ဇူလိုင် ၂၇၊ ၂၀၁၆
M-Meida
– အမျိုးသမီးများအပေါ် အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားသူ ဗြိတိန်မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ ဥပဒေရေးရာဒေါက်တာဘွဲ့ရရှိခဲ့ပြီး ဗြိတိန်တွင် အသက်အငယ်ဆုံး ဒေါက်တာဘွဲ့ရသူ ဖြစ်လာသည်ဟု သိရသည်။
အသက် ၁၉ နှစ်အရွယ် ဖဟ်မာ မိုဟာမက် ဆိုသူဖြစ်ပြီး Bristol တက္ကသိုလ်က ပြီးခဲ့သည့်တစ်ပတ်အတွင်း အဆိုပါ ဒေါက်တာဘွဲ့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးများ၏ လိင်အင်္ဂါဖြတ်တောက်မှု (FGM) ဆန့်ကျင်ရေးလုပ်ငန်းတွင် သူမ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကို ဂုဏ်ပြုခြင်းလည်းဖြစ်သည်။
ဆိုမာလီနွယ်ွားဖြစ်သူ ဖဟ်မာမှာ အသက် ၁၄ နှစ်ကတည်းက ပရဟိတအဖွဲ့တစ်ခုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် FGM ကိုအဆုံးသတ်ရန်နှင့် အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရှိရန် ဆောင်ရွက်သည့် အဖွဲ့ဖြစ်သော Integrate Bristol အဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။
ထို့နောက် ၃ နှစ်အကြာတွင် ထိုလှုပ်ရှားမှုအား တစ်နိုင်လုံးအတိုင်းအတာအရ ဦးဆောင်နိုင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်ကိုယ်တိုင် ၎င်းအား တွေ့ဆုံကာ ချီးကျူးခဲ့သည်။
ထို့ပြင် FGM ၏ အန္တရာယ်နှင့်ပတ်သက်၍ ယူကေတစ်ဝှမ်းရှိ ကျောင်းဆရာများအား သတိပေးရန်နှင့် ကာကွယ်တားဆီးရေး ပညာပေးရန် တောင်းဆိုသော တိုက်တွန်းစာတစ်စောင်ကိုလည်း ပညာရေးဝန်ကြီးဟောင်း မီခေးလ် ဂိုဗီထံသို့ ရေးသားပေးပို့ခဲ့သည်။ အဆိုပါ တိုက်တွန်းစာမှာ လက်မှတ်ပေါင်း ၂၃၀၀၀၀ ရရှိခဲ့သည်။
လာမည့် စက်တင်ဘာလတွင် ဇီဝဆေးသိပ္ပံ ဘာသာရပ်ဖြင့် တက္ကသိုလ်ပညာရေးကို အစပြုတော့မည့် ဖဟ်မာ မိုဟာမက်ကမူ သူမအနေဖြင့် ထိုကဲ့သို ဂုဏ်ပြုခံရမှုအတွက် မယုံကြည်နိုင်အောင် ဖြစ်ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
Ref: bristolpost, mvslim.com
Leave a Reply
You must be logged in to post a comment.