News @ M-Media

Blog

  • ကမ္ဘာ့နိုင်ငံအများအပြားတွင် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဇူလိုင် ၆ ရက်နေ့ ဆင်နွှဲမည်

    ကမ္ဘာ့နိုင်ငံအများအပြားတွင် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဇူလိုင် ၆ ရက်နေ့ ဆင်နွှဲမည်

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    eid

    – နက္ခတဗေဒဆိုင်ရာ ကြည့်ရှုတွက်ချက်မှုတွေအရ ပင်လယ်ကွေ့နိုင်ငံတွေအပါအ၀င် ကမ္ဘာနိုင်ငံတော်တော်များများမှာ ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့ဟာ အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်နေ့ ဖြစ်တယ်လို့ သိရပါတယ်။

    ဆော်ဒီ ကာတာ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်တို့ အပါအ၀င် အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံ တော်တော်များများမှာလည်း မနက်ဖြန် အီးဒ်ပွဲတော် ကျင်းပမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှက မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့မှာလည်း ဇူလိုင် ၆ ရက်နေ့ဟာ အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်နေ့ဖြစ်ပါတယ်။

    မြန်မာနိုင်ငံနဲ့ တောင်အာရှက အချို့နိုင်ငံတွေမှာတော့ ဇူလိုင်လ ၇ ရက်နေ့မှာ အီးဒ်ပွဲတော် ကျရောက်မှာဖြစ်ပါတယ်။

    တစ်လတာ ဥပုသ်သီလဆောက်တည်မှုပြီးတဲ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီ ၀ါကျွတ်အီးဒ်မှာ မွတ်စလင်တွေဟာ ၀တ်ပြုဆုတောင်းတာ၊ အစားအသောက်များ ပြုလုပ်ကာ လှူဒါန်းဝေငှတာ ဆွေမျိုးသားချင်းများထံ သွားရောက်လည်ပတ်တာ စတာတွေကို ပြုလုပ်ကြပါတယ်။

  • ဝါကျွတ်အီးဒ်ပွဲ ဆင်နွဲမည့် မွတ်စလင်များ ဆောင်ရန်/ရှောင်ရန် အသိပေးကြေညာချက်များကို ဘာသာရေးအဖွဲ့များမှ ထုတ်ပြန်

    ဝါကျွတ်အီးဒ်ပွဲ ဆင်နွဲမည့် မွတ်စလင်များ ဆောင်ရန်/ရှောင်ရန် အသိပေးကြေညာချက်များကို ဘာသာရေးအဖွဲ့များမှ ထုတ်ပြန်

    ဇူလိုင် ၅  ၂၀၁၆
    M-Media
    သီဟ
    mlm
    တလတာ ဥပုသ်စောင့်ထိန်းခြင်းပြီးဆုံး၍  ကျင်းပပြုလုပ်မည့် ဝါကျွတ် အီးဒ်ပွဲတော်အတွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ဆောင်ရန်/ရှောင်ရန် အသိပေးကြေညာချက်များကို မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတို့မှ အသီးသီးကြေညာချက်များ ထုတ်ပြန်လိုက်ပါတယ်။

    ဝါကျွတ် အီးဒ် (အီဒွလ်ဖိသ်ရ်) နေ့မှာ အစ္စလာမ်ဘာသာ၏ လမ်းညွှန်ချက်အတိုင်း ကျင့်သုံးပြုမှုနေထိုင်ဖို့၊ မလိုလားအပ်သည့် နေရာများသို့ သွားရောက်ပြီး ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြဖို့၊ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်တွေနဲ့ မလှည့်လည့်ဖို့ ၊ ပြဿနာ တစုံတရာ ဖြစ်ပေါ်မည့် အခြေအနေရှိလျင် တာဝန်ရှိသူတွေကို အမြန်ဆုံး အကြောင်းကြားဖို့ ထည့်သွင်းရေးသားဖော်ပြထားပါတယ် ။

    mdy

  • အကြမ်းဖက်ဝါဒကို အဆုံးစွန်ဆုံးအထိ ချေမှုန်းမည်ဟု အီရန်ပြော

    အကြမ်းဖက်ဝါဒကို အဆုံးစွန်ဆုံးအထိ ချေမှုန်းမည်ဟု အီရန်ပြော

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    iran 2

    – အီရန်အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ရဲ့ အယူအဆတွေ ပျောက်ကွယ်သွားတဲ့အထိ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ပြောဆိုလိုက်ပါတယ်။

    “အစ္စတန်ဘူလ်၊ ဒါကာနဲ့ အခုဆိုရင် ဘဂ္ဂဒက်မှာဖြစ်သွားတဲ့ အကြမ်းဖက်မှုတွေရဲ့နောက်ကွယ်ကလူတွေနဲ့ သူတို့ရဲ့ အယူဝါဒကို မချေမှုန်းနိုင်မချင်း ကျွန်တော်တို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” လို့ ဇာရစ်ဖ်က တနင်္ဂနွေနေ့ညပိုင်းမှာ သူ့ရဲ့ Twitter အကောင့်ကနေ ရေးသားခဲ့ပါတယ်။

    တနင်္ဂနွေနေ့အစောပိုင်းက အီရတ်နိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ ဘဂ္ဂဒက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနှစ်ခုမှာ လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၁၈၅ ယောက်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေအတွက် IS အကြမ်းဖက်အဖွဲ့က ၎င်းတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဘဂ္ဂဒက်မြို့က ရှီယိုက်တွေကို ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဇူလိုင် ၁ ရက်နေ့ကလည်း IS ကို သစ္စာခံတဲ့ လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ သံတမန်ရပ်ကွက်က စားသောက်ဆိုင်တစ်ခုကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဇွလ ၂၈ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ လေဆိပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာလည်း အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ပြီး IS ရဲ့ လက်ချက်ဖြစ်ပါတယ်။

