News @ M-Media

Blog

  • ယခုနှစ် FA ဖလားတွင် ၄ ဦး လူစားလဲသည့်စနစ် စမ်းသပ်မည်

    ယခုနှစ် FA ဖလားတွင် ၄ ဦး လူစားလဲသည့်စနစ် စမ်းသပ်မည်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    FA

    – ၂၀၁၅-၁၇ ဘောလုံးရာသီ FA ဖလားပွဲများတွင် စတုတ္ထမြောက် လူစားလဲသည့်စနစ်ကို စမ်းသပ်အသုံးပြုသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်သည်။

    အဆိုပါအစီအစဉ်ကို ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များ၏ အချိန်ပိုကစားသည့်အခါ အကောင်အထည်ဖော်မည်ဖြစ်သည်။

    ဘောလုံးလောကတွင် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြဌာန်းနေသော နိုင်ငံတကာဘောလုံးအသင်းအဖွဲ့များဘုတ်အဖွဲ့ (IFAB) က ဘောလုံးပွဲတစ်ပွဲတွင် ကစားသမား ၃ ဦးသာ လူစားလဲခွင့်ပြုထားခြင်းမှာ သင့်လျော်မှု ရှိ၊ မရှိ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနှင့် လေ့လာမှု ပြုလုပ်နေသည်။

    မကြာသေးမီက အမေရိကန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကိုပါအမေရိကန် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း အဆိုပါ စတုတ္ထမြောက်ကစားသမား လူစားလဲမှုစနစ်ကို စမ်းသပ်အသုံးပြုခဲ့သည်။

    Ref: Goal

  • အမေရိကန်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ်ပါတီ ရွေးချယ်

    အမေရိကန်သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်ကို ဒီမိုကရက်တစ်ပါတီ ရွေးချယ်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    clinton

    – နှစ်ကုန်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်လိုက်သည်ဟု သိရသည်။

    ဖီလာဒဲလ်ဖီးယားတွင် ပြုလုပ်သည့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ဟီလာရီကလင်တန်မှာ အဓိက ပါတီတစ်ခုကို ဦးဆောင်ကာ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရသည့် အမျိုးသမီးအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။

    ဗီဒီယိုမှတစ်ဆင့် ညီလာခံတက်ရောက်လာသူ ပရိတ်သတ်များအား ပြောကြားရာတွင် ကလင်တန်က ထိုကဲ့သို့ သမ္မလောင်းအဖြစ် ရွေးချယ်ခံရသည့်အတွက် ပျော်ရွှင်မိပြီး၊ ကြီးကျယ်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ခြင်းမှာ မယုံကြည်နိုင်လောက်သည့် ဂုဏ်ပြုမှုဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်အောင် လုပ်ပေးခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်ကို မအိပ်ဘဲ စောင့်ကြည့်နေတဲ့ ကလေးမလးတွေ ရှိမယ်ဆိုရင် ကျွန်မပြောချင်တာက – ကျွန်မဟာ နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်ချင်မှဖြစ်လာနိုင်သလို၊ သမီးတို့ထဲက တစ်ယောက်ကလည်း တစ်ချိန်မှာ အမျိုးသမီးသမ္မတ ဖြစ်လာနိုင်ပါတယ်” ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

    ကလင်တန်မှာ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ထားသည့် ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: Aljazeera

  • မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာ

    မွတ်စလင်အမျိုးသမီးငယ်တစ်ဦး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာ

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Meida

    uk 3

    – အမျိုးသမီးများအပေါ် အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားသူ ဗြိတိန်မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ ဥပဒေရေးရာဒေါက်တာဘွဲ့ရရှိခဲ့ပြီး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာသည်ဟု သိရသည်။

    အသက် ၁၉ နှစ်အရွယ် ဖဟ်မာ မိုဟာမက် ဆိုသူဖြစ်ပြီး Bristol တက္ကသိုလ်က ပြီးခဲ့သည့်တစ်ပတ်အတွင်း အဆိုပါ ဒေါက်တာဘွဲ့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးများ၏ လိင်အင်္ဂါဖြတ်တောက်မှု (FGM) ဆန့်ကျင်ရေးလုပ်ငန်းတွင် သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကို ဂုဏ်ပြုခြင်းလည်းဖြစ်သည်။

    ဆိုမာလီနွယ်ွားဖြစ်သူ ဖဟ်မာမှာ အသက် ၁၄ နှစ်ကတည်းက ပရဟိတအဖွဲ့တစ်ခုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် FGM ကိုအဆုံးသတ်ရန်နှင့် အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရှိရန် ဆောင်ရွက်သည့် အဖွဲ့ဖြစ်သော Integrate Bristol အဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။

