News @ M-Media

Blog

  • မန်ယူ၏ ရာသီအကြိုခြေစမ်းပွဲ စီစဉ်မှုကို မော်ရင်ဟို ဝေဖန်

    မန်ယူ၏ ရာသီအကြိုခြေစမ်းပွဲ စီစဉ်မှုကို မော်ရင်ဟို ဝေဖန်

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    morinho 2

    – မန်ချက်စတာယူနိုက်တက်အသင်း၏ ရာသီအကြို ခြေစမ်းပွဲစီစဉ်မှုမှာ အလွန်စိတ်ပျက်ဖွယ်ရာကောင်းသည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အသင်းရှိ အဓိကစားသမားအချို့မှာ ယူရို ၂၀၁၆ ပြီးနောက် အားလပ်ရက်အပို ရယူထားပြီး၊ မူလက ခြေစမ်းပွဲ ၄ ပွဲ ကစားရန် စီစဉ်ထားသော်လည်း ဘေဂျင်းတွင်ကစားမည့် မန်ယူနှင့် မန်စီးတီးတို့ပွဲမှာ ရာသီဥတုမကောင်းသောကြောင့် ဖျက်ပစ်ခဲ့ရသည်။

    ထို့ကြောင့် မန်ယူမှာ လက်ရှိတွင် ၃ ပွဲသာ ကစားထားရပြီး ယနေ့မနက်တွင် အဲဗာတန်နှင့်ကစားခဲ့သည့် ၀ိန်းရူနီအမှတ်တရပွဲပါဝင်မှ ၄ ပွဲသာ ရှိမည်ဖြစ်သည်။ လာမည့်စနေနေ့တွင် မန်ယူမှာ လက်စတာနှင့် ကွန်မြူနတီဒိုင်းလုပွဲ ကစားရမည်ဖြစ်ပြီး မော်ရင်ဟိုကမူ ကစားသမားများမှာ ကစားချိန်များများ လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ကစားသမားတွေက ကစားချိန်ပိုလိုအပ်ပါတယ်။ ကျွန်တော်တို့ စီစဉ်ခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲက တော်တော်လေး မကောင်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဥရောပကနေ တရုတ်ကို သွားကစားရလို့ပါပဲ။ ပရိတ်သတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့် ပွဲတွေကိုနိုင်ဖို့အတွက် ပိုအရေးကြီးတာက ကစားသမားတွေ ကစားချိန်များများ ရဖို့ပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အမည်ပျက်စာရင်းမှ လူ ၆၀၀ ကျော်ကို မြန်မာအစိုးရ ပယ်ဖျက်

    အမည်ပျက်စာရင်းမှ လူ ၆၀၀ ကျော်ကို မြန်မာအစိုးရ ပယ်ဖျက်

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    myan
    Photo Credit – Mizzima

    – တိုင်းပြည်အတွင်း ၀င်ရောက်ခွင့်မရသည့် အမည်ပျက်စာရင်းတွင် ပါဝင်နေသော နိုင်ငံသားနှင့် နိုင်ငံခြားသား ၆၀၀ ကျော်ကို မြန်မာအစိုးရက ယမန်နေ့တွင် စာရင်းမှ ပယ်ဖျက်ပေးလိုက်ပြီး အစိုးရသစ်၏ ရက် ၁၀၀ စီမိန်းကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    “ရက် ၁၀၀ စီမံကိန်းအရ ကျွန်တော်တို့ဟာ အမည်ပျက်စာရင်းမှာ ပါတဲ့သူ အရေအတွက်ကို လျှော့ချသွားမှာဖြစ်ပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အစိုးရမှာ လက်ရှိအချိန်အထိ အမည်ပျက်စာရင်းမှ ၆၁၉ ဦးကို ဖယ်ပျက်ခဲ့ပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ၂၄၈ ဦးနှင့် နိုင်ငံခြားသား ၃၇၁ ဦးပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ကာ အမည်ပျက်စာရင်းတွင် စုစုပေါင်း အရေအတွက် မည်မျှရှိနေသည်ဆိုသည်ကိုမူ ဖွင့်ဟခဲ့ခြင်း မရှိချေ။

