News @ M-Media

Blog

  • အာဇာနည် (၉) ဦး ကြေးရုပ်များ တောင်တွင်းကြီး ဗိုလ်ချုပ်ပန်းခြံမှာ ထားရှိမည်

    အာဇာနည် (၉) ဦး ကြေးရုပ်များ တောင်တွင်းကြီး ဗိုလ်ချုပ်ပန်းခြံမှာ ထားရှိမည်

    ဇူလိုင် ၉ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    .19 july 2016
    မကြာမီ ကျရောက်တော့မည့် ၆၉နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသော အားဖြင့် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကြေးသွန်း ရုပ်တုများကို တောင်တွင်းကြီးမြို့နယ် ဗိုလ်ချုပ်ပန်းခြံတွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
    .
    အဆိုပါ ကြေးရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီရပ် မှ ကြေးသွန်းပညာရှင် ဦးမြင့်ဌေး (သား) ကိုတိုင်းလင်း ချမ်းသာအောင် မြန်မာမှု ကြေးသွန်းလုပ်ငန်းက သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
    .
    တောင်တွင်းကြီးမြို့မှ အာဇာနည် ကြေးရုပ်တုများ သယ်ယူရေးဆပ်ကော်မတီမှ အာဇာနည်ကြေးရုပ်များကို လာမည့် ဇူလိုင်လ ၁၁ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် မန္တလေးမြို့မှ သယ်ယူမည် ဖြစ်ပြီး ကျောက်ပန်းတောင်မြို့တွင် ညအိပ်ရပ်နားမည် ဖြစ်သည်။
    .
    သယ်ယူရေးကားတစ်စီးလျှင် အာဇာနည်တစ်ဦးချင်းစီ၏ ကြေးသွန်းရုပ်တုများ တင်ဆောင်ကာ ဗီနိုင်း ပိုစတာများ ချိတ်ဆွဲသယ်ယူမည်ဟုလည်း သိရသည်။
    .
    ဇူလိုင်လ ၁၂ရက်နေ့ နံနက် ၇နာရီတွင် ကျောက်ပန်းတောင်မြို့မှ ပြန်လည်ထွက်ခွာပြီး ရေနံချောင်း၊ မကွေးမြို့များကို ကျော်ဖြတ်ကာ တောင်တွင်းကြီးမြို့သို့ ညပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
    .
    မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည် ရင်ပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် အတူ ဂုဏ်ပြုခံထားရှိမည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများအား တောင်တွင်းကြီး မြို့သူမြို့သားများနှင့် ပြည်သူအားလုံး သိမြင် ဂုဏ်ပြုနိုင်ရန် ရည်ရွယ်ကြောင်း သတင်းရရှိသည်။
    .
    Photo Credit: Aung KyawKyaw FB

  • လူမျိုးရေး ပဋိပက္ခနဲ့ စိန်ခေါ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး

    လူမျိုးရေး ပဋိပက္ခနဲ့ စိန်ခေါ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး

    တချို့ ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးလည်း လုပ်ကြပါတယ်။ အဲလို အကြမ်းဖက်ဖို့ လှုံ့ဆော်လို့ဆိုပြီး တစ်စုံတစ်ယောက် အရေးယူခံရတယ် ဆိုတာမျိုးလည်း ဒီကနေ့ အချိန်ထိ မကြားမသိကြရပါဘူး။

    13529150_142416479512891_1757518882786992394_n
    သူရဲသမိန် ကျေးရွာ အကြမ်းဖက်မှု

