News @ M-Media

Blog

  • ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်မည်ဟု ကြေငြာ

    ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်မည်ဟု ကြေငြာ

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    camroon

    – ယူကေအား ဥရောပသမဂ္ဂမှ ခွဲထွက်ရန် ပြည်သူများက ဆုံးဖြတ်ခဲ့ပြီးနောက် မိမိအနေဖြင့် အောက်တိုဘာတွင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့တွင် ကြေငြာလိုက်သည်။

    အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်နေအိမ်အပြင်ဘက်တွင် ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် လာမည့် သီတင်းပတ်များနှင့် လများတွင် တိုင်းပြည်အား တည်ငြိမ်အောင် ဆက်လက် ထိန်းသိမ်းပေးသွားမည် ဖြစ်သော်လည်း နိုင်ငံအနေဖြင့် ခေါင်းဆောင်သစ် လိုအပ်နေပြီဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ကင်မရွန်းမှာ ဥရောပသမဂ္ဂတွင် ဆက်နေရေးအတွက် မဲပေးရန် ပြည်သူများအား တိုက်တွန်းခဲ့သော်လည်း ခွဲထွက်ရေးဖက်က ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

    “ဗြိတိန်ပြည်သူတွေဟာ ဥရောပသမဂ္ဂကနေထွက်ဖို့ မဲပေးခဲ့ပြီး သူတို့ရဲ ဒီဆန္ဒကို ကျွန်တော်တို့က လေးစားရမှာပါ။ ဗြိတိန်ပြည်သူတွေရဲ့ဆန္ဒက ဘာဆက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ နောက်ထပ်ရှေ့ဆက်မယ့်ခရီးကို ထိန်းကြောင်းဖို့ ကျွန်တော်ဟာ သင့်လျော်တဲ့ခေါင်းဆောင်တစ်ဦးလို့ မထင်ပါဘူး” ဟု ကင်မရွန်းကပြောကြားခဲ့သည်။

    Ref : BBC

  • အင်္ဂလန်၏ မှတ်တမ်းဆိုးကို အဆုံးသတ်ချင်သည်ဟု ရူနီပြော

    အင်္ဂလန်၏ မှတ်တမ်းဆိုးကို အဆုံးသတ်ချင်သည်ဟု ရူနီပြော

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    england

    – မိမိတို့အနေဖြင့် အသင်း၏ စိတ်ပျက်ဖွယ်မှတ်တမ်းများကို အဆုံးသတ်ရမည်ဖြစ်ပြီး လက်ရှိကစားနေသော ယူရိုပြိုင်ပွဲတွင် အမြင့်ဆုံးအထိ ရောက်ရှိနိုင်သည်ဟု အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ယူရိုပြိုင်ပွဲတစ်လျှောက်တွင် အင်္ဂလန်အသင်းမှာ ဖိုင်နယ်သို့ တစ်ကြိမ်မှ တက်ရောက်နိုင်ခြင်းမရှိဘဲ ၁၉၆၈ နှင့် ၁၉၉၆ ခုနှစ်တို့တွင် ဆီးမီးဖိုင်နယ် ၂ ကြိမ် ရောက်ရှိခဲ့သည်မှာ အမြင့်ဆုံးဖြစ်သည်။ ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် အင်္ဂလန်မှာ အုပ်စုအဆင့်မှ ၃ ကြိမ် လှည့်ပြန်ခဲ့ရပြီး ယူရို ၂၀၀၈ တွင် ခြေစစ်ပွဲပင် မအောင်ခဲ့ချေ။

    ရူနီကမူ ထိုမှတ်တမ်းဆိုးကို အဆုံးသတ်ချင်နေသည်။

    “ကွာတားဖိုင်နယ်ရောက်ဖို့လောက် ကစားတာမျိုး မဖြစ်ရပါဘူး။ ကျွန်တော်တို့က ဗိုလ်စွဲချင်တာပါ။ ဒါက ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကျွန်တော် အခု တစ်ထိုင်တည်းပြောချင်တာကတော့ ကျွန်တော်တို့အသင်းဟာ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းဖြစ်ပြီး၊ ဒါ့ကြောင့် ကွာတားဖိုင်နယ်ရောက်ရင်လည်း ကျွန်တော်တို့ ပျော်ရွှင်မှာပါ။ နောက်ထပ် ၂ နှစ်ကနေ ၄ နှစ်လောက်အတွင်း ကျွန်တော်တို့မှာ တောက်ပတဲ့အနာဂတ် ရှိပါတယ်။ ဒီပြိုင်ပွဲမှာကစားတာဟာ ကျွန်တော်တို့ ဗိုလ်စွဲဖို့ပါ။ ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့လေ။ ဒါပေမယ့် ကွာတားဖိုင်နယ်ရောက်တာလောက်ကို တိုးတက်မှုလို့ ကျွန်တော်တို့ မပြောချင်ပါဘူး။ ကျွန်တော်တို့ဟာ အဲဒီထက်ပိုကောင်းတယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref : Goal