    ထို့ပြင် ထိုအမည်များကို စာရင်းမှပယ်ဖျက်ရေးအတွက် ၀န်ကြီးဌာနပေါင်း ၁၅ ခုက ဆောင်ရွက်နေသည်ဟု ဆိုသည်။

    သို့သော်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က အလိုရှိနေသော အကြမ်းဖက်သမားများ၊ ရာဇ၀တ်မှုကျူးလွန်သူများ၏ အမည်များကိုမူ ပယ်ဖျက်သွားမည်မဟုတ်ဟု ဦးသိန်းဆွေက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: RFA

  • သြဂုတ်လကို မွတ်စလင်များအား ဂုဏ်ပြုသည့်လအဖြစ် ကယ်လီဖိုးနီးယား သတ်မှတ်

    သြဂုတ်လကို မွတ်စလင်များအား ဂုဏ်ပြုသည့်လအဖြစ် ကယ်လီဖိုးနီးယား သတ်မှတ်

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    california

    – သြဂုတ်လကို မွတ်စလင်တွေကို ဂုဏ်ပြု ပြီး၊ အစ္စလာမ်သာသနာအကြောင်း အသိပညာပေးတဲ့လအဖြစ် တရားဝင်သက်မှတ်ဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်က တနင်္လာနေ့မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။

    ပြည်နယ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ရဲ့ ကယ်လီဖိုးနီးယားအဖွဲ့ခွဲက ပြောကြားခဲ့ပြီးတဲ့နောက်မှာပဲ အခုလို ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    တိုင်းပြည်အတွက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်ခဲ့ကြတဲ့ မွတ်စလင်တွေကို ဂုဏ်ပြုဖို့၊ အစ္စလာမ်အကြောင်း အထင်အမြင်မှားနေမှုကို ဖြေရှင်းဖို့အတွက် ရည်ရွယ်တဲ့ ဒီဆုံးဖြတ်ချက်ကို လွှတ်တော်အမတ် ဘီလ် ကွာ့ရ်က်က ဇွန်လမှာ တင်သွင်းခဲ့တာပါ။

    “အမေရိကန်မွတ်စလင်တွေဟာ နိုင်ငံတစ်ဝှမ်းမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ပညာရေး၊ သိပ္ပံပညာ၊ ဖျော်ဖြေရေးနဲ့ ဆေးဘက်ဆိုင်ရာတွေမှာ ကူညီပံ့ပိုးမှုတွေ အများကြီး ပြုလုပ်ပေးခဲ့ပါတယ်။ ကံမကောင်းစွာပဲ အဲ့ဒီမွတ်စလင်အဖွဲ့အစည်းတွေဟာ အစော်ကားခံရတာတွေ၊ ခွဲခြားခံရတာတွေနဲ့ ကိုယ်ထိလက်ရောက်ပြုခံရတာတွေ ရှိနေပါတယ်” လို့ ကွာ့ရ်က်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သူက ကယ်လီဖိုးနီးယားနဲ့ နိုင်ငံတစ်ဝှမ်းမှာ အမေရိကန်မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီမှုတွေကို အသိအမှတ်ပြုဖို့၊ ဒါနဲ့ပတ်သက်ပြီး အခြားပြည်သူတွေသိအောင် ပညာပေးဖို့၊ မွတ်စလင်တွေအပေါ် လေးစားသမှု ဆက်လက်ထားရှိဖို့၊ အမေရိကန်ပြည်သူတိုင်း ထိုက်တန်တဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ ထားရှိကြဖို့အတွက် ဒီလို လှုပ်ရှားမှုမျိုး လုပ်ဆောင်တာဟာ သင့်လျော်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