    စည်သူအောင်မြင့် ရေးသားသည်။
    .
    ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အိမ်နီးနားချင်းကို ဆဲဆိုတယ်လို့ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက် လူအုပ်စုရဲ့ ဝိုင်းဝန်း ရိုက်နှက်တာ ခံရတဲ့အပြင် သူ့ရဲ့နေအိမ်နဲ့ ကျေးရွာက ဗလီလည်း ဖျက်ဆီးခံလိုက်ရပါတယ်။
    .
    နောက်ပိုင်း ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုကြောင့် အခြေအနေတွေ ပြန်တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ နေအိမ်နဲ့ ဗလီကို အကြမ်းဖက် ဖျက်ဆီးခဲ့သူ ဘယ်သူမှ အရေးယူ မခံရပါဘူး။ အခုဖြစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှု ဖြစ်ပေမဲ့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘာမှ ကွဲပြားခြားနားတာမျိုး မရှိပါဘူး။
    .
    ဖြစ်စဉ်၊ စ၊ လယ်၊ ဆုံး အားလုံး ဆင်တူယိုးမှားတွေပါပဲ။ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပွားလာဦးမလား၊ ဒီ ပြဿ      နာနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရအတွက် ဖိအားတွေ ဖြစ်စေမလား၊ ပြဿ  နာတွေ ပြေလည်အောင် ဘယ်လို ဖြေရှင်းရင် ဖြစ်နိုင်မလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
    .
    အရင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေမှာတော့ ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ် ဘာသာဝင် ရွှေဆိုင်မှာ အရောင်းအဝယ် လုပ်တာကနေ စပြီး စကားများကြတယ်၊ အစ္စလာမ် ဘာသာဝင်တစ်ယောက်ရဲ့ စက်ဘီးနဲ့ ဗုဒ္ဓဘာသာ ကိုရင်လေး တိုက်မိကြတယ်၊ အစ္စလာမ် ဘာသာဝင် ဆိုင်ရှေ့မှာ ဆိုင်ကယ်ပါကင် ထိုးရင်း စကားများကြတယ် စတဲ့ သာမန် အဖြစ်အပျက်လေးတွေကနေ အစ ပြုပါတယ်။
    .
    အခု သူရဲသမိန်က ဖြစ်စဉ်မှာလည် မူဆလင် တစ်ယောက်က အိမ်နီးနားချင်းကို ဆဲတာကနေ အစ ပြုပါတယ်။ အရင် ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေတုန်းကလိုပဲ လူတစ်ယောက်က ဆဲဆိုတဲ့ ပြဿ  နာကနေ လူအုပ်စုကြီးက အဲဒီ လူကို ဝိုင်းရိုက်၊ နောက်တော့ အဲဒီလူရဲ့ နေအိမ်ကို လူအုပ်နဲ့ အကြမ်းဖက် ဝင်ရောက် ဖျက်ဆီးရုံမက ဗလီကိုပါ ဝင်ဖျက်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ်။
    .
    ထုံးစံအတိုင်း နောက်ပိုင်း ရဲတပ်ဖွဲ့ ရောက်လာပြီး ပဋိပက္ခ ပိုမကြီးထွားအောင် ထိန်းသိမ်းပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်း တိုင်ကြားသူ မရှိလို့ ဆိုပြီး နေအိမ်နဲ့ ဗလီ အကြမ်းဖက် ဖျက်ဆီးသူတွေကို စစ်ဆေး၊ အရေးယူ ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ နောက်ဆက်တွဲအဖြစ် အဲဒီကျေးရွာမှာ လူနည်းစု မူဆလင် တချို့ မနေရဲတော့ပါဘူး။ ပဋိပက္ခ ဖြစ်ပွားပြီး ရက်ပိုင်းမှာပဲ မူလဆင် ၄၄ ယောက် ရွာကနေ တခြား နေရာတွေဆီ ရွှေ့ပြောင်းသွားပါတော့တယ်။
    .
    သူရဲသမိန် ကျေးရွာက ဖြစ်စဉ်ဟာ ရှေ့ပိုင်းက အဖြစ်အပျက်တွေလို သာမန်ပြဿနာကို ဥပဒေအတိုင်း မဖြေရှင်းဘဲ လူအုပ်စုနဲ့ အကြမ်းဖက် ဖြေရှင်းရာကနေ အခုလို ပြဿ      နာမျိုး ပေါ်ပေါက်လာတာပါ။ အခုဖြစ်စဉ်ကိုကြည့်ရင် သူရဲသမိန်ရွာမှာ အိမ်ခြေ တစ်ထောင်ကျော်၊ လူဦးရေ ၆ ထောင်ကျော်ရှိတဲ့အနက် မူဆလင်က အိမ်ခြေ ၅၀၊ လူဦးရေ ၁၅၀ လောက်ပဲ ရှိတာမို့ တကယ့်ကို လူနည်းစုလေးပါ။ ဒါကြောင့် အဲဒီ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အပြန်အလှန် အကြမ်းဖက်မှု ဖြစ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ လူများစုကနေ လူနည်းစုကို အကြမ်းဖက်ဖို့ ဖြစ်နိုင်သလို တကယ်လည်း အဲဒီလိုပဲ ဖြစ်သွားခဲ့တာပါ။
    .
    လက်ရှိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာရော၊ အရင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် အမုန်းတရား ပျံ့ပွားမှုက အရင် ရှိနေနှင့်ပြီး သာမန် ပဋိပက္ခ ဖြစ်လိုက်တာနဲ့ အကြမ်းဖက်မှုအဖြစ် အလွယ်တကူ အသွင်ကူးပြောင်းသွားတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
    .
