News @ M-Media

Blog

  • နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ် ပေါ်ပေါက်လာရေး အင်ဒိုနှင့် သြဇီတို့ ပူးပေါင်းဆောင်ရွက်

    နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ် ပေါ်ပေါက်လာရေး အင်ဒိုနှင့် သြဇီတို့ ပူးပေါင်းဆောင်ရွက်

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    indo

    – Ph.D အဆင့် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် အင်ဒိုနီးရှားကျောင်းသား ၅၀၀၀ ကို သြစတေးလျသို့ စေလွှတ်ရေး သဘောတူညီချက်တစ်ခုကို အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနမှ အစ္စလာမ့်ပညာရေးဆိုင်ရာ ညွှန်ကြားရေးမှုးချုပ်နှင့် သြစတေးလျတက္ကသိုလ်များ နည်းပညာကွန်ယက် ATN တို့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ညွှန်ကြားရေးမှူးချုပ် ကမာရွတ်ဒင်အာမင်က အဆိုပါသဘောတူညီချက်မှာ တက္ကသိုလ်နည်းပြဆရာများ၏ ပညာရေးနယ်ပယ်၊ အထူးသဖြင့် အစ္စလာမ့်ရေးရာ လေ့လာမှုနယ်ပယ်တွင် အကူအညီဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

    “ရည်ရွယ်ချက်ကတော့ မွတ်စလင်လူများစုရှိရာ အင်ဒိုးနီးရှားကို အစ္စလာမ့်ပညာရေး အချက်အချာနေရာအဖြစ် ဖွံ့ဖြိုးစေဖို့ပဲ ဖြစ်ပါတယ်” ဟု ကရာမွတ်ဒင်က ပြောကြားခဲ့သည်။

    အစိုးရဘက်ကလည်း ပညာသင်ဆုအတွက် ထောက်ပံ့ကြေးအနေဖြင့် ရူပီးဘီလီလံ ၅၀၀ (ကန်ဒေါ်လာ ၃၈.၂ သန်း) ကို ထောက်ပံ့ပေးအပ်ထားပြီး၊ ယခုအစီအစဉ်မှာ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာ အစ္စလာမ့်မစ်တက္ကသိုလ်တစ်ခု တည်ဆောက်မည့် ၀န်ကြီးဌာန၏ စီမံကိန်း တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ATN မှာ အမှုဆောင်ဒါရိုက်တာဖြစ်သူ ရီနီ ဟင်ဒ်မာ့ရှ်ကမူ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှာ သြစတေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုအားကောင်းစေမည်ဖြစ်ပြီး ကျောင်းသားများကိုလည်း ကမ္ဘာ့အဆင့် ပညာရေး ရရှိစေနိုင်မည်ဟု ပြောကြားခဲ့သည်။

    Ref : IINA

  • တင်ထွန်း (လက်ဝှေ့)  (သို့) တိုကျို အိုလံပစ်တွင် ကမ္ဘာအဆင့်(၅)ရခဲ့သည့် လက်ဝှေ့ကျော်

    တင်ထွန်း (လက်ဝှေ့) (သို့) တိုကျို အိုလံပစ်တွင် ကမ္ဘာအဆင့်(၅)ရခဲ့သည့် လက်ဝှေ့ကျော်