    CAIR ရဲ့ ကယ်လီဖိုးနီးယားအဖွဲ့ခွဲ အမှုဆောင်ဒါရိုက်တာ ဘာဆင်မ် အဲလ်ကာရာက လွှတ်တော်အအနေနဲ့ ဒီဆုံးဖြတ်ချက် အတည်ပြုလိုက်တာဟာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တစ်ခု ရှင်သန်လာတဲ့နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေဟာ ကယ်လီဖိုးနီးယားရဲ့ အရေးပါတဲ့ လှုပ်ရှားမှုတိုင်း၊ ကဏ္ဍတိုင်းမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ရဲ့ ဒီလိုအားထုတ်မှုကို လေးစားချီးကျူးတာဟာ ရွေးကောက်ပွဲရှိနေတဲ့ ဒီလိုအချိန်မျိုးမှာ ချောင်ပိတ်မိနေတဲ့ သူတို့ကို မျှော်လင့်ချက်လင်းရောင်ခြည် သန်းလာစေတာပဲ ဖြစ်ပါတယ်”

    အမေရိကန်မှာ မွတ်စလင်တွေကို ဂုဏ်ပြုတဲ့လအဖြစ်သတ်မှတ်တာဟာ အခုအကြိမ်ဟာ ပထမဆုံး မဟုတ်ဘဲ ၂၀၁၄ ခုနှစ်ကလည်း လော့စ်အိန်ဂျလိစ်မြို့တော်ကောင်စီက ဇူလိုင်လကို ‘အမေရိကန်မွတ်စလင်များ၏ သမိုင်းအမွေအနှစ်လ’ အဖြစ်သတ်မှတ်ခဲ့ပါတယ်။

    Ref : IINA

  • အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကို မြန်မာမွတ်စလင်မ် အစည်းအရုံး (BMA)မှ ပြင်းပြင်းထန်ထန် ရှုတ်ချ

    အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကို မြန်မာမွတ်စလင်မ် အစည်းအရုံး (BMA)မှ ပြင်းပြင်းထန်ထန် ရှုတ်ချ

