News @ M-Media

Blog

  • မြန်မာနိုင်ငံရှိ လူနည်းစုများအပေါ် ကျူးလွန်မှုများကို စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ ရနေပြီဟု ကုလထုတ်ပြန်

    မြန်မာနိုင်ငံရှိ လူနည်းစုများအပေါ် ကျူးလွန်မှုများကို စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ ရနေပြီဟု ကုလထုတ်ပြန်

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    unhcr 2
    စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ကလေးငယ်တစ်ဦး

    – ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်မှုမှုများ၊ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်း၊ အဓမ္မလုပ်အားစေခိုင်းခြင်းနှင့် လိင်အကြမ်းဖက်မှုများအပါအ၀င် ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုများအပေါ် ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေသည့် ကျူးလွန်နေမှုများမှာ လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှု မြောက်နေပြီဟု ကုလသမဂ္ဂက ယမန်နေ့တွင် သတိပေး ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်ပြီး “ရိုဟင်ဂျာများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနတစ်ကျပြုလုပ်ထားသော ဆိုးဝါးသည့် ကျူးလွန်မှုများမှာ ခုံရုံးဖွဲ့စစ်ဆေးပါက လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်၍ ရနိုင်လောက်သည့် ကျူးလွန်မှုမျိုး ဖြစ်သည်ကို ” တွေ့ခဲ့ရသည်ဟု ဖော်ပြထားသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်ဟူစိန်ကမူ လက်ရှိ အစိုးရမှာ “လူနည်းစုများ၏ အခြေခံအခွင့်အရေးများကို ငြင်းပယ်ရန် ရည်ရွယ်ချမှတ်ထားသည့် ဥပဒေများနှင့် ပေါ်လစီများကို အမွေဆက်ခံထားရပြီး၊ လူနည်းစုများအပေါ် ဆိုးရွားစွာ ကျူးလွန်မှုများအတွက် အရေးယူမှုမရှိခြင်းက ၎င်းတို့အပေါ် ထပ်မံ အကြမ်းဖက်မှု ဖြစ်လာစေရန် အားပေးရာရောက်နေသည်” ဟု ပြောကြားခဲ့သည်။

    နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ မိမိတို့အစိုးရမှာ ထိုသို့ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်ခြင်းကို လုံးဝ လက်မခံဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    ယမန်နေ့က ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီတွင် ပြုလုပ်သော ၃၂ ကြိမ်မြောက်အစည်းဝေးတွင် မစ္စတာ ဇီအစ်က မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် ခွဲခြားမှုများကို ပြောင်းလဲရန် လွယ်ကူမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် လက်ရှိ ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် နောက်ထပ်ဖြစ်မလာအောင် တားဆီးရေးကို အဓိကဦးစားပေး လုပ်ဆောင်ရလိမ့်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ကုလလူ့အခွင့်အရေးကောင်စီ၏ တစ်နှစ်တာ စုံစမ်းစစ်ဆေးမှုများအရ ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာ အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ အမုန်းစကားဖြန့်ဝေမှုနှင့် ဘာသာရေးအရ သည်းမခံနိုင်မှုများမှာ စိုးရိမ်စရာကောင်းအောင် မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    ယမန်နေ့ ကုလ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရကာ၊ အစိုးရလုံခြုံရေး တပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရသည်ဟု ဖော်ပြထားသည်။

    ထိုကျူးလွန်မှုများတွင် ရာဇ၀တ်မှုကျူးလွန်သည်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်ခြင်း၊ နေအိမ်များမှ အတင်းအဓမ္မမောင်းထုတ်ခြင်း၊ စိတ်ထင်တိုင်း ဖမ်းဆီးအကျဉ်းချခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် ပုံစံမျိုးဖြင့် ဆက်ဆံခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းတို့ ပါဝင်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လူနည်းစုများအပေါ် ကျူးလွန်မှုမျာကိုလည်း ဖော်ပြထားသည်။

    ထိုဒေသများတွင် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကလေးစစ်သားအသုံးပြုခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည်တို့အား ကျူးလွန်နေမှုများမှာ ကာလတာရှည်ကြာမြင့်နေပြီဖြစ်ပြီး စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်၍ ရနေပြီဟုလည်း အစီရင်ခံစာတွင် ထပ်လောင်း သတိပေးထားသည်။

    ထိုကျူးလွန်မှုများအားလုံးနှင့် နိုင်ငံအတွင်းရှိ လူနည်စုများ၏ အခြေအနေများနှင့်ပတ်သက်၍ လွတ်လပ်ပြီး ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက်လည်း ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

