ဇွန် ၂၈၊ ၂၀၁၆
M-Media
– ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင် ချီလီအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူသွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီးအား အာဂျင်တီးနားသမ္မတ မော်ရီစီယို မာဆရီက ဆက်သွယ်ကာ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် ဖျောင်းဖျခဲ့သည်ဟု သိရသည်။
အာဂျင်တီးနားမှာ ယမန်နေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ကိုပါအမေရိကဖိုင်နယ်တွင် ချီလီအသင်းအား ၂ ကြိမ်ဆက် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် မက်ဆီကမူ မိမိ၏ နိုင်ငံတကာ ကစားသမားဘ၀မှာ ပြီးဆုံးသွားပြီဟု ထိုပွဲအပြီးတွင် ကြေငြာခဲ့သည်။
မက်ဆီ၏ ထိုဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်အတွက် အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာအပါအ၀င် လူအများအပြားက တိုက်တွန်းခဲ့ကြပြီး ထိုအထဲတွင် သမ္မတ မာဆရီလည်း ပါဝင်ခဲ့သည်။
“သမ္မတကြီးအနေနဲ့ မက်ဆီကို ဖုန်းခေါ်ခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်မှုအတွက် သူ့အနေနဲ့ ဂုဏ်ယူရကြောင်း၊ ဝေဖန်မှုတွေကို နားယောင်ဖို့မလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
မော်ရီစီယို မာဆရီမှာ မက်ဆီကိုထောက်ခံအားပေးကြောင်း Twitter စာမျက်နှာတွင်လည်း ရေးသားခဲ့သည်။
Ref: Goal