    သြဂုတ် ၁၄ ၊ ၂၀၁၆
    M-Media
    .Tin Tun
    မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၈၄ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။
    .
    ၁၉၆၄ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် ဖယ်သာ ၀ိတ်တန်း ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လက်ဝှေ့ချန်ပီယံ ၃၂ ယောက် ပါဝင် ယှဉ်ပြိုင်သည်။  မြန်မာ့ လက်ရွေးစင် လက်ဝှေ့သမား သုံးဦးဖြစ်သော ဂျိတ်ဘာဝါး(ဖလိုင်းဝိတ်တန်း)၊ သိန်းမြင့် (ဘင်တန်ဝိတ်)၊ တင်ထွန်း(ဖယ်သာဝိတ်တန်း) တို့အား စေလွှတ်ခဲ့သည်။
    .
    တင်ထွန်းသည် မြန်မာ့စွမ်းရည်ကို ရဲရဲတောက် ပြနိုင်သည့် လက်သီးကျော်တစ်ဦး ဖြစ်သည်။ ပထမညတွင် ဗြိတိန်နိုင်ငံမှ ဥရောပ ချန်ပီယံ ရွန်စမစ်နှင့် တင်ထွန်း ထိုးသတ် ရသည်။ ဥရောပ ဖယ်သာဝိတ်တန်း ချန်ပီယံ ရွန်စမစ်သည် ဥရောပတွင် အကောင်းဆုံး လက်ဝှေ့ကျော် တစ်ဦး ဖြစ်သည်။ ထို့ကြောင့် အားလုံးကပင် ရွန်စမစ် နိုင်မည်ဟု ယုံကြည် ထားကြသည်။
    .
    ပထမအချီတွင် စတင် လွှတ်လျှင် လွှတ်ချင်း ရွန်စမစ်က ညာ ထောက်လက်သီး တစ်လုံးကို တင်ထွန်း၏ ဝမ်းဗိုက်သို့ အစမ်းသဘော အရ ထိုးလွှတ်လိုက်သည်။ တင်ထွန်းသည် အလွန် လျင်မြန်သော ဘယ်၊ ညာ ဖြောင့် ထောက်လက်သီးဖြင့် ပစ်သွင်း လိုက်ရာဝယ် ”ဝုန်း” ခနဲ ပြုတ်ကျ သွားတော့သည်။ ပရိသတ် ၅ဝဝဝဝ ကျော်သည် ထိတ်ခနဲ ဖြစ်သွား၏။ ပြီး တဝေါဝေါ၊ တသောသောနှင့် တစ်ခဲနက် တစ်ပြိုင်တည်း ဟစ်၍ အားပေး ကြတော့သည်။ ရွန်စမစ်သည် ရှက်ကိုး ရှက်ကန်းနှင့် ချက်ချင်း ပြန်ထ လာသည်။ ပြန်ထ အလာတွင် တင်ထွန်းက ညာဖြတ်တစ်လုံး အားကုန် ထိုးချလိုက်ရာဝယ် ရွန်စမစ် ပစ်လဲ ကျသွားပြန်သည်။ တင်ထွန်း (မြန်မာ)သည် ရွန်စမစ် (အင်္ဂလိပ်) လက်သီးကျော်ကို ပထမ အချီစ၍ တောက်လျှောက် အပိုင်အနိုင် ထိုးသတ် နိုင်ခဲ့သည်။
    .
    တင်ထွန်းက ပွဲဦးထွက်တွင် ဗြိတိသျှ (အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်၊ ဝေလ) ချန်ပီယံ ရွန်စမစ်ကို ပထမအချီ ၆၇ စက္ကန့်တွင် အလဲထိုး အနိုင်ယူခဲ့သည်။
    .
    နောက်တစ်ရက် ဂျပန် သတင်းစာ မျက်နှာဖုံးတွင် အောက်ပါ ခေါင်းစီး အတိုင်း ရေးသား ထားသည်ကို တွေ့ရသည်။
    .
    ”ဗြိတိန် လက်ဝှေ့ကျော်ကို မြန်မာ တင်ထွန်းက အလဲထိုးချ၍ လက်ဝှေ့ ပါရဂူများ အံ့အား သင့်ရခြင်း” ဟူ၍ဖြစ်သည်။ လန်ဒန်မှ ထုတ်ဝေသော သတင်းစာ တစ်စောင်က အောက်ပါအတိုင်း ရေးသား၏။
    .