    သြဂုတ် ၄၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .BMA
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အပါအ၀င် ထိပ်တန်းပုဂ္ဂိုလ် ကိုးဦးအား ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သည့် စာတစ်စောင်ကို အိုင်အက်စ်တို့က နီဂရီဆမ်ဘီလန်ပြည်နယ် ရဲစခန်းသို့ သြဂုတ် ၁ ရက်က ပေးပို့ခဲ့ပြီး ယင်းကိုးဦး စာရင်းတွင် မြန်မာနိုင်ငံမှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခဲ့ကြောင်း သိရသည်။
    .
    အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်းပြီး ပြည်ပ အခြေစိုက် မြန်မာမွတ်စလင်မ် အစည်းအရုံးမှ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါသည်။
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါတိုင်းဖြစ်ပါသည်။
    .
    အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း
    .
    ၁။ နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အိုင်ဆက်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအရာရှိကြီးများ၏ အသက်အန္တရာယ်ကို ခြိမ်းချောက်ရာတွင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်ဟု သိရှိရသဖြင့် အထူးစိုးရိမ်ပူပန်မိပါသည်။
    .
    ၂။ မြန်မာနိုင်ငံသား အစ္စလာမ်သာသနာဝင်များသည် အစ္စလာမ်တရားတော်၏ သင်ကြားချက်အတိုင်း ငြိမ်းချမ်းရေးကို မြတ်နိုးပြီး အကြမ်းဖက်မှုမှန်သမျှကို အစဉ်အမြဲ ဆန့်ကျင်ရှုတ်ချသူများ ဖြစ်ကြသည်။
    .
    ၃။ ၂၀၁၂ခုနှစ်မှစ၍ ယနေ့တိုင်အောင် အစ္စလာမ်သာသနာဝင်များနှင့် အစ္စလာမ်သာသနာကို နည်းမျိုးစုံနဲ့ လွတ်လွတ်လပ်လပ် စော်ကားတိုက်ခိုက်မှုများ နေ့စဉ်နဲ့အမျှ ရှိနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံသား အစ္စလာမ်သာသနာဝင်များက အကြမ်းဖက်တုန့်ပြန်ခြင်း လုံးဝမရှိပဲ စိတ်ရှည်သည်းခံ နေလာကြသူများလည်းဖြစ်သည်။
    .
    ၄။ မြန်မာ့သမိုင်းတွင် မြန်မာမွတ်စလင်က အကြမ်းဖက်သောသမိုင်း လုံးဝမရှိပဲ၊ မြန်မာမွတ်စလင်များက အကြမ်းဖက်ခံရသော သမိုင်းသာရှိသည်။
    .
    ၅။ မြန်မာမွတ်စလင်များကို ပြည်တွင်းမှ အကြမ်းဖက်မှုများဖြစ်တိုင်း မည်သည့်အခါမှ အပြစ်မတင် မရှုတ်ချကြပဲ ပြည်ပမှ အကြမ်းဖက်ရန် လှုံ့ဆော်မှုဖြစ်တိုင်း လုံးဝ သက်ဆိုင် ပတ်သက်ခြင်းမရှိသော မြန်မာမွတ်စလင်များကို ဓါးစာခံသဘောထား တာဝန်ယူခိုင်းနေမှုများကိုလည်း ရပ်တန်းက ရပ်သင့်ကြပြီ။
    .
    ၆။ အကြမ်းဖက်မှု၊ ခြိမ်းချောက်မှု မှန်သမျှကို မြန်မာမွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချသည်။
    .
    ၇။ မြန်မာမွတ်စလင်များသည် မည်သို့သော အခြေအနေတွင်မှ တရားမဲ့ အကြမ်းဖက်မှုများကို လုပ်ဆောင်မည် မဟုတ်သည့်အပြင် ပြည်တွင်းပြည်ပ အကြမ်းဖက်မှု၊ ခြိမ်းချောက်မှုများကိုလည်း ဘာသာစုံ၊ လူမျိုးစုံ တိုင်းရင်းသားပြည်သူများနှင့် ခိုင်ခိုင်မြဲမြဲ လက်တွဲ၍ ပြတ်ပြတ်သားသား တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
    .
    သြဂုတ်လ ၃၊ ၂၀၁၆

  • ဒေါ်အောင်ဆန်းစုကြည်အား IS ခြိမ်းခြောက်မှုနှင့် အကျိုးဆော့အကန်းမော့ဦးမည့် တောကြောင်များ

    ဒေါ်အောင်ဆန်းစုကြည်အား IS ခြိမ်းခြောက်မှုနှင့် အကျိုးဆော့အကန်းမော့ဦးမည့် တောကြောင်များ

    သြဂုတ် ၃ ၊ ၂၀၁၆
    မြင့်မိုရ်မောင်မောင်
    anti daw su
    မလေးရှားနိုင်ငံ နီဂရီဆမ်ဘီလန် Negri Sembilan ပြည်နယ်အတွင်း ပို့ဒစ်ဆင်၊ နီလိုင်တို့ အပါအ၀င် အခြား ရဲစခန်းလေးခုထက်မနည်း IS အဖွဲ့ရဲ့ခြိမ်းခြောက်စာတစ်စောင် သြဂုတ်လ ၁ ရက်မှာ ရောက်ရှိလာတယ်လို့ ရဲချုပ် ခါလစ်က သြဂုတ် ၂ ရက်မှာ ပြောကြားခဲ့ပြီး၊ အဆိုပါ ခြိမ်းခြောက်စာဟာ ဘယ်လောက်အထိ စစ်မှန်တယ်ဆိုတာကို စစ်ဆေးနေကြောင်း၊ အခြေအမြစ်မရှိတဲ့အကြောင်း၊ မလေးရှားမှာ ISIS အဖွဲ့ရဲ့ သြဇာ ကြီးမားလာဖို့ ကြိုးစားချက်တစ်ရပ်သာဖြစ်တယ်လို့ ယူဆကြောင်း၊ အဆိုပါစာအိတ်ပေးပို့သူကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းနေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