    အီရန်ဟာ အိမ်နီးချင်း အီရတ်နိုင်ငံရဲ့ အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းမှာ ပါဝင်နေပြီး အဲဒီ ကူညိပံ့ပိုးမှုကို အကြမ်းဖက်ဝါဒ ကျဆုံးတဲ့အထိ ကူညီပေးသွားမယ်လို့ အီရန်နိုင်ငံခြားရေ၀န်ကြီးက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: Presstv

  • ယူအေအီးနိုင်ငံသားကို IS အဖွဲ့ဝင်အဖြစ် မှားယွင်းဖမ်းဆီးခဲ့သည့်အတွက် အမေရိကန် ပြန်တောင်းပန်

    ယူအေအီးနိုင်ငံသားကို IS အဖွဲ့ဝင်အဖြစ် မှားယွင်းဖမ်းဆီးခဲ့သည့်အတွက် အမေရိကန် ပြန်တောင်းပန်

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    uae

    – ပြီးခဲ့တဲ့တစ်ပတ်က အိုဟိုင်းယိုးပြည်နယ်မှာ ယူအေအီးနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို IS အဖွဲ့ဝင်ထင်ကာ မှားယွင်းဖမ်းဆီးမိတဲ့အတွက် အမေရိကန်က အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို တောင်းပန်လိုက်ပါတယ်။

    ဇွန်လ ၂၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ အာရပ်အမျိုးသားဝတ်စုံဝင်ထားတဲ့ အဟ်မဒ် အလ်-မန်ဟာလီဆိုတဲ့ အမျိုးသားတစ်ဦးကို IS အဖွဲ့ဝင်အဖြစ် သံသယ၀င်တဲ့အတွက် ဟိုတယ်စာရေးအဖြစ်လုပ်ကိုင်နေသူ အမျိုးသမီးက အကြောင်းကြားခဲ့ရာကနေ ရဲတွေက ဒီအမျိုးသားကို အင်အားသုံးလှဲချကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    အလ်-မန်ဟာလီဟာ ယူအေအီးမှာ လေဖြတ်ဝေဒနာခံစားရပြီးနောက် ဆေးဝါးကုသဖို့ ကလိဗ်လင်းကို ခရီးထွက်လာတာ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးခံရလိုက်ရတာကြောင့် နောက်ထပ်လေသင်တုန်းဝေဒနာတစ်ခု ခံစားရနိုင်တယ်လို့ သူက အမေရိကန် မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ဝင်တွေကတော့ သူတို့ လူမှားဖမ်းဆီးမိတာကို သိရှိပြီးတဲ့နောက်ပိုင်း အလ်-မန်ဟာလီကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွှတ်ပေးပြီး သိပ်မကြာခင်မှာပဲ မြေပြင်ပေါ်လဲကျသွားတာကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

    မှားယွင်းစွပ်စွဲခဲ့တဲ့ စာရင်းကိုင်အမျိုးသမီးကိုတော့ တရားစွဲဖို့ တာဝန်ရှိသူများက ဆောင်ရွက်နေပြီး
    အေဗွန်မြို့တော်ဝန်နဲ့ ရဲအုပ်တို့ကလည်း စနေနေ့မှာ အလ်-မန်ဟာလီကို တောင်းပန်ခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်မှာ မိမိတို့အနေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းကပြီး အဲဒီတာဝန်ရှိသူကလည်း တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

    “အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတွေက အမျိုးသားဝတ်စုံတွေ ၀င်ဆင်ခွင့်ကို လေးစားခွင့်ပြုပါတယ်လို့ သူက ပြောကြားခဲ့ပြီး အခုဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ လုံးဝ လက်မခံနိုင်တဲ့ အဖြစ်အပျက်မျိုးပဲလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Presstv

  • တရုတ်သမ္မတဟောင်း အကြံပေး လာဘ်စားမှုဖြင့် တစ်သက်တစ်ကျွန်းကျ

    တရုတ်သမ္မတဟောင်း အကြံပေး လာဘ်စားမှုဖြင့် တစ်သက်တစ်ကျွန်းကျ

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    china 3

    – ချစားမှုတွေ၊ အာဏာအလွဲသုံးစားပြုမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သမ္မတဟောင်း ဟူကျင်တောင်းရဲ့ အကြံပေးးတစ်ဦးကို တရုတ်နိုင်ငံက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    လင်ဂျင်ဟွာဆိုသူဖြစ်ပြီး တီယန်ဂျင်းမြို့တော်က တရားရုံးမှာ ကြားနားစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့လက လျှို့ဝှက်ပြုလုပ်ပြီးတဲ့နောက် ဒီလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ တရုတ် မီဒီယာတွေက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။ သူ့ကို စွဲထားတဲ့ စွဲချက်တွေထဲမှာ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို တရားမ၀င် ရယူမှုလည်း ပါဝင်ပါတယ်။

    လင်၊ သူ့ဇနီးနဲ့ သားဖြစ်သူတို့ဟာ တာဝန်ယူစဉ်ကာလတုန်းက စုစုပေါင်း ယွမ် ၇၇.၁ သန်း ဖိုး လာဘ်စားခဲ့ပြီး၊ အဲဒီ လာဘ်ငွေပမာဏဟာ မထင်မှတ်ထားလောက်အောင် အလွန်များပြားနေခဲ့တယ်လို့ တရားရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရာဇ၀တ်မှုကြီးတွေနဲ့ ပက်သက်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေလည်း ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

    လင်ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ မျှတမှုရှိတယ်လို့ ၀န်ခံပြီး အယူခံဝင်မှာမဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : presstv