    Ref: mmtimes

  • ကမ္ဘာ့တစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် ၂၀၁၅ တွင် စံချိန်တင်

    ကမ္ဘာ့တစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် ၂၀၁၅ တွင် စံချိန်တင်

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    UNHCR

    – ဆီးရီးယားနဲ့ အာဖဂန်လိုနေရာမျိုးတွေမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာက ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာရသူ အရေအတွက်ကို မြင့်တက်လာစေပြီး ပြီးခဲ့တဲ့နှစ်အဆုံးပိုင်းမှာ ၆၅.၃ သန်းထိ စံချိန်တင်ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတော့ အိုးအိမ်စွန့်ခွာရသူအရေအတွက်ဟာ သန်း ၆၀ ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဒုက္ခသည်အရည်အတွက်ဟာလည်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ လက်ဘနွန်၊ တူရကီနဲ့ ဥရောပနိုင်ငံတွေဟာ ဒုက္ခသည်အရေအတွက် အများအပြားကို လက်ခံခဲ့ရပြီး ဒုက္ခသည် စံချိန်တင်မှုဟာ ၁၀ ရာခိုင်နှုန်းလောက်တိုးလာတယ်လို့ ယမန်နေ့ UNHCR က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကိုယ်ရဲ့ဇာတိမြေကနေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ရမှုကို ဖြစ်စေတဲ့ စစ်ပွဲတွေကို အဆုံးသတ်ရေး ဥရောပခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ပိုမိုအားထုတ်ကြိုးပမ်းကြဖို့လည်း UNHCR က တိုက်တွန်းခဲ့ပါတယ်။

    “မဖြစ်မနေ အိုးအိမ်စွန့်ခွာရသူတွေက ဖော်ညွှန်းနေတဲ့ သတင်းစကားကို ကမ္ဘာ့ခေါင်းဆောင်တွေ မြင်နိုင်ပါစေလို့ ကျွန်တော် မျှော်လင့်မိပါတယ်။ အဲ့ဒီသတင်းစကားကတော့ တကယ်လို့ ဒီပြဿနာတွေကို ခင်ဗျားတို့ မဖြေရှင်းရင် ပြဿနာတွေက ခင်ဗျားဆီရောက်လာလိမ့်မယ် ဆိုတာပါပဲ။ ပဋိပက္ခတွေကို ရပ်တန့်ဖို့ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုနေတာပါ။ နိုင်ငံရေး နည်းလမ်းနဲ့ပါ” လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောကြားခဲ့ပါတယ်။

    UNHCR ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ ပျမ်းမျှအားဖြင့် တစ်မိနစ်တိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၄ ယောက်ရှိခဲ့ပြီး တစ်နေ့ကို ၃၄၀၀၀ လောက် ရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက ဒီအရေအတွက်ဟာ တစ်မိနစ်ကို ၆ ဦးသာ ရှိခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၁၉၉၇ ခုနှစ်ကထက်စာရင် ဆီးရီးယားစစ်ပွဲ စတင်တဲ့ ၂၀၁၁ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။ ကမ္ဘာ့ဒုက္ခသည်တွေထဲက ထက်ဝက်ကျော်လောက်ဟာ ဆီးရီးယား၊ အာဖန်နဲ့ ဆိုမာလီယာတို့က ဖြစ်ကြပါတယ်။

    Ref : Aljazeera

  • ယူရိုနောက်တစ်ဆင့်တက်နိုင်ခြင်းမှာ မိမိဘ၀တွင် အကြီးအကျယ်ဆုံးထဲမှ တစ်ခုဟု ဘေးလ်ပြော

    ယူရိုနောက်တစ်ဆင့်တက်နိုင်ခြင်းမှာ မိမိဘ၀တွင် အကြီးအကျယ်ဆုံးထဲမှ တစ်ခုဟု ဘေးလ်ပြော

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    bale 3

    – ယနေ့မနက်က ကစားခဲ့သည့် ယူရို ၂၀၁၆ အုပ်စု B နောက်ဆုံးပွဲစဉ်တွင် ရုရှားအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ မိမိ၏ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် အကြီးကျယ်ဆုံး ညများထဲမှ တစ်ခုဖြစ်သည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဘေးလ်မှာ အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ရမ်ဆေးနှင့် နီးလ်တေလာတို့က ၁ ဂိုးစီသွင်းယူခဲ့သည်။ ဝေးလ်မှာ ထိုနိုင်ပွဲကြောင့် အုပ်စု B ပထမနေရာဖြင့် အင်္ဂလန်အသင်းနှင့်အတူ နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ဘေးလ်ကမူ မိမိတို့အသင်း၏ ထိုပွဲစွမ်းဆောင်ရည်မှာ အကောင်းဆုံးဖြစ်ပြီး အောင်မြင်မှုအတွက် မယုံကြည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။