    ခြိမ်းခြောက်စာ ၂ မျက်နှာအတွင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ ဒုဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီ၊ ရဲချုပ် ခါလစ်အဘူဘာကာ၊ ရှေ့နေချုပ် မိုဟာမက်အာပင်ဒီအလီ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ဒုဝန်ကြီး အချို့သာမက မြန်မာနိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ ၉ ဦးကို ပစ်မှတ်ထားထားတယ်ဆိုပြီး ဓာတ်ပုံများနဲ့တစ်ကွ ဖော်ပြထားပါတယ်။ ဒီသတင်းကို နာမည်ကြီး စင်္ကာပူအခြေစိုက် Straits Times သတင်းစာမှာ ရေးသားလိုက်တဲ့အတွက် ယခုဆိုရင် ဟိုးလေးတကျော် ဖြစ်နေပါပြီ။ မြန်မာမီဒီယာတွေမှာလည်း ဝေေ၀ဆာဆာ စတင်ဖော်ကျူးနေတဲ့အပြင် ဒီသတင်းနဲ့ပတ်သက်လို့ အင်တာဗျူးတွေ ဘာတွေလည်း လုပ်နေကြတာကို တွေ့ရပါတယ်။ The Voice မှာတော့ ဒီအကြောင်းကို ပုံမှန်သတင်းအဖြစ်သာ တင်ထားပါတယ်။

    “ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေများ ဆုံးရှုံးနေသော်လည်း အိုင်အက်စ် ခေါင်းဆောင် အဘူဘကာအယ်ဘက်ဂဒါဒီက အရှေ့တောင်အာရှတွင် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိပြီး အရှေ့တောင်အာရှ အိုင်အက်စ်အဖွဲ့ခွဲများ တည်ထောင်ရန် ရည်မှန်းချက်များလည်း ရှိကြောင်း အရိပ်လက္ခဏာများ ရှိထားသည်။ ဇွန်လက ကွာလာလမ်ပူ အပြင်ဘက်ရှိ ဘားတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မလေးရှားတွင် အိုင်အက်စ်တို့၏ ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ရဲက အတည်ပြုထားသည်။ မလေးရှားသည် ၂၀၁၄ ခုနှစ်မှစပြီး အိုင်အက်စ်တို့နှင့် ဆက်နွှယ်မှုအတွက် လူ ၁၅၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်” လို့ The Star ကို မှီငြမ်းပြီး Eleven က မြန်မာလူထုအကြား စိုးရိမ်စိတ်ကြီးမားလာအောင် ရေးသားတင်ပြထားတယ်။

    လက်ရှိအစိုးရသစ် မတိုင်ခင်မှာလည်း အလ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ မြန်မာပြည်ကို ၀င်တိုက်မယ်၊ မြန်မာပြည်တွင်းမှာ ကွန်ရက်ရဲ့ အမာခံ ဆဲလ်တွေ ရှိနေပြီ/ရှိနေနိုင်တယ် စသဖြင့် သတင်းတွေ တက်လာခဲ့ဖူးပါတယ်။ အဲ့ဒီကာလမှာလည်း သိတော်မူကြတဲ့အတိုင်း မြန်မာမီဒီယာအများစုက အတိုင်အဖောက်ညီညီ ပြူးတူးပြဲတဲနဲ့ ဖော်ပြရေးသားခဲ့ကြတာကို မှတ်မိနေကြဦးမှာပါ။ ဒါပေမယ့် ဒီနေ့ထက်တိုင် အလ်ကိုင်ဒါ တစ်ကောင်တစ်မြီးမှ မတွေ့ရသေးဘဲ ပြည်တွင်းနေမွတ်စ်လင်မ်အချို့ကတော့ အကြမ်းဖက်အဖွဲ့နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး အဓမ္မစွဲချက်တင် ထောင်ချခံခဲ့ရတာသာ အဖတ်တင်ပါတယ်။

