News @ M-Media

Blog

  • ချန်ပီယံ အရှုံးနဲ့စဖွင့်ပြီး နည်းပြသစ်များ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ

    ချန်ပီယံ အရှုံးနဲ့စဖွင့်ပြီး နည်းပြသစ်များ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media

    epl 1

    – ကမ္ဘာ့အကောင်းဆုံးနည်းပြသစ်တွေစုဝေးရာ ၂၀၁၆-၁၇ ပရီးရီးယားလိဂ် ရာသီသစ်ကို အခုတစ်ပတ်မှာ စတင်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာကတော့ တန်းတက် ဟားလ်စီးတီးအသင်းကို ကစားကွက်အသာ ဂိုးသွင်းခွင့်အသာ ရခဲ့ပေမယ့် အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်း နာကျင်အချိန်ပိုမှာ ဂိုးပေးလိုက်ရတဲ့ လက်စတာ ဒုတိယပိုင်းအစမှာပဲ မဟ်ရက်ဇ်ရဲ့ ပင်နယ်တီနဲ့ ချေပဂိုးရခဲ့ပေမယ့် ၅၇ မိနစ်မှာ အဘဲလ် ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးကိုတော့ ချေပနိုင်ခြင်း မရှိခဲ့ပါဘူး။

    epl 2

    မော်ရင်ဟိုရဲ့ မန်ယူကလည်း အဖွင့်ပွဲမှာ မျက်နှာပန်းလှခဲ့ပြီး ဘုန်းမောက်ကို အဝေးကွင်းမှာ သက်တောင့်သက်သာ ကစားကာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ မာတာ၊ ရူနီနဲ့ အီဗရာဟီမိုဗစ်တို့က သွင်းယူပေးခဲ့တာပါ။

    epl 3

    မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ အဖွင့်ပွဲစဉ်မှာတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းနီးပါးလောက်အထိရှိခဲ့တဲ့ မန်စီးတီး ဂိုးတွေကိုတော့ ပင်နယ်တီနဲ့ ဆန်းဒါးလန်းကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။

    အာဆင်နယ်နဲ့ လီဗာပူးလ်တို့ပွဲကတော့ ဒီတစ်ပတ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲဖြစ်ခဲ့ပြီး ကလော့ပ်လက်အောက်မှာ လီဗာပူးလ်အသင်းရဲ့ တစ်စတစ်စတိုးတက်လာမှုကို မြင်တွေ့ခဲ့ရပါတယ်။ ၂၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ၀င်အောင်မသွင်းနိုင်တဲ့ ဝေါလ်ကော့ ၃၁ မိနစ်မှာ အာဆင်နယ်အတွက် အဖွင့်ဂိုး သွင်းခဲ့ပေမယ့် ၄၅၊ ၄၉၊ ၅၆၊ နဲ့ ၆၃ မိနစ်တွေမှာ လီဗာပူးလ်အသင်းက ၄ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ပွဲပြီးသလောက် ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ချိန်ဘာလိန်နဲ့ ကော်လန်ချိန်ဘာတို့က အိမ်ရှင်အတွက် ချေပဂိုးတွေ ပြန်သွင်းခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

    epl 4ပရီးမီးယားလိဂ်အဖွဲ့ပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဟားလ်စီးတီး ၂-၁ လက်စတာ
    ဘန်လေ ၀-၁ ဆွမ်ဆီး
    ခရစ္စတယ်ပဲလေ့စ် ၀-၁ ၀က်စ်ဘရွန်း
    အဲဗာတန် ၁-၁ စပါး
    မစ်ဒယ်ဘရော့ ၁-၁ စတုတ်
    ဆောက်သက်တမ် ၁-၁ ၀က်ဖို့ဒ်
    မန်စီးတီး ၂-၁ ဆန်းဒါးလန်း
    ဘုန်းမောက် ၁-၃ မန်ယူ
    အာဆင်နယ် ၃-၄ လီဗာပူးလ်

