ဇူလိုင် ၁၅၊ ၂၀၁၆
M-Media
– ဟန်ဂေရီမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကြမ်းကြုတ်ရက်စက်စွာ ဆက်ဆံခဲ့တဲ့အပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဝေဖန်ရှုတ်ချလိုက်ပြီး ဒုက္ခသည်တွေကို ဆားဘီးယားသို့ အတင်းအကြပ်ပြန်လည်မောင်းမထုတ်ခင် ရဲနဲ့စစ်သားတွေက ရိုတ်နှက်ခဲ့ကြတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
“ဟန်ဂေရီနယ်စပ်က ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆားဘီးယားကို အတင်းအကြပ် ပြန်ပို့ခံခဲ့ရပြီး၊ တစ်ချို့ကိစ္စတွေမှာဆိုရင် သူတို့ကို ကာကွယ်ပေးဖို့ တောင်းဆိုတာကို စဉ်းစားမပေးဘဲ ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတွေ ရှိခဲ့ပါတယ်” လို့ Human Rights Watch က သူ့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
နယူးယောက်အခြေစိုက် အဲဒီအဖွဲ့ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ အစီအရင်ခံမှာ ဧပြီနဲ့မေလအတွင်း ရွှေ့ပြောင်းဒုက္ခသည် ၁၂ ယောက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလည်း ပါဝင်ခဲ့ပြီး၊ အာဏာပိုင်တွေနဲ့ ကင်းလှည့်စစ်သားတွေဟာ သူတို့ကို ပြန်မောင်းမထုတ်ခင် ရက်ရက်စက်စက် ရိုက်နှက်ပြီး မတရားလုပ်ခဲ့တယ်လို့ ဖြေကြားထားပါတယ်။
HRW သုတေသီတစ်ဦးဖြစ်သူ လီဒီယာ ဂေါလ်က ဟန်ဂေရီဟာ စည်းမျဉ်းအားလုံးကို ချိုးဖောက်နေပြီး ဆားဘီးယားက ဖြတ်လာတဲ့ ဒုက္ခသည်သည်တွေရဲ့ ခိုလှုံခွင့်တောင်းမှုကို မျက်နှာလွှဲခဲပစ်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဟန်ဂေရီပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုနှစ်အတွင်းမှာ ဒီလိုတိုင်ကြားမှုပေါင်း ၈ ခုသာ ရှိသေးပြီး၊ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စတွေဟာ အထောက်အထားမခိုင်မာဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး HRW အနေနဲ့ အခြေအနေအချိန်အခါကို နားမလည်ဘဲ ခိုလှုံသူတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို တလွဲ အဓိပ္ပါယ်ကောက်နေတယ်လို့လည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Ref : IINA


Leave a Reply
You must be logged in to post a comment.