News @ M-Media

Blog

  • ၂၀၂၀ အမှီ ရန်ကုန်မြို့လယ်မှာ မိုးပျံအဆောက်အဦများ ပေါ်ထွက်လာတော့မည်

    ၂၀၂၀ အမှီ ရန်ကုန်မြို့လယ်မှာ မိုးပျံအဆောက်အဦများ ပေါ်ထွက်လာတော့မည်

    သြဂုတ် ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    LANDMARK DEVELOPMENT
    ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ရှေ့ဟောင်း အဆောက်အဦ တစ်ခုဖြစ်သည့် မြန်မာ့မီးရထား ရုံးချုပ် နှင့် အတူ  နိုင်ငံတကာအဆင့်မှီ စီမံကိန်းကြီး တစ်ခုကို စတင် ပြုလုပ်တော့မည်ဟု F.M.I ကုမ္ပဏီမှ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

    ထိုစီမံကိန်းကို F.M.I ကုမ္ပဏီမှ ရှယ်ယာထည့်ဝင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထား၍ လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော်မည် ဖြစ်ပါတယ်။

    F.M.I ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးလင်းမြိုင်က ” ဒီစီမံကိန်းကြီးဟာ ကျွန်တော်တို့ မှန်းတာက ဒီနှစ်မကုန်ခင်မှာ အရှိန်အဟုန်နဲ့ စနိုင်မယ်လို့ မျှော်မှန်းတယ်။ ကာလအားဖြင့် လေးနှစ်လောက် သတ်မှတ်ထားတယ်။ ၂၀၂၀ မကုန်ခင်မှာစီမံကိန်းကြီး ပြီးမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု ပြောပါတယ်။

    မြေငှားရမ်းမှု အနေဖြင့် မြန်မာ့မီးရထားနှင့် F.M.I ကုမ္ပဏီတို့အကြား ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့က သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

    မြေငှားရမ်းစာချုပ်သည် နှစ် ၅၀ဖြစ်ပြီး F.M.I ကုမ္ပဏီလီမီတက်မှ အမှုဆောင် ဒါရိုက်တာ ဦးထွန်းထွန်းကတော့ စီမံကိန်းနှင့် ပတ်သက်၍ ” LANDMARK DEVELOPMENT သည် ကမာ့နာမည်ကျော် စီးပွားရေး ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ဤ စီမံကိန်းသည် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာသန်း (၆၀၀) ကျော်ကို ပြည်တွင်း စီးပွားရေးသို့ ရောက်ရှိလာစေမည်ဖြစ်ကြောင်း ၊ အဓိက ပြည်တွင်း မိတ်ဖက် တစ်ဦးအနေဖြင့် ဤအရေးပါသော စီမံကိန်းတွင် ပါဝင်ရခြင်းကြောင့် F.M.I အနေဖြင့် ဂုဏ်ယူမိပါကြောင်း LANDMARK DEVELOPMENT သည်ရန်ကုန်မြို့လယ်အား ကောင်းမွန်သော တိုးတက်မှုရရှိစေမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများ အတွက် စံသတ်မှတ်ချက်ဖြစ်လာမည်ဟု မိမိတို့ယုံကြည်ပါကြောင်း ” ဖြင့် ပြောကြားပါတယ်။

    စီမံကိန်း ဧရိယာသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ F.M.I စင်တာ၊ မီးရထားရုံးဟောင်းနှင့် ဂရင်းမီးရထားဟိုတယ်တို့ ပါဝင်သည့် မြေ၁၀ဧကခန့် ကျယ်ဝန်းပြီး မကြာမီတွင် ဂရင်းမီးရထား ဟိုတယ် နှင့် F.M.I စင်တာတို့ကို ဖြိုဖျက်မည် လည်းဖြစ်ပါတယ်။

    ရှေ့ဟောင်းအဆောက်အဦ တစ်ခုဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦကို Peninsula Hotel Yangon အဖြစ် မွမ်းမံတည်ဆောက်ကာ ဇိမ်ခံ ကွန်ဒို၊ ဟိုတယ်များနှင့် လူနေခန်း ရုံးခန်းများ နှင့် အရောင်းဆိုင်များ ပါဝင်မည်ဟု သိရပါတယ်။

    အဆိုပါ စီမံကိန်းကို စင်ကာပူအခြေစိုက် Yoma Strategic ဟောင်ကောင် အခြေစိုက် Shanghai ဟိုတယ် နှင့်  Mitsubishi Group ၊ IFC ၊ ADB စသော နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

  • အစ္စလာမ်နဲ့ပတ်သက်သည့် ယူဆချက် အမှားများကို ဖြေရှင်းပေးသည့် အမေရိကန်မှ နှီးနှောဖလှယ်ပွဲ

    အစ္စလာမ်နဲ့ပတ်သက်သည့် ယူဆချက် အမှားများကို ဖြေရှင်းပေးသည့် အမေရိကန်မှ နှီးနှောဖလှယ်ပွဲ