    ဒီအတွက် ဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီး မဖြစ်ပွားဖို့၊ လျော့နည်း ပပျောက်ဖို့ ဆိုရင် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖို့၊ တရားဥပဒေ စိုးမိုးရေးကို ကောင်းကောင်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို ဥပဒေနဲ့အညီ အရေးယူဖို့ လိုပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ နည်းပေါင်းစုံနဲ့ အမုန်းတရား ဖြန့်ဖြူးမှု လုပ်နေတာတွေကို ကာကွယ်၊ တားဆီး၊ အရေးယူ၊ ပညာပေးကြဖို့ ဖြစ်ပါတယ်။
    .
    ၂၀၁၂ လောက် စခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပျောက်ကွယ် မသွားတာဟာ တရားဥပဒေ စိုးမိုးမှုကို ကောင်းကောင်း အကောင်အထည် မဖော်လို့ပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် လူစုလူဝေးနဲ့ အကြမ်းဖက်တာကို ထိထိရောက်ရောက် အရေးယူတာမျိုး မလုပ်ခဲ့တဲ့အတွက် လူအများစုကြီးဟာ တစ်ဦးချင်း တစ်ယောက်ချင်း အကြမ်းဖက်မှု မလုပ်ရဲရင်သာ ရှိမယ်၊ လူအုပ်စုနဲ့ အကြမ်းဖက်ဖို့ကိုတော့ ဝန်မလေးကြတာ၊ မကြောက်ရွံ့ကြတာ တွေ့နိုင်ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အကြမ်းဖက်သူတွေကို အဲလို တိတိကျကျ အရေးမယူခဲ့လို့ အကြမ်းဖက်မှုတွေ ထပ်ကာ ထပ်ကာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
    .
    ဒုတိယ တစ်ချက်ကတော့ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို အရေးယူဖို့ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် ပြဿ      နာ ဖြစ်လိုက်ပြီဆိုတာနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေကို တွေ့ရမှာဖြစ်သလို တချို့ ဖေ့စ်ဘွတ်ခ် Facebook လို လူမှုကွန်ရက် စာမျက်နှာကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်ကြတာမျိုးလည်း ရှိပါတယ်။
    .
    တချို့ ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးလည်း လုပ်ကြပါတယ်။ အဲလို အကြမ်းဖက်ဖို့ လှုံ့ဆော်လို့ဆိုပြီး တစ်စုံတစ်ယောက် အရေးယူခံရတယ် ဆိုတာမျိုးလည်း ဒီကနေ့ အချိန်ထိ မကြားမသိကြရပါဘူး။
    .
    တတိယ အရေးကြီး အချက်ကတော့ အမုန်းတရား ဖြန့်ဖြူးနေမှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်က စပြီး ဘုန်းတော်ကြီး တချို့နဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအကြားမှာ မူဆလင် မုန်းတီးရေး လှုပ်ရှားမှုတွေ လုပ်ကိုင်လာကြပါတယ်။ တရားပွဲတွေမှာ အမုန်းတရား ဖြန့်ဖြူးတာ လုပ်သလို၊ အဲဒီ တရားပွဲမှာ ပြောဆိုတာတွေကို စီဒီဓာတ်ပြားတွေနဲ့ ဖြန့်တာ၊ အွန်လိုင်းကနေ ဖြန့်တာမျိုးလည်း လုပ်ကြပါတယ်။
    .
    တချို့နေရာတွေမှာတော့ အမုန်းတရား ဖြစ်စေတဲ့ စာသားနဲ့ ဓာတ်ပုံတွေကို မိတ္တူကူးပြီး ဖြန့်ဝေတာ ရှိသလို ဗီနိုင်းပိုစတာတွေ ကပ်ပြီး ဖြန့်ဖြူးလှုံ့ဆော်တာလည်း ရှိပါတယ်။ တချို့နေရာတွေမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်လေးတွေကို ယဉ်ကျေးလိမ္မာ သင်တန်းဆိုပြီး အမုန်းတရား ဖြန့်ဖြူးနေတာမျိုးလည်း ရှိနေပါတယ်။
    .
    လက်ရှိ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကတော့ ဒီလို အမုန်းတရား ဖြန့်ဖြူးနေတာကို ဥပဒေရေးဆွဲ အရေးယူဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးနေတဲ့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတချို့ ပါဝင်နေတာ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြဿ      နာ ဖြစ်နေတာမို့ အလွယ်တကူ ကိုင်တွယ်လို့ ရနိုင်မယ့် ပြဿ      နာမျိုးတော့ မဟုတ်ပါဘူး။
    .
    ခုလို အမုန်းတရား ဖြန့်ဖြူးတာ အပါအဝင် အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာတွေကို အရေးယူ ကိုင်တွယ်လို့ မရနိုင်သေးမချင်း မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွားဖို့ အခြေအနေ ရှိနေဦးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး ကြွေးကြော်သံဟာလည်း စိန်ခေါ်ခံနေရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    .
    Frontier Myanmar. မှ ကူးယူဖော်ပြသည်။

