News @ M-Media

Blog

  • သံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ)

    သံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ)

    သြဂုတ် ၁၃ ၊ ၂၀၁၆
    M-Media
    ရုပ်သံ/တည်းဖြတ် – မိုးစက်
    .Cover Photo
    ဦးမောင်မောင်ကြီး (ခ) အက္ကဘရ် (မွတ်စလင်ဘွဲ့အမည်) ကို ၁၉၂၅ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ အဖ ဦးမောင်မောင်ဂျမ်း၊ အမိ ဒေါ်မဘီတို့မှ မွေးဖွားခဲ့သည်။
    .
    လွတ်လပ်ရေး မတိုင်ခင် ခေတ်တွင် စစ်ပွဲကာလအတွင်း အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်၏ အသက်အား ကယ်ဆယ်ခဲ့ဘူးသည်။
    .
    လွတ်လပ်ရေးမရခင် ကာလကတည်းက တပ်မတော်ရေ သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်ထိ ၄၆ နှစ် တိုင် တပ်မတော်၌ တာဝန်ထမ်းရွက်ခဲ့သည်။
    .
    တပ်မတော်သား ဘဝ တွင် သမိုင်းဝင် စစ်ရေယာဉ် မေယု ရဲ့ စစ်ယာဉ်မှူးဟောင်း၊ စစ်ဦးစီး တက္ကသိုလ်ရဲ့ နည်းပြချူပ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် .သီလဝါဆိပ်ကမ်းကိုလည်း စတင်အကောင်အထည်ဖော်ခဲ့သူ ဖြစ်သည်။
    .

    .
    ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
    .
    ၁၉၈၀ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၈၄ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    .
    သံအမတ်ကြီးအဖြစ် နိုင်ငံပေါင်း (၇) နိုင်ငံတွင် ၈ နှစ်ခွဲ ၉ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။
    .
    ၁၉၅၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဒေါ်ညွန့်ညွန့်ကြီးနှင့် လက်ထပ်ခဲ့ပြီး တင်ကြီး၊ ခင်စံပါယ်၊ ညွန့်ကြီး ဟူသည့် သားသမီး ၃ ယောက် ထွန်းကားခဲ့သည်။
    .
    လှေလှော်ရွက်တိုက်အသင်း၊ ရေကူးအသင်း၊ သေနတ်ပစ်အသင်း၊ အလုပ်သမားနှင့် လယ်သမားများအသင်း၊ သမ္မတ၏ ကိုလံဘိုစီမံကိန်းကောင်စီ (၁၉၈၂-၁၉၈၃) တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ကျင်းပသည့် စတုထ္ထ အကြိမ်မြောက်အာရှ အားကစား ပြိုင်ပွဲတွင် ရေကူး ပြိုင်ပွဲ၌ ချန်ပီယံ ဆု ဆွတ်ခူးရရှိခဲ့သည့် မြန်မာဂုဏ်ဆောင် တင်မောင်နီကို လေ့ကျင့်ပေးခဲ့ဘူးကြောင်း သိရသည်။
    .
    ယခုအခါ အသက် ၉၁ ကျော်ရှိပြီ ဖြစ်တဲ့  ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ) ဟာ ရန်ကုန်မြို့ မလိခလမ်းနေအိမ်မှာ မိသားစုနဲ့ အတူ ကျန်းမာစွာဖြင့် နေထိုင် လျက်ရှိကြောင်းသိရသည်။

  • ပါလက်စတိုင်းရှိ အကူအညီပေးရေး အဆောက်အဦးများ အစ္စရေးက ဖြိုချမှု ပြင်သစ် ရှုတ်ချ

    ပါလက်စတိုင်းရှိ အကူအညီပေးရေး အဆောက်အဦးများ အစ္စရေးက ဖြိုချမှု ပြင်သစ် ရှုတ်ချ

    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media

    france condemn

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ပြင်သစ်က ရန်ပုံငွေမတည်ကာ ဆောက်လုပ်ထားသည့် အဆောက်အဦး များကို ဖျက်ဆီးပစ်သည့်အတွက် ပြင်သစ်နိုင်ငံက အစ္စရေးကို ဝေဖန်ရှုတ်ချလိုက်ပြီး အစ္စရေးတပ်များက ဖျက်ဆီးနေသည့် အဆောက်အအုံများမှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများ ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟုလည်း သတိပေးလိုက်သည်။