    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media

    101

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်နှင့် မွတ်စလင်များအပေါ် အထင်မှားအမြင်မှား ဖြစ်နေမှုအား ဖြေရှင်းရန် ရည်ရွယ်သည့် အသိပညာပေး နှီးနှောဖလှယ်ပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် နက်ရှ်ဗီလီမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Islam 101 ဟု အမည်ပေးထားပြီး မည်သူမဆို တက်ရောက်ပါဝင်နိုင်သည့် အဆိုပါအခမ်းအနားကို ဗုဒ္ဓဟူးနေ့က ‘နက်ရှ်ဗီလီ အစ္စလာမ့်စင်တာ’ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ယူဆချက်အမှားများကို ရှင်းလင်းပြင်ဆင်ပေးခဲ့ကြသည်။

    “သတင်းအချက်အလက်မှားတွေ တော်တော်များများ ပြန့်နှံ့နေတဲ့ ဒီနေ့လို အချိန်မျိုးမှာ ဒီလိုပွဲမျိုးတွေဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ လမ်းကြောင်းမှန်ပြဖို့လည်း အရေးကြီပါတယ်” ဟု စင်တာ၏ ဥက္ကဌဖြစ်သူ ရာရှက်ဒ် ဖာကာရူဒင်က ပြောကြားခဲ့သည်။

    ထိုနှီးနှောဖလှယ်ပွဲသို့ လူအဖွဲ့အစည်းပေါင်းစုံမှာ အသက်ရွယ်ပေါင်းစုံ တက်ရောက်ခဲ့ကြပြီး ဖာကာရူဒင်ကမူ အစ္စလာမ်သာသနာ၏ အခြေခံကျင့်သုံးမှုများနှင့် ယုံကြည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

    နက်ရှ်ဗီလီမြို့တွင် အစ္စလာမ်ဘာသာဝင်ပေါင်း ၃၀၀၀၀ ခန့် နေထိုင်သည်ဟု ခန့်မှန်းထားပြီး ထိုကဲ့သို့ အသိပညာပေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်ခြင်းအားဖြင့် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ လူအများအပြား ပိုမိုလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်း ရရှိမည်ဟု ၎င်းက မျှော်လင့်နေသည်။

    တက်ရောက်လာသူများကလည်း ထိုကဲ့သို့ အခမ်းအနားများက အလွန်ကောင်းမွန်သည့် သင်ကြားမှုအခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်

    “ကျွန်တော် အထက်တန်းကျောင်းသားဘ၀မှာ ဘာသာတရားကို လေ့လာခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်နဲ့ပတ်သက်ပြီးတော့ အတန်းမရှိပါဘူး။ ကျွန်တော် ပိုပြီး သင်ယူချင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ဆိုတာ အခုအချိန် ကမ္ဘာကြီးမှာ အင်မတန် အရေးကြီးနေပါတယ်” ဟု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်ာ့ ပေတန် ၀ီလီယံက ပြောကြားခဲ့သည်။

    Ref: IINA

  • အမေရိကန် ရေကူးသမား မိုက်ကယ် ဖဲလ်ပ် ရေကူးသမိုင်းတွင် သမိုင်းသစ် ရေးထိုးနိုင်

    အမေရိကန် ရေကူးသမား မိုက်ကယ် ဖဲလ်ပ် ရေကူးသမိုင်းတွင် သမိုင်းသစ် ရေးထိုးနိုင်

    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media

    god

    – အမေရိကန်မှ ရေကူးအားကစားသမား မိုက်ကယ် ဖဲလ်ပ်မှာ ယမန်နေ့က အိုလံပစ် မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ရရှိခဲ့ပြီး ၎င်း၏ အားကစားသမားဘ၀တစ်လျှောက် ၂၂ ခုမြောက် ရွှေတံဆိပ်လည်းဖြစ်ကာ၊ အိုလံပစ်လေးကြိမ်ဆက် အလွတ်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်သည့် ပထမဆုံး ရေကူးအားကစားသမား ဖြစ်လာခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်သာရှိသေးသည့် ဖဲလ်ပ်အတွက် ရီယိုဒီဂျနေရိုးတွင်ပြုလုပ်နေသည့် အိုလံပစ်ပြိုင်ပွဲမှာ ၅ ကြိမ်မြောက် အိုလံပစ်ပွဲဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဦးချင်း ရွှေတံဆိပ်နှစ်ခုနှင့် အသင်းလိုက် ရွှေတံဆိပ် ၂ ခု ရရှိထားသည်။