    http://frontiermyanmar.net/mm/news/2186

  • အမေရိကန်ရှိ ဆန္ဒပြပွဲတစ်ခုတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၅ ဦး သေဆုံး

    အမေရိကန်ရှိ ဆန္ဒပြပွဲတစ်ခုတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၅ ဦး သေဆုံး

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    dallas

    – မကြာသေးမီက အမေရိကန်တစ်ဝှမ်း ရဲတပ်ဖွဲ့မှ လူမည်းများအား ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်သည့် အနေဖြင့် တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့တွင်ပြုလုပ်သည့် ဆန္ဒပြပွဲတွက် စနိုက်ပါဖြင့်အပါအ၀င် ပစ်ခတ်မှုများကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက Black Lives Matter ဟူသည့်ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်သော်လည်း စနိုက်ပါသမားများက အမြင့်နေရာများမှနေ၍ ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒါးလက်စ် ရဲဌာနက ပြောကြားခဲ့သည်။ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

    “သံသယရှိသူက မကြာသေးမီးအတွင်း ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကို မကျေနပ်ဘူး၊ လူဖြူတွေကို မကျေနပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူက လူဖြူတွေ အထူးသဖြင့် လူဖြူရဲအရာရှိတွေကို သတ်ချင်တယ်လို့လည်း ပြောပါတယ်။ စက်ရုံဗုံးကိုလည်း တွေ့သွားတယ်လို့ ပြောခဲ့ကာ သူ့အနေနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘဲ တစ်ယောက်တည်း လုပ်တယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်” ဟု ရဲဌာနမှ တာဝန်ရှိသူ ဘရောင်းက သံသယရှိသူများထဲမှ တစ်ဦးနှင့် ညှိနှိုင်းဆွေးမှုနှင့်ပတ်သက်၍ သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်သောကြောင့် ဒါးလက်စ်မြို့လယ်ကောင်ရှိ El Centro ကောလိပ်ကားပါကင်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နောက်ဆုံးတွင် ရဲတပ်ဖွဲ့ စက်ရုပ်ဗုံးဖြင့် ဖောက်ခွဲကာ ရှင်းလင်းခဲ့သည်။

    ဘရောင်းကမူ ညှိနှိုင်းမှု ပျက်သွားပြီးနောက် မိမိတို့အနေဖြင့် ရွေးစရာမရှိတော့၍ စက်ရုပ်ဗုံးကို အသုံးပြုရခြင်းဖြစ်ကြောင်း၊ အခြား သံသယရှိသူ ၃ ဦးကိုမူ မိမိတို့က ဖမ်းဆီးထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မော်ရိုကိုရှိ ကမ္ဘာ့အစောဆုံး တက္ကသိုလ်မှ စာကြည့်တိုက်ကြီး ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်မည်

    မော်ရိုကိုရှိ ကမ္ဘာ့အစောဆုံး တက္ကသိုလ်မှ စာကြည့်တိုက်ကြီး ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်မည်

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    libary
    စာကြည့်တိုက်အတွင်းပိုင်း