    “ပါလက်စတိုင်းကျေးရွာ နာဘီဆမ်မြူယဲလ်မှာ ပြင်သစ်ရန်ပုံငွေနဲ့ ဆောက်လုပ်ပေးထားတဲ့ အဆောက်အဦးတွေကို သြဂုတ်လ ၃ ရက်နေ့မှာ အစ္စရေးတပ်က ဖျက်ဆီးမှုအပေါ် ပြင်သစ်နိုင်ငံက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ပြင်သစ်နိုင်ငံက ပေးအပ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစ္စရေးအာဏာပိုင်တွေက ၂၀၁၆ အစပိုင်းလောက်ကစပြီး ပေါ်ပေါ်ထင်ထင် ဖျက်ဆီးပစ်နေတာ အခုအကြိမ်နဲ့ဆိုရင် သုံးကြိမ် ရှိပါပြီ။ ဖေဖော်ဝါရီလမှာလည်း ကျောင်းတစ်ကျောင်းကို တစ်စစီ ဖြိုဖျက်ပစ်ခဲ့ပါတယ်” ဟု ပြင်သစ်အစိုးရက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အနောက်ဘက်ကမ်းတောင်ပိုင်းရှိ အလ်ခါလီလ်မြို့အနီးတွင် EU က ထောက်ပံ့ထားသည့် ခိုလှုံရေးစခန်းသုံးခုကို အစ္စရေးက အင်္ဂါနေ့တွင် ဖျက်ဆီးပစ်ခဲ့မှုကိုလည်း ပြင်သစ်က ထည့်သွင်းရှုတ်ချခဲ့ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    အစ္စရေးဆိုင်ရာ အီယူးသံအမတ်ဖြစ်သူ လာစ် ဖာဘော့ဂ်-အန်ဒါဆန်ကမူ ၂၀၀၉ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ပါလက်စတိုင်း ပိုင်နက်များ၌ အစ္စရေးက ဖြိုချဖျက်ဆီးခဲ့သည့်၊ သိမ်းဆည်းခဲ့သည့် အီးယူအဆောက်အဦး စုစုပေါင်း ၁၇၀ နီးပါး ရှိသည်ဟု ပြီးခဲ့သည့်လတွင် ပြောကြာခဲ့သည်။

    ထို့ပြင် နောက်ထပ် အဆောက်အဦး ၆၀၀ ကိုလည်း အစ္စရေးက ဖျက်သိမ်းရန်၊ သို့မဟုတ် ဆောက်လုပ်မှုရပ်တန့်ရန် အမိန့်ထုတ်ပြန်ထားပြီး ထိုအဆောက်အဦးများမှာ ဖြိုချဖျက်ဆီးခံရမည့်အခြေအနေတွင် ရှိနေသည်။

    Ref : Presstv

  • အာရပ်ရိုးရာ ဆေးကုသနည်း အိုလံပစ်တွင် ရေပန်းစား

    အာရပ်ရိုးရာ ဆေးကုသနည်း အိုလံပစ်တွင် ရေပန်းစား

    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media

    hijma

    – အစ္စလာမ့်ဆေးပညာနှင့် အရှေ့အလယ်ပိုင်း တိုင်းရင်းဆေးကုသမှု နည်းလမ်းများမှ မြစ်ဖျားခံဆင်းသက်လာသည့် ကုသနည်းဖြစ်သော Hijma နည်းကို ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် အိုလံပစ် ပြိုင်ပွဲတွင် အသုံးပြုနေပြီး မိုက်ကယ် ဖဲလ်ပ်ကဲ့သို့ အားကစား အကျော်အမော်များကပင် သုံးစွဲကြသည်ဟု သိရသည်။

    အာရဗီဝေါဟာရဖြင့် ဟစ်ဂ်ျမာ (Hijma) ဟုခေါ်ဆိုသည့် ‘ခွက်ဖြင့်အပူပေးနှိပ်နယ်ခြင်း’ နည်းသည် ဖန်ခွက် သို့မဟုတ် ပလက်စတစ်ခွက်များကို ခန္ဓာကိုယ်၏ နာကျင်သည့်နေရာသို့ ဖုံးအုပ်ပြီး လေဟာနယ်ဖြစ်အောင် အပူပေးသောနည်းတစ်ခုဖြစ်သည်။

    ထိုကဲ့သို့ အပူပေးခွက်ဖြင့် စုပ်ယူခြင်းနည်းလမ်းက အရေပြားအား ကြွက်သားမှ ကွာစေကာ အောက်ဆီဂျင်ပါဝင်သော သွေးကို ထိုနေရာသို့ ရောက်ရှိစေပြီး နာကျင်မှုကို သက်သာစေခြင်းဖြစ်သည်။

    ရေကူးသမိုင်းတွင် စံချိန်သစ်များ တင်နိုင်ခဲ့သည့် ဖဲလ်ပ်မှာလည်း ၎င်း၏ ကြွက်သားဒဏ်ရာများအတွက် Hijma နည်းကို အသုံးပြုခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုနည်းလမ်းကို အားကစားသမားများသာ မကဘဲ ဆရာဝန်များကပါ လူနာများကို ကုသပေးသည့်အခါတွင် အသုံးပြုလျက်ရှိကြသည်။

    Ref : IINA

  • အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဆော်ဒီ၏ ပူးပေါင်းမှုကို ဂျာမနီချီးကျူး

    အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဆော်ဒီ၏ ပူးပေါင်းမှုကို ဂျာမနီချီးကျူး

    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media

    – ဂျာမနီနိုင်ငံ ဘာဗာရီးယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေရာတွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် ဂျာမနီနိုင်ငံက ချီးကျူးပြောဆိုလိုက်သည်။

    ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ချီးကျူးလိုက်ခြင်းဖြစ်ပြီး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆော်ဆန် ချက်ဘလီက ဂျာမနီတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ဖော်ထုတ်ရာတွင် ဆော်ဒီအစိုးရ၏ ပူးပေါင်းမှုအတွက် ကျေနပ်မိသည်ဟု ဆိုသည်။

    ထို့ပြင် ဂျာမနီနှင့် အခြားသော အနောက်နိုင်ငံများအနေဖြင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး အခြေခံကိစ္စများတွင် ဆော်ဒီနှင့်အတူ ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဆော်ဒီလုံခြုံရေးတာဝန်ရှိသူများက ဂျာမနီလုံခြုံရေးအာဏာပိုင်များထံသို့ ပေးပို့ခဲ့သည် အချက်လက်များမှာ ဂျာမနီတွင် အကြမ်းဖက်မှုမဖြစ်ပွားခင် အချိန်မီ ဖြိုခွင်းမှုများ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref : IINA

  • သြဂုတ်လအကုန်ထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာထား

    သြဂုတ်လအကုန်ထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာထား

    သြဂုတ် ၁၃ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    14030754_10202258875549526_1429514587_n

    ၂၀၁၆ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် ၎င်းတို့ ရရှိသည့် အမှတ်စာရင်းဖြင့် မိမိတို့ ရွေးချယ်လိုသော တက္ကသိုလ်များကို လျှောက်ထားကြရန် သက်ဆိုင်ရာက ကြေညာထားသည်။

    ဝင်ခွင့်လျှောက်ထားမည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနေဖြင့် သြဂုတ်လ ၁၇ ရက်နေ့မှ စ၍ သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ ဖြစ်သည့် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများထံတွင် မိမိတို့ အောင်မြင်ခဲ့သည့် အမှတ်စာရင်း အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်နှင့် လျှောက်လွှာပုံစံအိတ်များကို ကျပ်ရှစ်ရာ ပေးသွင်း၍ ထုတ်ယူနိုင်ကြောင်း သိရသည်။

    တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရာတွင် မိမိတို့ရရှိသည့် ဝင်ခွင့် ရမှတ်များဖြင့် ရွေးချယ်တက်ရောက်လိုသော သင်တန်းများသို့ ဦးစားပေးလျှောက်ထားရမည် ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ စိစစ်ရွေးချယ်မည် ဖြစ်သည်။

    ထိုသို့ ရွေးချယ်ရာတွင် တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့သည် အမှတ်အများဆုံးရသည့် လျှောက်ထားသူ၏ ကတ်ပြားမှ စ၍ အမှတ်အနည်းအများအလိုက် ကတ်ပြားတစ်ခုချင်းတွင် ဖော်ပြထားသော ဦးစားပေးအစီအစဉ်များ အတိုင်း စိစစ်ဆောင်ရွက်မည် ဟုသိရသည်။ လျှောက်ထားသူ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် လက်ခံရန်သတ်မှတ်ထားသည့် ဦးရေ အတိုင်း တက္ကသိုလ် ၊ ဒီဂရီကောလိပ် ၊ ကောလိပ်များသို့ တက်ရောက်ခွင့်ရရှိမည်လည်း ဖြစ်သည်။

    ယခုနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ရမှတ်မှာ အမျိုးသားများအတွက် ၅၀၁ မှတ်ဖြစ်ကာ အမျိုးသမီးများအတွက် ၅၁၀ မှတ်ဖြစ်သည်။ ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ရမှတ်မှာ အမျိုးသားများအတွက် ၄၉၈ မှတ်ဖြစ်ပြီး အမျိုးသမီးများအတွက် ၄၈၀ မှတ်ဖြစ်သည်။

    တပ်မတော် နှင့်ဆိုင်သော စစ်တက္ကသိုလ်များကိုမူ သက်ဆိုင်ရာ စစ်ဌာနချုပ်များမှ တဆင့် တပ်မတော် ဗိုလ်ရွေးအဖွဲ့သို့ သီးခြား လျှောက်ထားရမည်ဖြစ်ပြီး တက္ကသိုလ် အသီးသီးအတွက် ဝင်ခွင့် ရမှတ်များကို ၂၀၁၆ ခုနှစ် တက္ကသိုလ် ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။
    တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ရန်ကုန်မြို့ တက္ကသိုလ်နယ်မြေ သထုံလမ်းရှိ အခြေခံပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ စနေတနင်္ဂနွေအပါအဝင်  သြဂုတ်လ ၃၁ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။