  • တရုတ်နိုင်ငံရှိကျောင်းများမှ အားကစားအဆောက်အဦးများတွင် အဆိပ်သင့်မှုတွေ ရှိနေ

    တရုတ်နိုင်ငံရှိကျောင်းများမှ အားကစားအဆောက်အဦးများတွင် အဆိပ်သင့်မှုတွေ ရှိနေ

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    china

    – စာသင်ကျောင်းတွေမှာရှိတဲ့ ပြေးလမ်းလို အားကစားဆိုင်ရာ အခြေခံအဆောက်အဦးတွေ တည်ဆောက်ရာမှာ စက်ရုံထွက် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း တရုတ်အာဏာပိုင်တွေက စက်ရုံ ၉ ခုကို ပိတ်ပစ်လိုက်ပြီး စက်ရုံတာဝန်ရှိသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

    အနံ့ပြင်းတဲ့အားကစားကွင်းတွေ၊ ပြေးလမ်းတွေနဲ့ ထိတွေ့ပြီးနောက်ပိုင်း ကျောင်းသားတွေ နေထိုင်မကောင်းဖြစ်တဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တရုတ်မီဒီယာတွေမှာ အမြဲလိုလို တွေ့ခဲ့ရတာပါ။

    ပေကျင်းမြို့က မူလတန်းကျောင်းတစ်ခုမှာတော့ ကျောင်းသားမိဘတွေက သူတို့ရဲ့ သားသမီးတွေဟာ အဆိုပါပြေးလမ်းတွေကို အသုံးပြုပြီးတဲ့နောက် နှာခေါင်းသွေးလျှံတာ၊ ဓာတ်မတည့်ယားယံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပြီး အဲဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

    ဒါဟာ အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုစိုက်လေ့မရှိတဲ့ တရုတ်နိုင်ငံမှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး ကျန်းမာရေးဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။

    နိုင်ငံပိုင် CCTV သတင်းဌာနကတော့ ဟေဘီပြည်နယ် ကန်ကျိုးနဲ့ ဘာအိုဒင်းဒေသတွေမှာ ရှိနေတဲ့ ကုမ္ပဏီဒါဇင်ပေါင်းများစွာဟာ အဆိပ်သင့်နိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ ယုံကြည်ရတဲ့ ကားတာယာတွေ၊ လျှပ်စစ်ဝါယာတွေလို စက်ရုံက စွန့်ပစ္စည်းတွေကနေ ပြေးလမ်းတွေကို ထုတ်လုပ်နေတယ်လို့ ဖော်ပြသွားပါတယ်။

    ကန်ကျိုးဒေသအစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကာ စက်ရုံ ၉ ခုကို ပိတ်သိမ်းတာ၊ စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေသိမ်းဆည်းတာ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံအတွင်းက လေထုညစ်ညမ်းမှုတွေ၊ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေကြောင့် ကလေးတစ်ယောက်သာ ရယူထားကြတဲ့ မိဘတွေဟာ စိုးရိမ်မှုတွေရှိနေပြီး၊ ယခုကိစ္စက သူတို့ရဲ့ စိုးရိမ်မှုကို ပိုပြီး ဆိုးရွားသွားစေခဲ့ပါတယ်။