    တစ်ခါ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက သူ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ် ဟင်္သာမီဒီယာနဲ့ ပြုလုပ်တဲ့အင်တာဗျူးကို တင်ထားပါတယ်။ အဲ့ဒီဖြေကြားချက်ထဲမှာ “ဥပမာ – ပြင်သစ်နိုင်ငံမှာ တိုက်ခိုက်ခံရတယ်ဆိုရင် သူတို့နိုင်ငံမှာ နေထိုင်သူနဲ့ သူတို့နိုင်ငံပေါက် ဆဲလ်တွေပေါ့နော်။ အဲ့ဒါတွေသုံးပြီး လုပ်လေ့လုပ်ထ ရှိတယ်။ အဲ့ဒီတော့ သူတို့ရဲ့ဆဲလ်တွေ၊ ကွန်ရက် ကျွန်တော်တို့ နိုင်ငံအတွင်းမှာရော ဘယ်လောက်ထိ ရှိလဲ၊ ဘယ်လိုတွေ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကိုင်နေလဲဆိုတာကို ကျွန်တော်တို့ လုံခြုံရေးအဖွဲ့အစည်းတွေ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနတို့ ပူးပေါင်းစောင့်ကြည့်လေ့လာနေပါတယ်။ နောက်ပြီး တစ်ခုရှိတာက ကျွန်တော်တို့ နိုင်ငံအတွင်းမှာတော့ ဒီလို အစွန်းရောက်အကြမ်းဖက် ဆဲလ်တွေ အများကြီးမရှိနိုင်ဘူးလို့ မှန်းရတာပေါ့နော်” ဆိုပြီး ထည့်သွင်းပြောကြားထားပါတယ်။ အသေအချာ ဖတ်ရှုလေ့လာကြည့်ရင် နှပ်ကြောင်းပေးစကားများနဲ့အတူ အစ္စလာမ်ဘာသာဝင်အချို့ကို ပစ်မှတ်ထားဦးမယ့် အရိပ်လက္ခဏာတစ်စွန်းတစ်စကို ခံစားမိပါတယ်။ ယခင် အစိုးရဟောင်းလက်ထက်မှာလည်း ဒီလိုနှပ်ကြောင်းပေးစကားတွေ၊ အခြေအမြစ်မရှိတဲ့သတင်းတွေကို ဟုတ်သယောင်ယောင် ချဲ့ကားရေးသားခဲ့ကြပြီး များမကြာမီမှာပဲ ဘာသာရေး၊ လူမျိုးရေး အခြေတည် အနိဌာရုံတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ အဆုံးသတ်တော့ ဘာတွေကို အမြတ်ထုတ်သွားသလဲဆိုတာ အများသိပြီးဖြစ်ပါတယ်။ ဒီအချက်ကို မြန်မာလူထုအနေနဲ့ သတိမလွတ်ဖို့ အရေးကြီးပါတယ်။

    မဇ္ဈိမ သတင်းဋ္ဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအပိုင်းကို အထူးတင်းကြပ်သွားမယ့် အကြောင်း ဇောင်းပေးတင်ပြထားပါတယ်။ အထူး သတိပြုသင့်တာက နိုင်ငံတော်လုံခြုံရေး/ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်ဒေသရေးရာ ကဏ္ဍများဟာ အရပ်သားအစိုးရလက်အောက်မှာ မဟုတ်သေးဘူး ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်က ဒီခြိမ်းခြောက်စာ ထွက်ပေါ်လာမှ အရေးကြီးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သူတိုင်း အသက်အန္တရာယ်ရှိခဲ့တာချည်းပဲဖြစ်ပါတယ်။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်အဖို့ အသက်ဘေးက သီသီလေးလွတ်ခဲ့ရတာ တိုင်းသိပြည်သိပါ။ ပြည်တွင်းထဲ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပြားမတန်အောင် သိက္ခာချပြီး သတ်မယ်ဖြတ်မယ် တကဲကဲ မကြာခဏ ခြိမ်းခြောက်နေတာတောင် ဘာဆိုဘာမျှ မဖြစ်ခဲ့ဘဲ အခြေအမြစ်မဲ့ ပြည်ပက ခြိမ်းခြောက် စာတစ်စောင်လေးက ဒီအခြေအနေထိ တွန်းပို့နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ တကယ်တမ်း ဖြစ်လာခဲ့လျှင်ပင် IS ဟန်ဆောင်ထားတဲ့ တောကြောင် အုပ်စုများသာ လက်ရဲဇက်ရဲ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ချေ များပါတယ်။