    “၀မ်းသာလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ မယုံကြည်နိုင်လောက်စရာ အခြေအနေတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အသေအချာကို လုပ်နိုင်ခဲ့ပါတယ်။ နိုင်ရမယ်ဆိုတဲ့ဖိအားကြောင့် ကျွန်တော်တို့ရဲ့ ကစားပုံဟာ ကျွန်တော် ပါဝင်ကစားသမျှထဲမှာ အကောင်းဆုံး ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဝေးလ်အသင်းနဲ့ ကျွန်တော်တို့ဟာ ရပ်သပ်ရှုမောစရာကောင်းတဲ့ ညတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီညကတော့ မယုံနိုင်လောက်စရာပါပဲ။ အုပ်စု ပထမ ရခဲ့တာကလည်း ပိုပြီးတော့တောင် ကျေနပ်စရာကောင်းသလို၊ ကျွန်တော်တို့ လိုချင်တဲ့အရာလည်းဖြစ်ပါတယ်” ဟု ဘေးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အုပ်စုပွဲစဉ် ၃ ပွဲစလုံးတွင် တစ်ပွဲ ၁ ဂိုးစီ သွင်းယူပေးခဲ့သည့် ဘေးလ်မှာ နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးသူအဖြစ် ၅၈ နှစ်ကြာတင်ထားသည့် အီဗောရ် အောလ်ချာ့ခ်ျ၏ စံချိန်ကို ချိုးနိုင်ခဲ့သည်။ ထို့ပြင် ယူရို ၂၀၀၄ တွင် နယ်သာလန်တိုက်စစ်မှူး နစ္စတယ်ရွိုင်းနှင့် ချက်တိုက်စစ်မှူး မီလန် ဘားရို့စ်တို့က အုပ်စုပွဲစဉ် ၃ ပွဲစလုံးတွင် ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ပိုင်း ဘေးလ်က ထိုမှတ်တမ်းကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • အီတလီ၏ မြို့တော်တွင် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး လွှတ်တော်အမတ် ဖြစ်လာ

    အီတလီ၏ မြို့တော်တွင် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး လွှတ်တော်အမတ် ဖြစ်လာ

    ဇွန် ၂၁၊ ၂၀၁၆
    M-Media

    sumaya

    – အီတလီနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မီလန်မြို့ လွှတ်တော်တွင် ပါလက်စတိုင်း-ဂျော်ဒန်နွယ်ဖွား အမျိုးသမီးတစ်ဦးမှာ ပထမဆုံး မွတ်စလင် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်ဟု သိရသည်။

    ဆူမာယာ အဘ်ဒလ်ကွာဒါရ်ဆိုသူဖြစ်ပြီး အီတလီတွင်မွေးဖွားသည့် သူမမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ထိုကဲ့သို့ ရွေးကောက်တင်မြှောက် ခံခဲ့ရခြင်းဖြစ်သည်။

    “ကျွန်မအပေါ် ယုံကြည်ကိုးစားတဲ့ပြည်သူတွေနဲ့ တနင်္ဂနွေရွေးကောက်ပွဲမှာ ကျွန်မကို ရွေးချယ်ခဲ့ကြသူတွေအားလုံးကို ကျေးဇူးဥပကာရ တင်ရှိပါတယ်ရှင်” ဟု ဆူမာယာက ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆူမာယာမှာ မီလန်မြို့သမိုင်းတွင် လွှတ်တော်အမတ်ဖြစ်လာသည့် ပထမဆုံး မွတ်စလင်အမျိုးသမီးဖြစ်ပြီး၊ သူမ၏ နိုင်ငံရေးနယ်ပယ် အောင်မြင်မှုများကြောင့် ပြည်တွင်းနှင့် ပြည်ပကပါ လေးစားမှုကို ခံရသူဖြစ်သည်။

    ဆူမာယာမှာ လူမှုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ လက်ရှိတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် အမျိုးသမီးများအပေါ် အမြတ်ထုတ်မှုကို တိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်သည့် Aisha စီမံကိန်းကို ဦးဆောင် လုပ်ကိုင်နေသူဖြစ်သည်။ Aisha (အိုင်ရှာ) ဟူသည့်အမည်မှာ တမန်တော် မုဟမ္မဒ်သခင်၏ ကြင်ယာတော်အမည်ဖြစ်သည်။