  • ကန္တာရ ပုရွက်ဆိတ်မဲ တစ်ကောင်၏ အိမ်ပြန်လမ်း

    ကန္တာရ ပုရွက်ဆိတ်မဲ တစ်ကောင်၏ အိမ်ပြန်လမ်း

    သြဂုတ် ၁၄၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Untitled-1
    တကယ်လို့ ကိုယ့်ဆရာအနေနဲ့ မှတ်သားရာရှုခင်းကင်းမဲ့တဲ့ လွင်တီးခေါင်ပြင် သဲကန္တာရအလယ်မှာ ကိုယ့်ဆရာ နေထိုင်ရာအိမ်ကနေ ထွက်လာပြီး ဟိုသွားဒီသွားနဲ့ နောက်ဆုံး ၂၁မိုင် အဝေးကို ရောက်လာပြီဆိုရင် ကိုယ့်ဆရာ နေအိမ်ကို ကိုယ့်ဆရာ ပြန်တတ်ပါ့မလား၊
    ထားလိုက်ပါ၊ ကိုယ့်ဆရာ ပြန်တတ်ပါတယ်လို့ ကျွန်တော်ယုံကြည်ပေးလိုက်ပါမယ်၊
    .
    ဒါပေမဲ့ နောက်မေးခွန်းတစ်ခုဖြစ်တဲ့ ကိုယ့်ဆရာနေအိမ်ကို ၂၁မိုင် အကွာအဝေးကနေ မျဉ်းဖြောင့်ပုံစံအတိုင်း တစ်ချက်မှမတိမ်းစောင်းပဲ တန်းပြီးပြန်တတ်ပါ့မလား၊
    .
    ဟင့်အင်း၊ ကိုယ့်ဆရာမပြန်တတ်ပါဘူး။ ကျွန်တော်လဲ မပြန်တတ်ပါဘူး၊ သူ၊ သူမ တို့တွေလဲ ပြန်တတ်မှာမဟုတ်ပါဘူး။
    .
    ဒါပေမဲ့ ကိုယ့်ဆရာသိလား၊ တူနီးရှား သဲကန္တာရက ပုရွက်ဆိတ်မဲတွေကတော့ ပြန်တတ်တယ်ဗျာ။
    .
    သဲမြေအပူချိန် ၁၅၈ဒီဂရီဖာရင်ဟိုက်ထိ မြင့်တက်နေတဲ့အချိန်မှာ ဒီပုရွက်ဆိတ်တွေဟာ အသိုက်ကထွက်လာပြီး အစာရှာတယ်ခင်ဗျ၊ သူ့အသိုက်ကနေ ဟိုသွားလိုက်၊ ဒီသွားလိုက် ( Zig-Zag ) ပုံစံ နဲ့ ပေ၆၅၀ အကွာထိရောက်တယ်။
    .
    သွားလိုက်၊ တစ်ချက်ရပ်ပြီး နောက်တစ်ချက်ကြည့်လိုက်၊ သွားလိုက်နဲ့။
    .
    ကိုယ့်ဆရာရဲ့ လက်မအရွက်အစားလောက်တောင် မရှိတဲ့ ဒီပုရွက်ဆိတ်ရဲ့ ခရီးဟာ ကိုယ့်ဆရာရဲ့အရွယ်အစားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ၂၁မိုင်ကနေ ၂၄မိုင်ထိရှိတယ်ခင်ဗျ။
    .
    ဒါပေမဲ့ ဒီပုရွက်ဆိတ်ဟာ အစာရရှိပြီးလို့ သူအိမ်ပြန်တော့မယ်ဆိုရင် သူဘယ်လို Zig-Zag ပုံစံနဲ့ အိမ်ကနေထွက်လာလာ အိမ်ပြန်တဲ့အခါမှာတော့ မျဉ်းဖြောင့်အတိုင်း မတိမ်းမစောင်းပြန်သွားတာခင်ဗျ။
    ( Secrets of Animal Navigation, by Michael E. Long , National Geographic)
    .
    ဒါဆိုရင် သူဘာကြောင့် ဒီလို အိမ်ကိုမျဉ်းဖြောင့်သဏ္ဍာန် ပြန်သွားနိုင်ရတာလဲ။ ဒီလိုမပြန်နိုင်လို့ မဖြစ်ဘူး ကိုယ့်ဆရာ၊ သူဒီလိုသာ အတိုဆုံးလမ်းကြောင်းဖြစ်တဲ့ မျဉ်းဖြောင့်ပုံစံ မပြန်နိုင်ဘူး ဆိုရင် ပြင်းထန်တဲ့ သဲအပူချိန်ဟာ သူ့ကိုသင်္ဂြိုလ်လိုက်ပြီးသား ဖြစ်သွားမှာပေါ့။
    ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ????
    .
    ကျွန်တော်တို့အတွက် ဒီအဖြေကို စမ်းသပ်စစ်ဆေးခဲ့သူ၊ တွေ့ရှိခဲ့သူ က University of Zurich က ဇီဝဗေဒပညာရှင် Rudiger Wehner ပါ။
    .
    ဒီကောင်တွေဟာ နေရှိရာနေရာနဲ့ သူတို့အသိုက်ကြား သင်္ချာဆိုင်ရာ ထောင့်တွက်ချက် မူကို ပြုလုပ်နိုင်တယ်။
    .
    သူတို့ဟာ နေရဲ့ တည်နေရာကို ကောင်းစွာပြသတဲ့ (နေကိုထောင့်မှန်ကျနေတဲ့ ) သန့်အလင်းတန်း (Polarized light) ကို မြင်နေရတယ်။