    အစ္စလာမ်သာသနာကို ခြေခြေမြစ်မြစ် သိရှိသူတိုင်း ISIS/ISIL စတဲ့ အကြမ်းဖက်အုပ်စုတွေကို မစင်ထက်ပင် ရွံရှာကြပါတယ်။ အကယ်၍များ ဒီအကြမ်းဖက်အုပ်စုမျိုး၊ ဒီလိုအုပ်စုရဲ့ကွန်ရက်မျိုး မြန်မာပြည်ထဲ တကယ်ရှိတယ်/၀င်ရောက်မယ်ဆိုရင် သူတို့ကို ပထမဦးဆုံးနဲ့ အပြင်းထန်ဆုံး ရင်ဆိုင်မှာက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၊ အစ္စလာမ်အဖွဲ့အစည်းများ သာ ဖြစ်နေလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဖိနှိပ်ခွဲခြားဖယ်ကြဉ် ဆက်ဆံခံနေရတဲ့ မြန်မာနိုင်ငံသား မွတ်စ်လင်မ်များအနေနဲ့ ရှေ့ဆက်ပြီး မိမိတို့လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ဂုဏ်သိက္ခာ ထာဝရ ပျက်သုဉ်းစေမယ့်လုပ်ရပ်မျိုး ဘယ်လိုမှ လက်ခံမှာမဟုတ်ကြောင်း တွေးကြည့်ယုံနဲ့ သိနိုင်မှာပါ။ နောက်ကြောင်းပြန် လှည့်စေလိုတဲ့သူများကတော့ ဒီအခြေအနေနဲ့ ဆန့်ကျင်ဖက်ကို တို့မီးရှို့မီးတွေနဲ့ တစ်ဖက်သတ် ပုံဖော်နေကြဦးမယ်။ ဒါကိုလည်း များမကြာမီ မြင်တွေ့ကြရပါဦးမယ်။

    ISIS အဖွဲ့များဟာ အစ္စလာမ်အခြေခံသွန်သင်မှုနဲ့ အလျဉ်းမကိုက်ညီ၊ အစ္စလာမ်အမည်ကို အသုံးချနေတဲ့ အကြမ်းဖက် အဖွဲ့သာလျှင်ဖြစ်တယ်၊ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်များအပါအ၀င် အစ္စလာမ်ရဲ့အမည်နာမ အသုံးပြုနေတာကို အပြင်းအထန် ရှုတ်ချတယ် အစရှိသဖြင့် ကမ္ဘာ့ထိပ်တန်း အစ္စလာမ်ပညာရှင်အသီးသီးက ရှုတ်ချထား၊ ဓမ္မသတ် ထုတ်ပြန်ထားပြီးတဲ့အကြောင်း ယနေ့ထက်ထိတိုင် မြန်မာမီဒီယာအများစုက ဖော်ပြခြင်းမရှိဘဲ ထိမ်ချန်ထားတာကို ထူးခြားစွာ သတိပြုမိပါတယ်။ ဒါ့အပြင် ISIS တိုက်ခိုက်ရေးသမားတွေ အပေါ် ပစ်ခတ်/သတ်ဖြတ်/ဗုံးခွဲ/နည်းဗျူဟာတွေကို အနီးကပ်ကြီးကြပ်သင်တန်းပေးနေတာက အစ္စရေးမော့ဆက်များဖြစ်နေကြောင်း ကမ္ဘာ့သတင်းသမားအများစု သိလာကြပြီဖြစ်သော်လည်း နာမည်ကြီး မြန်မာမီဒီယာတွေ မသိ ရှိနိုင်ကြသေးတာကတော့ အံ့သြစရာပါ။ နောက်ထပ် လူသိနည်းနေသေးတဲ့ကိစ္စနှစ်ခုလည်း ရှိပါတယ်။ ပထမတစ်ခုက – အရှေ့အလယ်ပိုင်းသား အစ္စလာမ် ဘာသာဝင်အာရပ်များနဲ့ အစ္စရေးဂျူးတို့ဟာ ကမ္ဘာ့ရန်တွေ ဖြစ်ပါတယ်။ သို့သော် အစ္စလာမ်နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့ ISIS က အစ္စရေးဂျူးတွေကို အနည်းငယ်မျှပင် မော်မကြည့်ဝံ့သည်သာမက နေ့တဓူဝ သူတို့သတ်ဖြတ်နေသူတွေကို ကြည့်လိုက်ရင် ဘာသာခြားထက် မွတ်စ်လင်မ်ဦးရေက အဆမတန် များပြားနေတာကို အတိုင်းသား တွေ့နိုင်ပါတယ်။ တွေးခေါ်ဆက်စပ်တတ်သူများအတွက် ဒီအချက်အလက်နဲ့တင် လုံလောက်သွားပါမယ်။

