News @ M-Media
Blog
  • ဇာခါက အသင်းကို တောင့်တင်းစေသည်ဟု ၀င်းဂါးပြော
    ဇာခါက အသင်းကို တောင့်တင်းစေသည်ဟု ၀င်းဂါးပြော
    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media
    zakha
    – အသစ်ခေါ်ယူထားသည့် ဆွစ်ကွင်းလယ်လူ ဂရာနစ် ဇာခါမှာ အသင်းအတွက် ကြီးမားသည့်အထောက်အကူ ဖြစ်မည်ဖြစ်ပြီး ခြေစွမ်းကောင်းများကို ပို၍ မြင်ရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ယူရို ၂၀၁၆ တွင် ဆွစ်ဇာလန်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဇာခါမှာ အာဆင်နယ်သို့ရောက်ရှိမည်ဟု မေလကတည်းက သတင်းများ ထွက်ပေါ်နေခဲ့သူဖြစ်သည်။ ဖလာမီနီ၊ ရိုစစ္စကီးနှင့် အာတီတာတို့ ထွက်သွားပြီးနောက် အားနည်းနေသည့် အာဆင်နယ်ကွင်းလယ်မှာ ဇာခါရောက်လာမှုကြောင့် အသက်ရှုချောင်သွားခဲ့သည်။
    “ကွင်းလယ်မှာ အထိုင်ကစားမှုနဲ့အတူ သူ့ရဲ့ ဘောလုံးပေးပို့မှုစွမ်းရည်က ကောင်းမွန်တယ်။ လုပ်အားနှုန်းနဲ့ အမြင့်ဘောကစားရာမှာလည်း သူက ကောင်းပါတယ်။ လူငယ်တစ်ဦးဖြစ်ပြီး ၂၃ နှစ်သာ ရှိပါသေးတယ်။ သူ့ဆီက ခြေစွမ်းကောင်းတွေ တော်တော်များများ တွေ့ရဖို့ ရှိပါတယ်။ ကျွန်တော်တို့ အလယ်တန်းကစားသမား ၃ ဦး ဆုံးရှုံးခဲ့တယ်။ အခုတော့ တော်တော်လေး တောင့်တင်းသွားပါပြီ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref : Goal
  • ပြည်တွင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရမှုများ ရှိနေ
    ပြည်တွင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရမှုများ ရှိနေ
    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media
    slave
    – ပြည်တွင်းငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရသည့် လုပ်သားများက ကျန်ရှိသည့် ကျွန်ပြုခံရသူများကို ကယ်တင်ရေး ဆောင်ရွက်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။
    တနင်္သာရီတိုင်းဒေသကြီး ရဲဖြူကျေးရွာရှိ ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရပြီးနောက် လွတ်မြောက်လာခဲ့သည့် ကျွန်ပြုခံလုပ်သား ၁၁ ဦးက ယမန်နေ့တွင် Summit Parkview ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
    “ကျွန်တော်တို့ဟာ ငါးကို ကျွမ်းကျွမ်းကျင်ကျင် မဖမ်းနိုင်တာကြောင့် စက်လှေပဲ့ကိုင်တွေက အမြဲလိုလို ရိုက်နှက်တယ်၊ ဆဲဆို ကြိမ်းမောင်းပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ကို ဓားတွေ၊ လေးဂွတွေနဲ့ တိုက်ခိုက်ပါတယ်။ ပွဲစားက ကျွန်တော့်ကို ရောင်းစားသွားတယ်ဆိုတာ တစ်လလောက် အလုပ်လုပ်ပြီးတော့မှ သိခဲ့ရတာပါ” ဟု ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ကွန်းညိုကျေးရွာမှာ အသက် ၂၈ နှစ်အရွယ် ကိုမောင်ဆန်းက ပြောကြားခဲ့သည်။
    ကိုမောင်ဆန်းနှင့် တစ်ရွာတည်းနေ သူငယ်ချင်းဖြစ်သူတို့မှာ ၎င်းတို့၏လယ်များ ရေလွမ်းမိုးမှုကြောင့် ပျက်စီးပြီးနောက် ဧပြီလအတွင်းက ရဲဖြူမြို့နယ်သို့ အလုပ်ရှာရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့ သူငယ်ချင်း၏သားက ဒေါ်ရွှေလုံးပိုင်ဆိုင်သည့် ငါးဖမ်းစက်လှေတွင် အလုပ်သွင်းပေးခဲ့ခြင်းဖြစ်သည်။
    ၎င်းတို့မှာ တားမြစ်ဧရိယာများတွင် ငါးဖမ်းသည့်အခါ အာဏာပိုင်များကို စောင့်ကြည့်ရသည့်နေ့မှလွဲ၍ တစ်နေ့လျှင် ၁၉ နာရီအထိ အလုပ်လုပ်ရကာ ထိုကဲ့သို့ ကင်းစောင့်ရသည့်နေ့များတွင် ၂၁ နာရီ အလုပ်လုပ်ရကြောင်း ၎င်းနှင့်အတူ ပါသွားသော အ၀တ်အစားများကို စက်လှေပဲ့ကိုင်များက ပင်လယ်ထဲသို့ လွှင့်ပစ်ခဲ့သောကြောင့် အ၀တ်အစားတစ်စုံသာ ရှိတော့ကြောင်း ကိုမောင်ဆန်းက ထပ်လောင်း ပြောကြားခဲ့သည်။