    Ref : Channel News Asia

  • ယူရိုပြိုင်ပွဲတွင် နောက်ထပ် အံ့အားသင့်စရာ ဖြစ်မည်မဟုတ်ဟု ရော်နယ်ဒိုပြော

    ယူရိုပြိုင်ပွဲတွင် နောက်ထပ် အံ့အားသင့်စရာ ဖြစ်မည်မဟုတ်ဟု ရော်နယ်ဒိုပြော

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    portugal

    – ယူရို ၂၀၁၆ ရှုံးထွက်အဆင့်တွင် မိမိတို့အသင်းအတွက် အံ့အားသင့်စရာအခြေအနေမျိုး ကြုံတွေ့ရတော့မည်မဟုတ်ဟု ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ပေါ်တူဂီမှာ အုပ်စုအဆင့်ပွဲစဉ်များတွင် ရုန်းကန်ခဲ့ရပြီး ၃ ပွဲကစား ၃ မှတ်ဖြင့် အိုက်စလန်၊ ဟန်ဂေရီတို့အောက် အုပ်စုတတိယရကာ အကောင်းဆုံးဒုတိယ ၄ သင်းထဲမှ တစ်သင်းအဖြစ် ကံကောင်းထောက်မ၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း နောက်တစ်ဆင့်တွင်မူ ထိုအခြေအနေမျိုး ဖြစ်မည်မဟုတ်တော့ဟု ရော်နယ်ဒိုက ဆိုသည်။

    “ဒီပြိုင်ပွဲမှာ နောက်ထပ် အံ့အားသင့်စရာအခြေအနေမျိုး ထပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အုပ်စုအဆင့်မှာ အံ့သြစရာတွေ တွေ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေကသာ အမြဲတမ်း ဖိုင်နယ်ရောက်တာပါ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ပေါ်တူဂီမှာ ၁၆ သင်းအဆင့်တွင် ခရိုအေးရှားနှင့် တွေ့ရမည်ဖြစ်ပြီး ရော်နယ်ဒိုကမူ မိမိတို့တွင် အခွင့်အရေး ၅၀-၅၀ ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ တော်တော်လေးကောင်းတဲ့အသင်းနဲ့ တွေ့နေရတာဖြစ်ပြီး အခြေအနေကတော့ ၅၀-၅၀ ပါပဲ။ သူတို့ရဲ့နောက်ဆုံး စပိန်နဲ့ပွဲက ကစားပုံအတိုလေးတွေကို ကျွန်တော်တို့ ကြည့်ခဲ့ပါတယ်။ သူတို့ဟာ ခက်ခဲမယ့်အသင်းတစ်သင်းပါ”

    Ref: Goal

  • နိုက်ဂျီးရီးယား ဒုက္ခသည်စခန်းမှာ လူ ၂၀၀ နီးပါး အစာငတ်သေဆုံး

    နိုက်ဂျီးရီးယား ဒုက္ခသည်စခန်းမှာ လူ ၂၀၀ နီးပါး အစာငတ်သေဆုံး

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    nigeria

    – ဘိုကိုဟရမ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာရပြီး နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘာမာမြို့မှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေထဲက ၂၀၀ နီးပါးလောက်ဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

    နေ့စဉ်နဲ့အမျှ အစာငတ်ပြီး သေဆုံးရတဲ့ ကလေးငယ်တွေရှိနေပြီး သေဆုံးသူတွေကိုမြှုပ်နှံဖို့ မြေကျင်းတွေကိုလည်း အဆတ်မပြတ် တူးပေးနေရတယ်လို့ ဒုက္ခသည်တွေက ပြောကြားခဲ့ကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ ဒုက္ခသည် ၂၄၀၀၀ ခန့် ခိုလှုံရာဖြစ်တဲ့ ဆေးရုံဝင်းတစ်ခုအတွင်းက ယာယီစခန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်မှုတွေကို ပြုလုပ်ပေးနေရတယ်လို့လည်း ဆိုပါတယ်။

    “တော်တော်လေး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခံစားထားရတယ်ဆိုတာကို ဖော်ပြနေတဲ့ စိတ်ဒဏ်ရာတွေကို ကျွန်မတို့ဟာ လူနာတွေရဲ့ မျက်နှာတွေပေါ်မှာ အတိုင်းသား တွေ့မြင်နေရပါတယ်” လို့ နိုက်ဂျီးရီးယားက နယ်စည်းမခြားဆရာဝန်များအဖွဲ့ခေါင်းဆောင် ဂါဒါ ဟာတင်မ်က ပြောကြားခဲ့ပါတယ်။

    ဘာမာမြို့မှာ အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ နိုက်ဂျီးရီးယားဒုက္ခသည် ၁.၈ သန်းလောက်ရှိပြီး အိမ်နီးချင်းနိုင်ငံက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကတော့ ၁၅၅၀၀၀ လောက် ရှိနေပါတယ်။

    ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဘိုကိုဟရမ်တွေရဲ့ အ၀ိုင်းခံထားတဲ့ ဘာမာမြို့ကို နိုက်ဂျီးရီးယားတပ်ဖွဲ့တွေက ၂၀၁၅ ခုနှစ် မတ်လမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပေမယ့် မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

    Source: AP