    – မော်ရိုကိုနိုင်ငံမှာ ၉ ရာစုဝန်းကျင်က မွတ်စလင်အမျိုးသမီးတစ်ဦး တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ အလ်ကွာရာဝီယင်တက္ကသိုလ်မှာ အလွန်ရှေးကျတဲ့ သမိုင်းဝင်စာအုပ်တွေကို ခင်းကျင်းပြသထားတဲ့ စာကြည့်တိုက်တစ်ခုကို အခုနှစ်နှောင်းပိုင်းမှာ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ဖို့ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

    ဖက်ဇ်မြို့မှာ သက္ကရာဇ် ၈၅၉ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အဲဒီတက္ကသိုလ်ဟာ ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်တစ်ခုလည်းဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်ကတည်းက ဧရာမစာကြည့်တိုက်ကြီးတစ်ခု ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာကြည့်တိုက်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ကနေဒီယန်-မော်ရိုကန် ဗိသုကာပညာရှင် အဇီဇာ ချူနီက ကြီးကြပ်ကာ ပြန်လည် ပြင်ဆင်မွမ်းမံခဲ့ပြီး အခုနှစ်ကုန်ပိုင်းလောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ခဲ့တာပါ။

    libary 2
    မွတ်စလင် ၀ိဇ္ဇာသိပ္ပံပညာရှင်ကြီး အစ်ဗနေ့ အလ်-ခါလ်ဒန်၏ လကရေးမူ ကျမ်းတစ်အုပ်

    ဒီစာကြည့်တိုက်မှာ ရှားပါးစာအုပ်တွေနဲ့ ဒေသတွင်း ကျော်ကြားတဲ့ ပညာရှင်တွေ ရေးသားထားတဲ့ အာရဘီ လက်ရေးမူ စုစုပေါင်း ၄၀၀၀ လောက် ထားရှိထားပါတယ်။ အဲဒီအထဲမှာ ၉ ရာစုက ကုရ်အာန်လက်ရေးမူနဲ့ နာမည်ကျော် မွတ်စလင်ဒဿနပညာရှင် အေဗာရို့စ် ရေးသားခဲ့တဲ့ အစ္စလာမ့်တရားစီရင်ထုံးဆိုင်ရာ လေ့လာမှုကျမ်း လက်ရေးမူတွေလည်း ပါဝင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်ဖြစ်တဲ့ အဲဒီ အလ်ကွာရာဝီယင်တက္ကသိုလ်ကို ဖာတီမာ အလ်-ဖီဟ်ရီဆိုတဲ့ အမျိုးသမီးက ဒီနေ့ခေတ် တူနီးရှားနိုင်ငံကနေ ဖက်ဇ်မြိ့ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း သူမကိုယ်တိုင် ငွေကြေးစိုက်ထုတ် ကြီးကြပ် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

    အလ်-ဖီဟ်ရီကို တက်ကြွပြီး ဗဟုသုတပြည့်ဝကာ ကမ္ဘာကြီးအကြောင်း လေ့လာစူးစမ်းချင်သူတစ်ယောက်အဖြစ် သမိုင်းဆရာတွေက ဖော်ပြပါတယ်။ သူတည်ထောင်ခဲ့တဲ့ အလ်ကွာရာဝီယင် တက္ကသိုလ်ကလည်း မွတ်စလင်ကမ္ဘာမှာရဲ့ ဘာသာရေးနဲ့ ပညာရေးကဏ္ဍမှာ အရေးပါတဲ့ ဌာနကြီး ဖြစ်ခဲ့ပါတယ်။

    တက္ကသိုလ်က စာကြည့်တိုက်ကို ပြုပြင်ထိန်းသိမ်းရေးတွေ ပြုလုပ်ခဲ့တဲ့ ချူနီကတော့ မော်ရိုကို ယဉ်ကျေးမှု ၀န်ကြီးဌာနက ဒီစာကြည့်တိုက်ပြင်ဆင်ရေး ၂၀၁၂ ခုနှစ်မှာ သူမကို တာဝန်မပေးခင်အထိ ဒီစာကြည့်တိုက်အကြောင်းကို မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့နှစ်တွေမှာ ဒီစာကြည့်တိုက်ကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း တော်တော်များများ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အဦးဟာ ယိုယွင်းပျက်ဆီးမှုတွေ ဆက်ရှိနေပြီး၊ အပူဒဏ်မခံနိုင်တာတွေ၊ ရေဆိုးစွန့်ပစ်မှုစနစ် ပိတ်ဆို့နေတာ၊ မျက်နှာကျက်တွေ ကွဲနေတာ၊ သစ်သားတန်းတွေ ဆွေးနေတာ၊ လျှစ်စစ်ဝါယာတွေ ပေါက်မြဲနေတာမျိုးတွေလည်း ရှိနေပါတယ်” လို့ ချူနီက ပြောကြားခဲ့ပါတယ်။