    “မော်လမြိုင်ကို အလုပ်ရှာဖို့အတွက် ကျွန်တော်ရောက်သွားပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဆိုင်ကယ်တက္ကဆီက အဲဒီစက်လှေကို လိုက်ပို့ခဲ့တယ်။ စက်လှေပေါ်မှာ အရိုက်ခံရပါတယ်။ ပွဲစားတွေကတော့ တစ်ယောက်ကို ၅ သိန်းနှုန်းတဲ့ ဒေါ်ရွှေလုံးဆီက ပိုက်ဆံယူသွားမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ အသက် ၃၇ နှစ်အရွယ် ကိုမင်းမင်းက ပြောကြားခဲ့သည်။
    လွတ်မြောက်လာသူ ၁၁ ဦးက ၎င်းတို့မှာ စက်လှေအပေါ်တွင် ၃ လတာ လခမရဘဲ အလုပ်လုပ်ခဲ့ရပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် CTUM နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က လာရောက်မကယ်တင်မီ တစ်ဦးမှာ ပင်လယ်ထဲသို့ ခုန်ချသွားသွားခဲ့သည်ဟု ပြောကြားခဲ့သည်။
    ဧရာဝတီတိုင်းဒေသကြီးမှ ကျွန်ပြုခံရသူ ဦးအာကာကမူ မိမိတို့စကားပြောဆိုဖူးသည့် ငါးဖမ်းလုပ်သားများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ထိုကဲ့သို့ ကျွန်ပြုခံရသူများဖြစ်ပြီး၊ ၎င်းတို့ကိုယ်ကို သတ်သေမှုများကိုလည်း တွေ့ရကြောင်း၊ ကျွန်ပြုခံရမှုမှ လွတ်မြောက်ရန်အတွက် ပင်လယ်ထဲသို့ ခုန်ချချင်စိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ကမူ တက်မကိုင်၏ ဇနီးနှင့် လက်ထောက်များ၊ ပွဲစား ၄ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် စွဲချက်တင်မည်ဖြစ်ကြောင်း သတင်းရှင်းလင်းပွဲတွင် ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    Ref: mmtimes
  • Facebook ၏ ၀ိုင်ဖိုင်လွှင့်နိုင်မည့် ဒရုန်းလေယာဉ် မကြာမီလာမည်
    Facebook ၏ ၀ိုင်ဖိုင်လွှင့်နိုင်မည့် ဒရုန်းလေယာဉ် မကြာမီလာမည်
    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media
    drone
    – နေရာင်ခြည်စွမ်းအင်ဖြင့်ပျံသန်းကာ ၀ိုင်ဖိုင်ဝင်ဆောင်မှုပေးနိုင်မည့် ဒရုန်းလေယာဉ်ကို Facebook က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။
    ဝေလံခေါင်ဖျားသည့် ဒေသများသို့ အင်တာနက်ဝန်ဆောင်မှုပေးနိုင်မည့် Project Aquila စီမံကိန်း၏ ရလဒ်ဖြစ်ပြီး ပထမဆုံး ကွင်းဆင်းစမ်းသပ်မှုကို ဇွန်လ နှောင်းပိုင်းက အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    Facebook မှာ လွန်ခဲ့သည့် ၂ နှစ်က ဗြိတိန်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းလေယာဉ်များကို ထုတ်လုပ်သည့် Ascenta ကုမ္ပဏီကို ၀ယ်ယူကာ ထိုစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်သည်။
    အင်တာနက်ဝင်ဆောင်မှုပေးနိုင်မည့် အဆိုပါ ဆိုလာဒရုန်းလေယာဉ်၏ ဗျက်မှာ Boing 737 လေယာဉ်ပမာဏ ရှိသော်လည်း အလေးချိန်ကမူ မိသားစုစီးနင်းနိုင်သည့် သာမန်ကားတစ်စီး၏ အလေးချိန်သာ ရှိသည်။ အရီးဇိုးနား၌ ပြုလုပ်သည့် စမ်းသပ်မှုတွင် အဆိုပါလေယာဉ်မှာ မိနစ် ၉၀ ကြာ ပျံသန်းနိုင်ခဲ့ကာ ကျောက်တုံးများထူထပ်သည့် မြေပြင်သို့ ဆင်းသက်ရာတွင် ကျိုးပဲ့မှုအနည်းငယ် ရှိခဲ့သည်။
    စီမံကိန်းရည်မှန်းချက်အရ အဆိုပါ ဒရုန်းလေယာဉ်ကို အမြင့်ပေ ၆၀၀၀ မှ ၉၀၀၀ ကြားတွင် ၃ လဆက်တိုက် ပျံသန်းနိုင်ရန် သတ်မှတ်ထားပြီး လက်ရှိ အဆက်မပြတ်ပျံသန်းနိုင်သည့် မှတ်တမ်းမှာ ၂ ပတ်သာ ရှိသေးသောကြောင့် အားထုတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်နေသေးသည်။