    ထို့နောက် ၃ နှစ်အကြာတွင် ထိုလှုပ်ရှားမှုအား တစ်နိုင်လုံးအတိုင်းအတာအရ ဦးဆောင်နိုင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကိုယ်တိုင် ၎င်းအား တွေ့ဆုံကာ ချီးကျူးခဲ့သည်။

    ထို့ပြင် FGM ၏ အန္တရာယ်နှင့်ပတ်သက်၍ ယူကေတစ်ဝှမ်းရှိ ကျောင်းဆရာများအား သတိပေးရန်နှင့် ကာကွယ်တားဆီးရေး ပညာပေးရန် တောင်းဆိုသော တိုက်တွန်းစာတစ်စောင်ကိုလည်း ပညာရေးဝန်ကြီးဟောင်း မီခေးလ် ဂိုဗီထံသို့ ရေးသားပေးပို့ခဲ့သည်။ အဆိုပါ တိုက်တွန်းစာမှာ လက်မှတ်ပေါင်း ၂၃၀၀၀၀ ရရှိခဲ့သည်။

    လာမည့် စက်တင်ဘာလတွင် ဇီဝဆေးသိပ္ပံ ဘာသာရပ်ဖြင့် တက္ကသိုလ်ပညာရေးကို အစပြုတော့မည့် ဖဟ်မာ မိုဟာမက်ကမူ သူမအနေဖြင့် ထိုကဲ့သို ဂုဏ်ပြုခံရမှုအတွက် မယုံကြည်နိုင်အောင် ဖြစ်ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

    Ref: bristolpost, mvslim.com

  • ယီမင်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ IS လက်ချက်ဖြစ်နိုင်

    ယီမင်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ IS လက်ချက်ဖြစ်နိုင်

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    yemen

    – ယီမင်နိုင်ငံမြို့တော် ဆန်နာရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ယမန်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် နည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မြို့တောင်ပိုင်းရှိ ဘီလားလ် ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံများ၏ ပြောကြားချက်အရ လက်ပစ်ဗုံးကြောင့် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

    ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ဆန်နာမြို့ရှိ အခြား ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် နေ့လည်ဝတ်ပြုသူများကို ပစ်မှတ်ထားကာ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ချေ။

    ယမန်နေ့က ဘီလားလ် ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးသော်လည်း တိုင်းပြည်မတည်မငြိမ်ဖြစ်မှုကို အခွင့်ကောင်းယူ၍ ပေါ်ထွက်လာခဲ့သည့် ယီမင်ရှိ IS သစ္စာခံများမှာ လူများရာနေရာများ၊ ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်တို့၏ သမိုင်းဝင်နေရာများကို တိုက်ခိုက်လေ့ရှိသည်။

    Ref: Press TV

  • ပြင်သစ်ရှိ ခရစ်ယာန်ဘုရားကျောင်းကို IS အဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်၊ တစ်ဦး သေဆုံး

    ပြင်သစ်ရှိ ခရစ်ယာန်ဘုရားကျောင်းကို IS အဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်၊ တစ်ဦး သေဆုံး

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    france 3

    – ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအတွင်း လူနှစ်ဦးက ဓားများဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၈၄ နှစ်အရွယ်ရှိ ခရစ်ယာန်ဘုန်းကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

    Saint-Etienne-du-Rouvray ဘုရားကျောင်းဖြစ်ပြီး ယနေ့မနက်ပိုင်း ၀တ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ်အတွင်း လူ ၂ နှစ်ဦးက ဓားများဖြင့်ဝင်ရောက်ကာ ဘုရားကျောင်းအတွင်းရှိသူများအား ဓားစားခံအဖြစ် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဘုန်းကြီး သေဆုံးမှုအပြင် ဒုတိယမြောက် ဓားစားခံမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ ရှိနေသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းကမူ တိုက်ခိုက်သူများက ၎င်းတို့မှာ IS အကြမ်းဖက်အဖွဲ့မှ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ IS မှာ မိမိတို့အား စစ်ကြေငြာထားသည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    တိုက်ခိုက်သူများမှာ ဘုရားကျောင်းမှထွက်ပြေးစဉ်အတွင်း အထူးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

    ဗာတီကန်ကမူ ထိုအဖြစ်အပျက်အတွက် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ကြမ်းကြုတ်သောလုပ်ရပ်ဖြစ်ကြောင်း၊ မြင့်မြတ်ရာနေရာတွင် ဖြစ်ပွားခဲ့သောကြောင့် ထိုအဖြစ်အပျက်မှာ ပိုမို၍ စက်ဆုပ်စရာကောင်းကြောင်း ဖော်ပြခဲ့သည်။

    Ref: Aljazeera