    အရပ်သားအစိုးရ (တစ်နည်း) ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို မလိုလားသူ နောက်ကွက်လက်မည်းကြီးများဟာ တိုင်းပြည်မတည်ငြိမ်စေဖို့၊ အကာအကွယ်ခေါင်းစဉ် တစ်ခုခုအောက်က ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ တောကြောင်တွေကို အသုံးပြုလေ့ရှိပါတယ်။ လက်ရှိနှစ်များ အတွင်း လူထု စည်းလုံးမှုကို လူမျိုးရေး၊ ဘာသာရေးဆိုတဲ့ ဗျူဟာနဲ့ အကောင်းဆုံး၊ အထိရောက်ဆုံး ဖြိုခွဲပစ်နိုင်ခဲ့ပြီဆိုတာ နိုင်ငံရေး ၀ါရင့်သူတိုင်း နားလည်ထားပြီး ဖြစ်ပါတယ်။ လူထုကြားထဲမှာတင် တောကြောင်တွေ ရှိနေတာမဟုတ်ပါဘူး၊ “တောကြောင်မီဒီယာ” များလည်း ရှိနေကြောင်း တော်လှန်ရေး သတိရှိတဲ့ ဒုံးမဝေးသူတိုင်း နားလည်ထားကြပြီး ဖြစ်မှာပါ။ ဒီလိုမီဒီယာများကလည်း များမကြာမီ သမိုင်းတရားခံစာရင်းဝင်သွားပါလိမ့်မယ်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ် ဆိုသလို တောကြောင်များ အဖို့ တောမီးလောင်တာကို အလွန်အင်မတန် လိုလားတောင့်တနေကြမှာပါ။

    အချုပ်အားဖြင့် ဒီခြိမ်းခြောက်မှုဖြစ်စဉ်ဟာ မြန်မာနိုင်ငံတွင်း အတွင်းလှိုက် ဒီမိုကရေစီ ဖျက်ဆီးရေးသမား(တောကြောင်)များနဲ့ တိုက်ရိုက်သွယ်ဝိုက် ဆက်စပ်မှု မရှိနိုင်သော်လည်း သူတို့အနေနဲ့ ဒီယုန်မြင်ပြီး ဒီခြုံထွင်နိုင်ဖွယ် ရှိနေပါကြောင်း IS ရဲ့ ခြိမ်းခြောက်မှုကို အရင်းပြုပြီး ဆန့်ထွက်လာနိုင်တဲ့ လက်တစ်စုံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်၊ မြန်မာ့ဒီမိုကရေစီအတွက် အန္တရာယ် ပိုကြီးမားနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    (ဆောင်းပါးရှင်၏အာဘော်သာ ဖြစ်ပါသည်)