်သည်။

    ရာသီသစ်အတွက် ချယ်ဆီးမှာ မီချီ ဘက်ရှ်ရှူအာယီနှင့် အန် ဂိုလို ကန်တီတို့ကိုသာ ခေါ်ယူထားပြီး ပြိုင်ဘက် မန်ယူ၊ မန်စီးတီးအသင်းတို့နှင့် နှိုင်းယှဉ်ပါက ငွေကြေးသုံးစွဲမှုမှာ အလွန်နည်းပါးနေသည်။

    ထို့အတွက် ဝေဖန်မှုများရှိနေပြီး ကွန်တီကမူ အပြောင်းအရွှေ့ဈေးကွက်မှာ ရူးနှမ်းသည့်ဈေးကွက်မျိုး ဖြစ်နေသည်ဟု စောစောပိုင်းက ပြောကြားထားသော်လည်း ယမန်နေ့တွင် ၎င်း၏ ဆန္ဒကို ထပ်လောင်း ဖွင့်ဟခဲ့သည်။

    “(ငွေကြေးအများကြီး သုံးရမှာtတွက်) ကျွန်တော် သိပ်မကြိုက်ပါဘူး။ ပေးလိုက်တဲ့ငွေနဲ့ ထိုက်တန်ပြီး အံဝင်ခွင်ကျဖြစ်မယ့် ကစားသမားမျိုး မဟုတ်ရင် ကျွန်တော် ပိုက်ဆံအများကြီး မပေးချင်ပါဘူး။ တန်ရာကြေးပေးရမယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ကိုယ့်ပိုက်ဆံမဟုတ်လို့ တန်ကြေးထက် ပေါင် သန်း ၂၀၊ ၃၀ လောက် ပိုပေးတာမျိုး ကျွန်တော် မကြိုက်ပါဘူး။ မှန်တယ်လို့လည်း မထင်ပါဘူး။ ဒါ ရူးတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ လက်ရှိတွေ့နေရတဲ့ ဈေးတွေက ၀ယ်ဖို့ တော်တော်လေးခက်တဲ့ ဈေးတွေပါပဲ” ဟု ကွန်တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဆူဒန်ရေဘေးအတွက် ဆော်ဒီက အကူအညီ တန် ၂၀၀ ပေးပို့မည်

    ဆူဒန်ရေဘေးအတွက် ဆော်ဒီက အကူအညီ တန် ၂၀၀ ပေးပို့မည်

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    saudi 3

    – ဆူဒန်နိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန် ၂၀၀ ပေးပို့ရန် ဆော်ဒီဘုရင်က အမိန့်ပေးခဲ့သည်ဟု သိရသည်။

    ဇူလိုင်နှင့် သြဂုတ်လအကြားတွင် ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပွားခဲ့သောကြောင့် နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူပေါင်းရာချီ သေဆုံးခဲ့ကာ နေအိမ်ထောင်ပေါင်းများစွာလည်း ပျက်ဆီးခဲ့သည်။

    ကုလသမဂ္ဂက၏ ထုတ်ပြန်ချက်တွင် သေဆုံးသူမှာ ၁၁၀ ရှိပြီး၊ အိမ်ယာပျက်ဆီးမှုမှာ ၁၄၀၀၀ ကျော်ရှိကာ လူပေါင်း ၁၆၁၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဖော်ပြထားသည်။ ယခု ဆော်ဒီ၏ ထောက်ပံ့ရေး အကူအညီများကို ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်တာမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည်။

    Ref : IINA