    ”ပန်းဝါ တိုက်ပွဲတွင် မြန်မာ စစ်သူကြီး မဟာဗန္ဓုလသည် အင်္ဂလိပ် တပ်မကြီးကို အပြတ် အနိုင်ယူခဲ့ပြီးသည့် နောက် မြန်မာ လက်ဝှေ့ကျော် တင်ထွန်းသည် ဗြိတိန် ချန်ပီယံ ရွန်စမစ်ကို အောင်ပွဲ ခံလိုက်ခြင်းသည် ဒုတိယ အကြီးမားဆုံးသော အောင်ပွဲပင် ဖြစ်တော့သည်” ဟု ရေးသား တင်စား ခဲ့ပေသည်။
    .
    ဒုတိယညတွင် တင်ထွန်းသည် တောင်အာဖရိကတိုက် နိုင်ဂျီးရီးယား နိုင်ငံမှ အန်ထော်နီ အင်ဒေ့ရှ်နှင့် သတ်ရ၏။ သုံးချီ သုံးလား စလုံး အကြိတ်အနယ် ထိုးသတ်ပြီးနောက် တင်ထွန်းက အမှတ်ဖြင့် အနိုင် ရပြန်သည်။ တင်ထွန်းသည် မျက်ခုံး တစ်ဖက် စုတ်ပြတ် သွားသော်လည်း တစ်လက်မမျှ နောက် မဆုတ်စတမ်း ယှဉ်သတ်ကာ အနိုင် ယူလိုက်သည်။ ရွန်စမစ်သည် အန်ထော်နီ အင်ဒေ့ရှ်ကိုပါ အနိုင် ရလေ၍ မြန်မာကို ကမ္ဘာ့ လက်ဝှေ့ ပရိသတ်ကရော၊ ကမ္ဘာ့ လက်ဝှေ့ ပါရဂူတွေကပါ အထူး လေးစား လာကြတော့၏။ ကွာတားဖိုင်နယ် ညတွင် တင်ထွန်းသည် အနောက် ဂျာမနီနိုင်ငံမှ အိပ်စကုနှင့် တွေ့ကြရသည်။ အိပ်စကုနှင့် ထိုးသတ်စဉ် အိပ်စကုကို ဖင်ထိုင် လဲကျအောင် ထိုးချ နိုင်သည်။ သို့သော်လည်း သုံးချီ အပြီးမှာ (၃-၂)ဖြင့် မြန်မာ တင်ထွန်းကပ်၍ ရှုံးရသည်။ တကယ်တော့ တင်ထွန်းနိုင်သည့်ပွဲ ဖြစ်သည်။ တင်ထွန်း၏ မျက်ခုံး နှစ်ဖက်မှ သွေးစိမ်း ရှင်ရှင်များ တသွင်သွင် ယိုစီး၍ ကျနေပါသော်လည်း လုံးဝ မမှုပါဘဲ ရဲရဲတောက် စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။အသည်းနာစရာ ကောင်းသည်။ တင်ထွန်းခမျာ ငိုလျက် ကြိုးဝိုင်းပေါ်မှ ဆင်းလာရှာသည်။
    .
    တင်ထွန်းသည် ကွာတားဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သဖြင့် အိုလံပစ် မှတ်တမ်း တွင် ကမ္ဘာ့အဆင့် ၅ သတ်မှတ်ခံရသည်။
    .
    အာရှအဆင့်။ ။  တင်ထွန်းသည်  ၁၉၆၇ ခုနှစ် အင်ဒိုနီးရှား ဂျာကာတာမြို့တွင် ကျင်းပသည့် အာရှနှင့် သြစတြေးလျ လက်ဝှေ့ပြိုင်ပွဲ၌ ရွှေတံဆိပ်ရသည်။
    .
    မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၈၄ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။ မျိုးသန့်၊ စောဟာဒီ၊ ကျားဘညိမ်း၊စံလှ၊ သကြားမဂျစ်၊ ရဲဆွေ၊ ရဲချစ်၊ တီအောင်၊  ဘယ်လင်သော်မဆင်၊ တင်ထွန်း၊ သက်ဦးလေး၊ ၀င်းမောင်၊ ဒေါ်လာ၊ လှညွန့်၊သိန်းမြင့်၊  သန်းထွန်း၊ ဇော်လတ်တို့ အပါအဝင် (၁၈)ဦး ရှိခဲ့ရာ (၆)ဦးသည် မွတ်စလင်မ်များ ဖြစ်ကြသည်။ ထို (၆)ဦးတို့ကတော့ ကျားဘညိမ်း၊ မဂျစ်၊ တင်ထွန်း၊ ဂျိတ်ဘာဝါး၊ ၀င်းမောင်နှင့် သက်ဦးလေးတို့ဖြစ်သည်။
    .
    ကမ္ဘာ့အိုလံပစ်လက်ဝှေ့ဗိုလ်လုပွဲသို့ မြန်မာ့လက်ရွေးစင်(၁၈)ဦးယှဉ်ပြိုင်ရာတွင် သိန်းမြင့်(နှစ်ပွဲ)၊ တင်ထွန်း(နှစ်ပွဲ)၊ မျိုးသန့်(တစ်ပွဲ)၊ လှညွန့်(တစ်ပွဲ)၊ စုစုပေါင်းခြောက်ပွဲအနိုင်ရခဲ့သည်။

