News @ M-Media

ဗြိတိန်၏ ဥရောပသမဂ္ဂမှထွက်ရေး ဂယက်ကြောင့် ဈေးကွက် မတည်မငြိမ်ဖြစ်နေ

ဇွန် ၂၅၊ ၂၀၁၆
M-Media

sterling

– ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့မှုမှာ ကမ္ဘာ့ဈေးကွက်ကို ကြီးကြီးမားမား ရိုတ်ခတ်မှုရှိခဲ့ပြီး ယမန်နေ့က စတော့ဈေးကွက်၊ ရေနံဈေးကွက်များတွင် သိသိသာသာ ကျဆင်းမှုများနှင့် ကြုံတွေ့ခဲ့ရကာ စတာလင်ပေါင်မှာလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့သည်။

အမေရိကန်စတော့ဈေးကွက် Dow တွင် ယမန်နေ့က ၆၁၀.၃၂ ပွိုင့် (၃.၃၉ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး ၁၇၄၀၀.၇၅ ပွိုင့် ရှိခဲ့သည်။ ထိုသို့ကျဆင်းမှုမှာ ၅ နှစ်နီးပါးအတွင်း အကြီးမားဆုံး ကျဆင်းမှုလည်းဖြစ်သည်။ S&P 500 တွင်မူ ၇၆.၀၂ (၃.၆၀ ရာခိုင်နှုန်း) ကျဆင်းကာ ၂၀၃၇.၃၀ ပွိုင့်၊ Nasdaq Composite Index တွင် ၂၀၂.၀၆ (၄.၁၂ ရာခိုင်နှုန်း) ကျကာ ၄၇၀၇.၉၀ ပွိုင့် အသီးသီးရှိခဲ့သည်။

စတာလင်ပေါင်မှာလည်း ယမန်နေ့က သိသိသာသာကျဆင်းခဲ့ပြီး ဈေးကွက်မတည်မငြိမ်ဖြစ်သည့်အချိန်တွင် အာမခံချက်ရှိသော ငွေကြေးဖြစ်သည့် ဂျပန်ယန်းကမူ တက်လာခဲ့သည်။

“စတာလင်ပေါင် တန်ဖိုးကျမှုဟာ မပြီးသေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတာ့ ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ဖို့ ဆုံးဖြတ်တာဟာ ပြဿနာရဲ့ အစပဲရှိသေးပြီး အဆုံးမဟုတ်သေးပါဘူး” ဟု ဈေးကွက်ပညာရှင်တစ်ဦးဖြစ်သူ ကေသီ လီယန်က ပြောကြားခဲ့သည်။

ယူကေ၏ စီးပွားရေး အချက်အလက်များ ထွက်ရန် မရှိသေးသောကြောင့် လာမည့်တစ်ပတ်တွင်လည်း စတာလင်ပေါင်မှာ ထပ်မံကျဆင်းဖွယ်ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဥရောပမှခွဲထွက်ရေး ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဗြိတိန်၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကိုလည်း ပယ်ဖျက်ခဲ့သည်။

ရေနံဈေးနှုန်းမှာ ယမန်နေ့က ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ပြီး West Texas Intermediate တွင် ၂.၄၇ ဒေါ်လာ ကျခဲ့ကာ တစ်စည်ကို ၄၇.၆၅ ဒေါ်လာ ရှိခဲ့သည်။ လန်ဒန်ရှိ Brent North Sea တွင်မူ ၂.၅၀ ဒေါ်လာ ကျဆင်းခဲ့ပြီး တစ်စည်ကို ၄၈.၄၁ ဒေါ်လာ ရှိနေသည်။

“စီးပွားရေးကျဆင်းရင် ရေနံဈေးကလည်း ကျပါတယ်။ ယူကေက အီးယူကနေထွက်တော့ ဥရောပစီးပွားရေး ကျဆင်းမယ်ဆိုတဲ့ စိုးရိမ်မှုတွေက မြင့်တက်လာခဲ့ပါတယ်” ဟု WTRG Economics မှ စီးပွားရေးပညာရှင် ဂျိမ်းစ် ၀ီလီယံက ပြောကြားခဲ့သည်။

Ref: Channelnewsasia

Comments

Leave a Reply