    ကျွန်တော်တို့ လူသားတွေ မမြင်နိုင်တဲ့ အလင်းတန်းပေါ့။

    ဇီဝဗေဒပညာရှင် Rudiger Wehner က ပြောတယ်။ ဒီပုရွက်ဆိတ်ရဲ့ မျက်လုံးမှာ သန့်အလင်းတန်းကို မြင်နိုင်စေဖို့ မှန်ဘီလူးပေါင်း ၈၀ ပါဝင်သတဲ့။

    ဒီအလင်းတန်းတွေဟာ သူ့အတွက်တော့ သံလိုက်အိမ်မြှောင်တစ်ခုပါပဲ၊

    ကျွန်တော့် ဖာသာ မေးမေးမိနေတာကတော့ ပြင်းထန်လှတဲ့အပူချိန်မှာ အိမ်အမြန်ပြန်ရောက်နိုင်မဲ့ လမ်းကြောင်းကို မတွက်ထုတ်နိုင်ရင် သေသွားမဲ့ ၀.၁ မီလီဂရမ်အလေးချိန် ဦးနှောက်လေးနဲ့ ဒီပုရွက်ဆိတ်အတွက် ဒီလိုစွမ်းရည်နဲ့ ဒီဇိုင်းဟာ ဘာကြောင့်ပါဝင်တည်ရှိနေရတာလဲလို့။

  • ယူကရိန်းနှင့်တင်းမာမှုကြောင့် ခရိုင်းမီးယားတွင် ရုရှားက လေကြောင်းရန် ကာကွယ်ရေးစနစ်ချထား

    ယူကရိန်းနှင့်တင်းမာမှုကြောင့် ခရိုင်းမီးယားတွင် ရုရှားက လေကြောင်းရန် ကာကွယ်ရေးစနစ်ချထား

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    russia

    – ယူကရိန်းနှင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် ရုရှားက ခရိုင်မီးယားကျွန်းဆွယ်တွင် လေကြောင်းရန် ကာကွယ်ရေးနစ် S-400 ကို ချထားလိုက်သည်ဟု ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖော်ပြခဲ့သည်။

    ရုရှား၏ တောင်ပိုင်းစစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေငြာချက်ကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ခရိုင်မီးယားရှိ ရုရှားတပ်ဖွဲ့များမှာ အဆင့်မြင့် S-400 ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်ကို လက်ခံရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

    အမြင့်ပေ ၃၀ ကီလိုမီတာနှင့် အကွာအဝေး ၄၀၀ ကီလိုမီတာရှိ ပစ်မှတ်များအား ထိမှန်အောင် ပစ်ခတ်နိုင်သော အဆိုပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်မှာ ရုရှားရှိ အဆင့်မြင့်ဆုံး လက်နက်များထဲမှ တစ်ခုလည်းဖြစ်သည်။ ထို့ပြင် လာမည့်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် Caucasus-2016 စစ်ရေးလေ့ကျင့်မှုများတွင်လည်း ထိုစနစ်အား ထုတ်ဖော်ပြသသွားရန် ရှိနေသည်။

    ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားက ယူကရိန်းစစ်သည်များမှာ ခရိုင်းမီးယားကျွန်းဆွယ်ထဲသို့ ၀င်ရောက်လာခဲ့ပြီး ကျွန်းဆွယ်အတွင်းရှိ အဓိကအဆောက်အဦးများကို ဖောက်ခွဲရန်လည်း အစီအစဉ်ရှိနေသည်ဟု ပြောကြားပြီးနောက် ၎င်းတို့ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    ယူကရိန်းကမူ ထိုစွပ်စွဲချက်များကို ငြင်းပယ်ထားပြီး သမ္မတပိုရိုရှန်ကိုကလည်း စစ်တပ်ကို တပ်လှန့်ထားသည်။