    ကမ္ဘာ့အိုလံပစ်လက်ဝှေ့ကြိုးဝိုင်းလက်ရွေးစင်အဖြစ် သိန်းမြင့်သုံးကြိမ်၊ တင်ထွန်းနှစ်ကြိမ်တိုင်တိုင် အရွေးခံခဲ့ရသည်။

    ကိုးကား-
    —————
    ရွှေဘိုဘာမထီခင်အောင် ရေးသည့်
    ” ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ” (“မန္တလေး အနှစ် ၁၅၀ ပြည့် မဂ္ဂဇင်း” )
    “ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ”(အစ္စလာမ်သုတ မဂ္ဂဇင်း )

    ဆက်စပ်ဆောင်းပါးများ ဖတ်ရန်
    ——————————–
    ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ
    http://www.m-mediagroup.com/news/21411

  • ဂျပန်ရှိ ခရီးသွားလုပ်ငန်းများ မွတ်စလင်များအတွက် အထူးဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်လာ

    ဂျပန်ရှိ ခရီးသွားလုပ်ငန်းများ မွတ်စလင်များအတွက် အထူးဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်လာ

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    japan

    – ဖွံဖြိုးတိုးတက်လာသော နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် မွတ်စလင်ခရီးသွားများ အဆင်ပြေ လွယ်ကူချောမွေ့စေရန်အတွက် အိုဆာကာအခြေစိုက် ခရီးသွားအေဂျင်စီတစ်ခုမှာ မွတ်စလင်ခရီးသွားများအတွက် အထူးဝန်ဆောင်မှုများကို ပေးအပ်နေသည်ဟု သိရသည်။

    Miyako International Tourist ကုမ္ပဏီဖြစ်ပြီး ၎င်းတို့ပေးအပ်သည့် အထူးဝန်ဆာင်မှုများတွင် ဂျပန်နိုင်ငံရှိ ဗလီဝတ်ကျောင်းတော်များသို့ ပို့ဆောင်ပေးခြင်း၊ ဟာလာလ်အစားသောက်များ စီစဉ်ပေးခြင်း စသည်တို့ ပါဝင်သည်။ ထိုကုမ္ပဏီ၏ ဂျပန်ခရီးစဉ်များကို တိုကျိုမှစတင်ပြီး အိုဆာကာ၊ ကျိုတိုနှင့် နာရာတို့အပါအ၀င် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ နေရာအားလုံး ပါဝင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ဖောက်သည်တွေက သူတို့စားသောက်ရမယ့်အစားအသောက်နဲ့ပတ်သက်ပြီး စိုးရိမ်သောက ရောက်ကြပါတယ်။ ကျွန်တော်တို့ကတော့ ဘေးအန္တရာယ်ကင်းပြီး စိတ်ငြိမ်းချမ်းတဲ့ ခံစားမှုမျိုးကို ပေးချင်ပါတယ်” ဟု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မိုဟာမက် နာဂျီ မာတာရ်က ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ ၁၉.၇၄ သန်းရှိပြီး လွန်ခဲ့သည့် ၁၀ စုနှစ်ကထက် ယှဉ်ပါက ၁၃ သန်း တိုးလာခြင်းဖြစ်သည်။ ထိုအထဲမှ ၂ သန်းကျာ်မှာ မလေးရှာ၊ အင်ဒိုနီးရှားတို့အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများမှဖြစ်သည်။

    အရှေ့တောင်အာရှ နိုင်ငံများမှ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူ အရေအတွက်မှာ ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းကျော် ပိုများလာခဲ့သည်။

    Miyako International ခရီးသွားလုပ်ငန်းမှာ ၂၀၁၀ ခုနှစ်ကတည်းက မွတ်စလင်များအတွက် အဆင်ပြေစေမည့် ခရီးသွား အစီအစဉ်များကို စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ထိုအစီအစဉ်မှ ရရှိသည့် အမြတ်ငွေမှာ စုစုပေါင်းအမြတ်ငွေ၏ ၃၀ ရာခိုင်နှုန်း ရှိနေပြီဖြစ်သည်။

    ဂျပန်အစိုးရနှင့် ခရီးသွားလုပ်ငန်းများမှာ မွတ်စလင်ခရီးသွားများကို ပိုမိုစွဲဆောင်နိုင်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်လျက်ရှိနေကြသည်။