    လွန်ခဲ့သည့် ၂ နှစ်က အနားယူပြီးနောက်ပိုင်း ရေးကူးအားကစားလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည့် မိုက်ကယ်ဖဲလ်ပ်မှာ ငွေ ၂ ခု၊ ကြေး ၂ ခုအပါအ၀င် စုစုပေါင်း ဆုတံဆိပ် ၂၆ ခု ရရှိထားပြီး ယနေ့တွင်လည်း မီတာ ၁၀၀ လိပ်ပြာကူး ဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရန် ရှိနေသည်။

    ထိုဆုတံဆိပ်များမှ ၁၃ ခုမှာ တစ်ဦးချင်းပြိုင်ပွဲမှ ရရှိခြင်းဖြစ်ပြီး အခြားဆုတံဆိပ်များမှာ အသင်းလိုက်မှ ရရှိခြင်းဖြစ်သည်။

    Ref: CNN

  • ယခုနှစ် ဘောလုံးရာသီကို အသင်းအတွက် သမိုင်းတွင်မည့်ရာသီအဖြစ် ကလော့ပ်မျှော်လင့်

    ယခုနှစ် ဘောလုံးရာသီကို အသင်းအတွက် သမိုင်းတွင်မည့်ရာသီအဖြစ် ကလော့ပ်မျှော်လင့်

    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media

    klopp

    – ယခုနှစ် ၂၀၁၆-၁၇ ဘောလုံးရာသီကို လီဗာပူးလ်ပရိတ်သတ်များ နှစ်ပေါင်းများစွာအထိ အမှတ်ရစေမည့် ရာသီတစ်ခု ဖြစ်လာစေရန် မျှော်လင့်နေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လီဗာပူးလ်အား စတင်ကိုင်တွယ်ခဲ့သည့် ကလော့ပ်မှာ လီဗာပူးလ်ပရိတ်သတ်များ၏ ယုံကြည်မှုကို အလျင်အမြန်ရရှိခဲ့ပြီး လိဂ်ဖလားနှင့် ယူရိုပါဖလားတို့တွင် နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။

    ယခုတစ်ပတ်တွင် စတင်တော့မည့် ပရီးမီးယားလိဂ်ရာသီသစ်အတွက် ပြင်ဆင်နေသည့် ကလော့ပ်ကမူ ကစားသမားများ အနေဖြင့် အောင်မြင်မှုများရရှိသည့်ရာသီ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

    “ကျွန်တော် အကောင်းဘက်က မျှော်လင့်ထားပါတယ်။ ထူးခြားတဲ့ရာသီတစ်ခု အဖြစ်ပေါ့ဗျာ။ ဒီကမ္ဘာဂြိုဟ်ကြီးဟာ နောက်ထပ် နှစ်ပေါင်း ၂ သန်း၊ ၃ သန်းလောက် ရှိနေအုံးမယ်လို့ မျှော်လင့်မိပြီး နောက်ထပ် နှစ် ၅၀၊ ၆၀ လောက်မှာ ဒီ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ‘ငါတို့အသင်း ဒီလိုကစားခဲ့ပါလား၊ ဒီလို ဆုတွေရခဲ့ပါလား’ လို့ အံ့သြစရာ ရာသီအဖြစ် ပြန်ကြည့်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီလိုမျိုး ကျွန်တော် လိုချင်တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဘာဝဆိုတာ၊ အထူးသဖြင့် ဘောလုံး
    လောကဆိုတာ ဒီအတွက်ပဲလေ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • လာမည့်နွေတွင် ရန်ကုန်၌ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးမည်

    လာမည့်နွေတွင် ရန်ကုန်၌ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးမည်

    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media

    yangon

    – ယခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လာမည့်နွေရာသီ ရန်ကုန်မြို့တွင် ဓာတ်အား စုစုပေါင်း ၁၄၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ပေးသွားနိုင်ရန် စီစဉ်ထားသည်ဟု ရန်ကုန်အာဏာပိုင်များက ပြောကြားလိုက်သည်။

    “ဒီနွေမှာဖြစ်ခဲ့တဲ့ ဓာတ်အားပြတ်တောက်မှုတွေကို သင်ခန်းစာယူပြီး လာမယ့်နွေရာသီမှာ ဒီလိုမဖြစ်ဖို့အတွက် ထရန်စဖော်မာတွေ၊ ဓာတ်အားလိုင်းတွေ တပ်ဆင်တာအပါအ၀င် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” ဟု ရန်ကုန်လျှပ်စစ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးသန့်ဇင်က ကြာသာပတေးနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား ၂၄ နာရီပေးနိုင်ရန်အတွက် ကျပ်ငွေ ၁၀၀ ဘီလီယံ လိုအပ်ပြီး ကော်ပိုရေးရှင်းကမူ တစ်နှစ်လျှင် ဘတ်ဂျက် ၂၀ ဘီလီယံသာ ရရှိသောကြောင့် အလွန်ကွာဟနေကြောင်း၊ ထိုကိစ္စကို မိမိတို့အဖွဲ့က တိုင်းဒေသကြီး အစိုးရနှင့် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ အသိပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: yangon.coconut