    Ref : Aljazeera

  • အာဖဂန်-ပါကစ္စတန် IS အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က သုတ်သင်နိုင်ခဲ့

    အာဖဂန်-ပါကစ္စတန် IS အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က သုတ်သင်နိုင်ခဲ့

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    paki afg

    – အာဖဂန်နှင့် ပါကစ္စတန်ရှိ IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ဇူလိုင်လ ၂၆ ရက်နေ့က အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့သည်ဟု အမေရိကန်နှင့် အာဖဂန်တာဝန်ရှိသူများက အတည်ပြု ပြောကြားလိုက်သည်။

    ခိုရာစန်ပြည်နယ်ခေါင်းဆောင် ဟာဖစ်ဇ် စအီးဒ်ခန်းဖြစ်ပြီး အာဖဂန်နစ္စတန်၏ နန်ဂါဟာပြည်နယ် ကွတ်ခရိုင်တွင် သေဆုံးခဲ့ကြောင်း ပါကစ္စတန်ရှိ ထိပ်တန်းအာဖဂန်သံအမတ် ဟဇရသ် အိုမာရ် ဇာခီးလ်ဝါလ်က ဆိုသည်။ ထို့ပြင် ဟာဖစ်ဇ်ခန်း၏ တပ်မှူးများနှင့် တိုက်ခိုက်ရေးသမားများမှာလည်း ထိုတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။

    အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးကလည်း ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း ဟာဖစ်ဇ် စအီးဒ်ခန်း သေဆုံးခဲ့သည်ဟု ရိုက်တာသတင်းဌာနသို့ အတည်ပြုခဲ့သည်။

    ခိုရာစန်ပြည်နယ်ဆိုသည်မှာာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ဗဟိုအာရှ အစိတ်အပိုင်းတော်တော်များများ ပါဝင်နေသော နယ်မြေများကို စုပေါင်းက IS အကြမ်းဖက်အဖွဲ့က အမည်ပေးထားခြင်းဖြစ်သည်။

    အမေရိကန်မှာ နန်ဂါဟာပြည်နယ်ရှိ IS အကြမ်းဖက်အဖွဲ့အား ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အာဖဂန်ရှိ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဆိုင်ရာ ဗိုလ်ချုပ် ဂျွန် ဒဗလျူ နီခိုလ်ဆန်ကမူ ထိုတိုက်ခိုက်မှုများကြောင့် အာဖဂန်ရှိ IS တပ်ဖွဲ့ဝင် ၂၅ ရာခိုင်နှုန်း သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ထိုင်းတောင်ပိုင်း ဗုံးခွဲမှုများကို တစ်ဦးတည်းက စီစဉ်ခဲ့ခြင်းဖြစ်

    ထိုင်းတောင်ပိုင်း ဗုံးခွဲမှုများကို တစ်ဦးတည်းက စီစဉ်ခဲ့ခြင်းဖြစ်

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    thai

    – ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုများ၊ မီးရှို့မှုများအား စီစဉ်သူမှာ တစ်ဦးတည်းဖြစ်ပြီး တိုက်ခိုက်မှုများမှ တစ်ခုအတွက် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားလိုက်ပြီဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ကြာသာပတေးနှင့် သောကြာနေ့များက ထိုင်းနိုင်ငံ၏ အထင်အရှားဆုံး အပန်းဖြေစခန်းများတွင် ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများကြောင့် လူ ၄ ဦးသေဆုံးခဲ့ပြီး၊ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ Pongsapat Pongcharoen ကမူ ထိုတိုက်ခိုက်မှုမှာ တစ်ဦးတစ်ယောက်၏ အမိန့်ပေးမှုဖြင့် အဖွဲ့တစ်ခုက စီစဉ်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင်ရှိသည်ဟု ၎င်းတို့ယုံကြည်သူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

    ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်တစ်ပတ်က စစ်တပ်မှရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီး လေ့လာဆန်းစစ်သူများကမူ ထိုရလဒ်ကို မကျေနပ်သည့် အစိုးရအတိုက်အခံများ၏လုပ်ရပ် ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။

    ရဲတပ်ဖွဲ့ကလည်း ထိုပေါက်ကွဲမှုမျးမှာာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့များ၏ သက်ဆိုင်မှုမရှိဘဲ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: Aljazeera