    Ref: IINA

  • အသင်းလိုက်အစွမ်းပြရန် ကစားသမားများကို လက်စတာနည်းပြ တိုက်တွန်း

    အသင်းလိုက်အစွမ်းပြရန် ကစားသမားများကို လက်စတာနည်းပြ တိုက်တွန်း

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    leis

    – ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အဖွင့်ပွဲစဉ်တွင် ဟားလ်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအနေဖြင့် စုပေါင်းအားကို အသုံးပြုရန် လက်စတာနည်းပြ ရာနီယေးရီက တိုက်တွန်းပြောကြားလိုက်သည်။

    ယမန်နေ့ကကစားခဲ့သည့် အဆိုပါ အဝေးကွင်းပွဲစဉ်တွင် လက်စတာမှာ အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ရာနီယေးရီကမူ မိမိတို့အသင်းနေဖြင့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ ပိုကောင်းခဲ့သင့်သည်ဟု ဆိုသည်။

    “အခွင့်အရေးတွေ တော်တော်များများ ဖန်တီးနိုင်ခဲ့တဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒါပေမယ့် အသင်းလိုက်ကစားပုံကို ကျွန်တော် မြင်တွေ့ချင်တာပါ။ ကျွန်တော်တို့ရဲ့အားက အသင်းလိုက်ကစားပုံမှာရှိတာပါ။ ဒီနေ့ ကျွန်တော်တို့ ပိုကောင်းခဲ့တယ်၊ ပိုမာခဲ့တယ်။ ဒါပေမယ့် အသင်းလိုက်ကစားပုံမှာတော့ မစွံခဲ့ပါဘူး” ဟု ရာနီယေးရီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ယခုရာသီက ပြီးခဲ့သည့်ရာသီထက် ပိုခက်ခဲလာခဲ့ပြီး မိမိတို့အနေဖြင့် အမှားအယွင်းမရှိအောင် ကစားရမည်ဖြစ်ကြောင်း၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာမှာ လာမည့်တစ်ပတ်တွင် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: lcfc.com

  • နယူးယောက်တွင် ရှေ့ဆောင်အီမာမ်နှင့် ၎င်း၏လက်ထောက်တို့ သေနတ်ဖြင့် ပစ်သတ်ခံရ

    နယူးယောက်တွင် ရှေ့ဆောင်အီမာမ်နှင့် ၎င်း၏လက်ထောက်တို့ သေနတ်ဖြင့် ပစ်သတ်ခံရ

    သြဂုတ် ၁၄၊ ၂၀၁၆
    M-Media

    newyork

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကွင်းမြို့နယ်ရှိ လမ်းမတစ်ခုတွင် ရှေ့ဆောင်အီမာမ်တစ်ဦးနှင့် ၎င်း၏ လက်ထောက်တို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

    သေဆုံးသွားသည့် ရှေ့ဆောင်အီမာမ်မှာ အသက် ၅၅ နှစ်အရွယ်ရှိ မောင်လာနာ အေကွန်ဂျီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ နယူးယောက်သို့ လွန်ခဲ့သည့် ၂ နှစ်က ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများက ဖော်ပြခဲ့သည်။ ၎င်း၏ လက်ထောက်မှာ အသက် ၆၄ နှစ်အရွယ် သာရာအူဒင်ဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ယမန်နေ့ ဒေသစံတော်ချိန် ၂ နာရီဝန်းကျင်ခန့်က အလ်-ဖွရ်ကန် ဂျာမေဗလီဝတ်ကျောင်းတော်မှ ထွက်ကာ လမ်းလျှောက်သွားနေစဉ် လူတစ်ယောက်က အနောက်မှကပ်၍ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သွားခြင်းဖြစ်ပြီး ဘာသာတရားကြောင့် ပစ်မှတ်ထားခံရသည်လားဆိုသည်ကို မသိရှိရသေးဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကွင်းမြို့နယ်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းမှာ အခင်းဖြစ်ရာနေရာတွင် စုဝေးကာ တရားမျှတမှုကို လိုချင်သည်ဟု ကျွေးကြော်ခဲ့ကြသည်။ ဆန္ဒပြသူများမှ အချို့က အဆိုပါ ပစ်ခတ်မှုမှာ အမုန်းတရားအခြေခံ ရာဖ၀တ်မှုဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့ကြသည်။

    Ref : BBC