    နေ့ခင်းပိုင်းတွင် အဆိုပါဒရုန်းလေယာဉ်များမှာ တောင်ပံတွင်တပ်ထားသော ဆိုလာပြားများဖြင့် ပျံသန်းနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ညပိုင်းပျံသန်းနိုင်ရန် လေယာဉ်ရှိ ဘက်ထရီအား အားသွင်းပေးမည်ဖြစ်သည်။
    ဝေလံခေါင်ဖျားသော ဒေသများတွင် အင်တာနက် အခမဲ့ဝန်ဆောင်မှုပေးရန် Facebook ၏ ကြိုးပမ်းမှုကို လက်ရှိတွင် အချို့နိုင်ငံများ၌ စမ်းသပ်နေပြီး အိန္ဒိယတွင်မူ Facebook ၏ ထိုအစီအစဉ်ကို ကန့်ကွက်မှုများ ရှိနေသည်။
    Ref: BBC
  • အီရတ်သို့ ကနေဒါက ဒေါ်လာ ၁၅၈ သန်း ထောက်ပံ့ပေးမည်
    အီရတ်သို့ ကနေဒါက ဒေါ်လာ ၁၅၈ သန်း ထောက်ပံ့ပေးမည်
    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media
    canada 2
    – ပဋိပက္ခတွေနဲ့ ရုန်းကန်နေရဆဲဖြစ်တဲ့ အီရတ်နိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကန်ဒေါ်လာ ၁၅၇ သန်း ပေးပို့သွားဖို့နဲ့ ကာလရှည်ချေးငွေ သန်း ၂၀၀ ပေးအပ်ဖို့ ကနေဒါအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကတိပြုလိုက်ပါတယ်။
    ဒီရန်ပုံငွေအားလုံးနီးပါးဟာ စစ်ဘေးဒဏ်ခံ အီရတ်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအစီအစဉ်အတွက် ထောက်ပံ့တာဖြစ်တယ်လို့ ကနေဒါ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ၀န်ကြီး Marie-Claude Bibeau က ဆိုပါတယ်။
    ချေငွေ သန်း ၂၀၀ ကတော့ မကြာသေးမီက ဂျပန်မှာ ကျင်းပတဲ့ G7 ညီလာခံမှာ အီရတ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ကမ္ဘာဘဏ်ကနေတဆင့် ကူညီဖို့ ကနေဒါရဲ့ ကတိပြုထားမှုကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
    ဒေါ်လာ ၁၅၈ သန်းထဲက အချို့ကိုတော့ IS လက်ထဲကနေ လွတ်မြောက်လာတဲ့ အီရတ်ပြည်သူတွေကို ကူညီရေး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကနေတစ်ဆင့် ထောက်ပံ့သွားမှာဖြစ်ပြီး၊ နောက်ထပ် ပမာဏအနည်းငယ်ကလည်း ရာမာဒီမြို့အပါအ၀င် IS လက်ထဲက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတွေမှာ လက်လုပ်ဗုံးတွေ ဖယ်ရှားရေး အသုံးပြုသွားမှာ ဖြစ်ပါတယ်။
    Ref : Alarabiya
  • အီဗရာဟီမိုဗစ် မန်ယူတွင် အောင်မြင်မည်ဟု မော်ရင်ဟို ပြော
    အီဗရာဟီမိုဗစ် မန်ယူတွင် အောင်မြင်မည်ဟု မော်ရင်ဟို ပြော
    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media
    movic
    – တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်မှာ အကောင်းဆုံးအနေအထား ရှိနေပြီး မန်ယူအသင်း၌ အောင်မြင်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    မော်ရင်ဟိုရောက်လာပြီးနောက်ပိုင်း အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဗစ်မှာ ဟော်လန်အဆင့်မြင့်တန်း (Eredivisie)၊ စီးရီးအေနှင့် ပြင်သစ်လီဂူးတို့တွင် အောင်မြင်ခဲ့သူ ဖြစ်သည်။
    မော်ရင်ဟိုကမူ မိုဗစ်မှာ တက်ကြွမှုရှိပြီး စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အကောင်းဆုံးအနေအထား ရှိနေသည်ဟု ဆိုသည်။
    “ရိုးရိုးသားသားပြောရရင် အီဗရာဟီမိုဗစ်ဟာ ပြောစရာမရှိတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး ငွေဝင်လမ်းဖြောင့်ခဲ့တယ်။ ဆုတံဆိပ်တော်တော်များများကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လုပ်နိုင်တယ်လို့ ထင်လို့သာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ကို သူ ရောက်လာတာပေါ့ဗျာ။ မလုပ်နိုင်ဘူးလို့ထင်ရင် သူ အမေရိက၊ တရုတ်ကို သွားမယ်၊ ဒါမှမဟုတ်ရင် ပြင်သစ်လီဂူးမှာပဲ နောက်တစ်ရာသီ ဆက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    Ref : Goal