    အီတလီရှိ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သော သူမက မိမိအနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ပုဂ္ဂိုလ်ရေး လွပ်လပ်ခွင့်တို့အတွက် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု အင်တာဗျူးများတွင် ပြောကြားလေ့ရှိသည်။

    မကြာသေးမီက Repubblica သတင်းစာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဆူမာယာက လုပ်ငန်းခွင်တွင် ဟီဂျဘ်ခေါင်းဆောင်းပုဝါကို ပိတ်ပင်ရန် အီတလီကုမ္ပဏီတစ်ခုက ဆောင်ရွက်မှုကို ဆန့်ကျင်ခဲ့ပြီး၊ ပါလီမန်အမတ်ဖြစ်ပါက အမျိုးသမီးများဟီဂျဘ်ဝတ်ဆင်ခွင့်ရရေး ဆောင်ရွက်မည်လားဟု မေးမြန်းရာတွင် ဆောင်ရွက်မည်ဟု ဖြေကြားခဲ့သည်။

    “ပြည်သူတွေ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်သွားမှာပါ။ အထူးသဖြင့် လူမှုဆက်ဆံရေးကိုမထိခိုက်တဲ့၊ တစ်ခြားသူတွေကို စိတ်အနှောက်အရှက်မဖြစ်စေတဲ့ ကိုယ်ပိုင်ရွေးချယ်မှုတွေအတွက်ပေါ့လေ။ ဟီဂျဘ်နဲ့ပတ်သက်ပြီး အမျိုးသမီးတွေဟာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိရပါမယ်။ ရှေ့ဆောင်အီမာမ်၊ ဒါမှမဟုတ် မိသားစုရဲ့စတဲ့ ပြင်ပ ပယောဂါ ဖိအားကြောင့် ဆင်မြန်းရတာမျိုး မဖြစ်ရပါဘူး”

    Ref: Albawaba

  • မိမိ၏ ဖရီးကစ်ကန်မှုအတွက် ရော်နယ်ဒိုထံမှ အကြံဉာဏ်မလိုဟု ဘေးလ်ပြော

    မိမိ၏ ဖရီးကစ်ကန်မှုအတွက် ရော်နယ်ဒိုထံမှ အကြံဉာဏ်မလိုဟု ဘေးလ်ပြော

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    bale

    – မိမိ၏ ဖရီးကစ်ကန်သွင်းမှုများတွင် ရီးယဲလ်အသင်းဖော် ခရစ္စတီယာနိုရော်နယ်ဒို၏ အကြံကို ယူစရာမလိုဘဲ မိမိတို့တွင် မတူညီသော ဖရီးကစ်ကန်သွင်းချက်စတိုင်များ ရှိသည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ဘေးလ်မှာ ယူရို ၂၀၁၆ အုပ်စုပွဲစဉ် ၂ ခုတွင် ဖရီးကစ်မှတစ်ဆင့် ၂ ဂိုး သွင်းယူပေးထားပြီး ယူရိုပြိုင်ပွဲတွင် ပထမဆုံး ဖရီးကစ် ၃ လုံး ကန်သွင်းနိုင်သည့် ကစားသမား ဖြစ်လာနိုင်ချေ ရှိနေသည်။ ၎င်း၏ ဖရီးကစ်ကန်သွင်းမှုအတွက် ဖရီးကစ်စတား ရော်နယ်ဒိုထံမှ အကြံအဉာဏ်ယူခဲ့သလားဟု မေးမြန်းရာတွင် ဘေးလ်က

    “နိုး၊ လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ကန်တာပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်ကိုပဲ ကျွန်တော် ကြိုက်ပါတယ်။ လေ့ကျင့်ကွင်းမှာတော့ ကျွန်တော်တို့ အတူတူလေ့ကျင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘက်မတူပါဘူး။ ကျွန်တော်က ဘောလုံးဘယ်နားမှာရှိလဲ၊ ဘယ်လောက်ကပ်နေလဲဆိုတဲ့အပေါ် မူတည်ပြီး ကန်ချက်ကို နည်းနည်းပါးပါး ပြောင်းလဲပါတယ်။ ဖရီးကစ်ကန်တယ်ဆိုတာ ဘောလုံးရှေ့ရပ်ပြီး ၀င်သွားစမ်းပါကွာလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေအရာထင်တာ၊ အခုလက်ရှိ ဖရီးကစ် ၂ လုံး ၀င်ထားတာကို တွေ့ရတာ ကျေနပ်စရာပါပဲ” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ဝေးလ်မှာ ယူရို ၂၀၁၆ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရုရှားနှင့် ကစားရမည်ဖြစ်ပြီး သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    Ref: Goal