    အခုပြင်ဆင်အတွင်းမှာ ဆိုလာဓာတ်အားပေးစနစ်၊ ရှားပါးစာအုပ်များ သိမ်းသည့်အခန်းတွင် ဒစ်ဂျစ်တယ် သော့စနစ်၊ အခန်းအတွင်း အပူချိန်ကို ထိန်းညှိပေးနိုင်ပြီး စာအုပ်များ ပျက်ဆီးခြင်းကနေ ကာကွယ်နိုင်မယ့် လေအေးပေးစနစ် စတာတွေကိုလည်း တပ်ဆင်ခဲ့ပါတယ်။

    ဒီစာကြည့်တိုက်ကို အရင်က စာပေပညာရှင်တွေ သုတေသန ပညာရှင်တွေအတွက်သာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အခု အများပြည်သူ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် စာအုပ်ပြခန်းနဲ့ ကော်ဖီခန်းတစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။

    Ref qz.com

  • ဆီးရီးယားအရေး သဘောထားမမှန်သော နိုင်ငံများကို ပုပ်ရဟန်းမင်းကြီး ဝေဖန်

    ဆီးရီးယားအရေး သဘောထားမမှန်သော နိုင်ငံများကို ပုပ်ရဟန်းမင်းကြီး ဝေဖန်

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    – ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးစကားပြောနေသော နိုင်ငံများကိုယ်တိုင် ထိုစစ်ပွဲအတွက် လက်နက်များ ထောက်ပံ့ပေးနေသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝေဖန်ပြောကြားလိုက်သည်။

    ဆီးရီးယားနိုင်ငံဆိုင်ရာ ပရဟိတအဖွဲ့ ညီလာခံသို့ အင်္ဂါနေ့က ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရည်ညွှန်းလိုသည့် နိုင်ငံများ၏ အမည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

    ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအလ်အာဆတ်အစိုးရအား ရုရှားနှင့် အီရန်တို့ကဲ့သို့ နိုင်ငံများက စစ်ရေးနှင့် အခြားအကူအညီများ ပေးနေပြီး၊ သူပုန်များကိုမူ ဒေသတွင်း စွန်နီအင်အားကြီး နိုင်ငံများနှင့် အနောက်နိုင်ငံတို့က ပံ့ပိုးပေးနေကြသည်။

    “ပြည်သူတွေက ထိခိုက်ခံစားနေရတဲ့အချိန်မှာ တိုက်ခိုက်ရေးသမားတွေကို လက်နက်ထောက်ပံ့ဖို့ ငွေလုံးငွေရင်းနဲ့ အကုန်အကျခံသူတွေ ရှိနေပါတယ်။ အဲဒီလို ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကပဲ ငြိမ်းချမ်းရေးစကား ပြောကြပြန်ပါတယ်။ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်နေတဲ့ အဲဒီသူတွေကို ဘယ်လိုလုပ် ယုံကြည်ရမလဲ” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ၅ နှစ်တာ ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲတွင် သေဆုံးသူမှာ ၂၅၀၀၀၀ ကျော် ရှိလာခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာလည်း ၁၁ သန်း ရှိနေသည်။

    ကုလက ကြားဝင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ လက်ရှိအချိန်တွင် ရပ်တန့်နေပြီး၊ နောက်တစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မည်သည့်အချိန်တွင် ဖြစ်မည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ဆီးရီးယားဆိုင်ရာ ကုသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က လုံခြုံရေးကောင်စီသို့ ပြီးခဲ့သည့်တစ်ပတ်တွင် တင်ပြခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ဆီးရီးယားငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အစဉ်တစ်စိုက် မေတ္တာရပ်ခံ တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ထုတ်လုပ်သူများ၊ မှောင်ခိုရောင်းဝယ်သူများကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ဖူးသည်။

    Ref: Huffingtonpost