News @ M-Media

Blog

  • ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    -ထိုင်ဝမ်ကျွန်းက ခွဲထွက်ရေး လုပ်ဆောင်မယ်ဆိုရင် မိမိတို့ အစွမ်းကုန် တိုက်ခိုက်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ပြောကြားလိုက်ပြီး ပြည်တွင်းရေးကိစ္စကို ဝင်မရှုပ်ဖို့လည်း အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    စင်ကာပူမှာ ပြုလုပ်နေတဲ့ Shangri-La လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့အကြား ထိုင်ဝမ်ကိစ္စ အပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ဟာ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ‌ဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ်လေပိုင်နက်ထဲ တရုတ်စစ်လေယာဉ်တွေ အုပ်စုလိုက် မကြာခဏ ဝင်ရောက်ပျံသန်းမှုကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ထိုင်ဝမ်ကို တရုတ်ပြည်ကနေခွဲထုတ်ရင် အသေအကြေ တိုက်ခိုက်ဖို့ကလွဲ‌ပြီး အခြား ရွေးချယ်စရာမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    “နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်တဲ့နေရာ တရုတ်စစ်တပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြေရှင်းနိုင်စွမ်းကို လျှော့တွက်မထားသင့်ပါဘူး။ ထိုင်ဝမ်ကို တရုတ်ကနေခွဲထုတ်ပြီး လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် လုပ်ချင်သူတွေရဲ့ အဆုံးသတ်က သိပ်ကောင်းမှာ မဟုတ်ပါဘူး”

    ထိုင်ဝမ်က သူတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တယ်လို့ မှတ်ယူထားပြီး တရုတ်အစိုးရက သူတို့ပိုင်တဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ထိုင်ဝမ်ကျွန်း တရုတ်နိုင်ငံကနေ ခွဲထွက်မသွားဖို့အတွက် လိုအပ်ရင် တိုက်ခိုက်သွားမယ်လို့ တရုတ်က အရင်ကတည်းက ပြောကြားထားတာ ဖြစ်ပါတယ်။

    အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့နဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ဖို့လည်း ဝေဖန်ဟီက ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

    အာဏာသိမ်းစစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    -စစ်ကောင်စီက လာမယ့်နှစ်မှာလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး၊ တရားမျှတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရ အကြံပေး ဒဲရစ်ခိုလက်က ပြောကြားလိုက်ပါတယ်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အဲဒီတုန်းက ကတိပေးခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တာကိုအကြောင်းပြကာ ရွှေ့ဆိုင်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

    ဒဲရစ်ခိုလက်က စစ်ကောင်စီရဲ့ ဒီအစီအစဉ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားဖို့ဖြစ်တယ်လို့ စင်ကာပူမှာ မနေ့ကလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    “လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့ အလားအလာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးပမ်းမှုသာ ဖြစ်ပါလိမ့်မယ်”

    စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့လှုပ်ရှားမှုတွေကို စစ်ကောင်စီက အကြမ်းပတမ်း တုန့်ပြန်ရာမှာ အခုအချိန်အထိ လူ ၂ ထောင်ကျော်သေဆုံးခဲ့ပြီး ထောင်သောင်းချီ ဖမ်းဆီးခံထားရပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေလည်း နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်တပ်ကလုပ်ဖို့ စီစဉ်ထားတဲ့ တရားမဝင် ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို အလေးထားပြီး၊ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားမယ့် ရွေးကောက်ပွဲမျိုး မဟုတ်ဘူးလို့ ပြည်သူလူထုက ‌ယူဆရင် တိုင်းပြည်မှာ မတည်ငြိမ်မှုကိုသာ ထပ်ဖြစ်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

    Ref: AFP

  • အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    ဇွန် ၈၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးရဲ့ကျူးကျော်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ မူ၀ါဒတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်စောင် မနေ့က ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို သုံးသပ်ခဲ့တာပါ။ ပါလက်စတိုင်းပိုင်နက်မှာ ပြည်ပကဂျူးတွေ ၀င်ရောက်ပြီး လက်နက်ကိုင်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ ထူထောင်မှုမှာ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က ကုလရဲ့ထုတ်ပြန်ချက်မှာ အရင်က ပါလက်စတိုင်းနိုင်ငံထူထောင်ရေး နှစ်ဖက်သဘောတူထားတဲ့ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့ကို အစ္စရေးဖက်က အပြည့်အ၀ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာကို တွေ့ရပြီး ရပ်တန့်မယ့်အလားအလာမျိုး မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဒီလို ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပါလက်စတိုင်းတွေအပေါ် ညှင်းပမ်းမှုတွေ၊ ဂျူးတွေများလာပြီး ပါလက်စတိုင်းတွေနည်းသွားအောင်လုပ်တာတွေ ရပ်တန့်ဖို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အစ္စရေးကို တိုက်တွန်းထားပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးအရေအတွက် ၇ သိန်းကျော်ရှိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအိမ်ယာတွေ ဆောက်လုပ်မှုကို ကန့်ကွက်ထားပါတယ်။

    ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်နဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့က ကုလရဲ့ ဒီအစီရင်ခံစာကို ချီးကျူးကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အစ္စရေးခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေး နိုင်ငံခြားရေး၀န်ကြီးဌာနက ကော်မရှင်ဟာ​ အချိန်နဲ့ ​ေငွကို ဖြုန်းတီးပစ်တာသာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီရဲ့ လာမယ့်တစ်ပတ်အစည်းအ​ေ၀းမှာ ဒီအစီရင်ခံစာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref : Reuters

  • မြန်မာလုပ်သား ၁ သိန်း ၆ သောင်းကျော် ထိုင်းခေါ်မည်

    မြန်မာလုပ်သား ၁ သိန်း ၆ သောင်းကျော် ထိုင်းခေါ်မည်

    ဇွန် ၅၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလုပ်သား ၁ သိန်း ၆ သောင်းကျော်လောက်ကို ထိုင်းနိုင်ငံက ခေါ်ယူဖို့ ရှိနေပါတယ်။ 

    ထိုင်းအလုပ်သမား၀န်ကြီးဌာနဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က အလုပ်သမားတွေ ခေါ်ယူဖို့အတွက် နားလည်မှု စာချွန်လွှာကိုက် မကြာသေးခင်ကပဲ လက်မှတ်ရေးထိုးထားပါတယ်။ 

    ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီး ၂၄ နာရီအတွင်း အမြန်ကိုဗစ်စစ်ဆေးမှု အောင်မြင်တဲ့သူတွေဟာ ကွာရန်တင်းမလိုဘဲ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

    စုစုပေါင်း ၂ သိန်းကျော်ကို ထိုင်းဖက်က ခေါ်မှာဖြစ်ပြီး မြန်မာက ၁၆၅၃၇၆ နဲ့ အများဆုံးပါ။ ကမ္ဘောဒီးယားက ၅၂၄၂၈၊ လာအိုက ၁၈၂၀၈ ဦးတို့ ဖြစ်ပါတယ်။ 

    ကိုဗစ်အပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တဲ့အချိန် အလုပ်သမား ရှားပါးမှုပြဿနာ ပြေလည်စေရးအတွက် ကွာရန်တင်းမလိုတဲ့ အခုအစီအစဥ်က အကူအညီ ဖြစ်စေလိမ့်မယ်လို့ ထိုင်း အလုပ်သမားရေးရာ၀န်ကြီး လူချာ့တ်က ပြောပါတယ်။ 

    နယ်စပ်ကနေ နေ့စဥ် ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေကိုလည်း ကာကွယ်ဆေး ထိုးထားရင် ကွာရန်တင်းမလိုဘဲ ၀င်နိုင်အောင် ထိုင်းနိုင်ငံက စီစဥ်ပေးထားပါတယ်။

    Ref: New Straits Times 

  • နိုင်ငံခြားမှ ပထမဆုံး ဟဂျ်ဘုရားဖူးအဖွဲ့ ဆော်ဒီသို့ ရောက်ရှိ

    နိုင်ငံခြားမှ ပထမဆုံး ဟဂျ်ဘုရားဖူးအဖွဲ့ ဆော်ဒီသို့ ရောက်ရှိ

    ဇွန် ၅၊ ၂၀၂၂
    M-Media

    -အင်ဒိုနီးရှားနိုင်ငံက ဟဂျ်ဘုရားဖူးအဖွဲ့ဟာ မနေ့က ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပြီး ၂ နှစ်အတွင်း နိုင်ငံခြားက ဘုရားဖူးအဖွဲ့ ပထမဆုံး ရောက်ရှိတာ ဖြစ်ပါတယ်။

    အခုနှစ် ဟဂျ်ဘုရားဖူးကာလမှာ နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပ စုစုပေါင်း လူ ၁ သန်းလောက်ကို ဟဂျ်ပြုခွင့်ပေးမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာထားပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံအတွင်းကလူ ၆ သောင်း၊ ၂၀၂၀ ခုနှစ်က ၁၀၀၀ လောက်သာ ဆော်ဒီအစိုးရက ဟဂျ်ပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

    ဟဂျ်ရေးရာ၀န်ကြီး မိုဟာမက် အလ်-ဘီဂျာ၀ီက မလေးရှားနဲ့ အိန္ဒိယတို့ကအဖွဲ့တွေ ထပ်ရောက်ဖို့ရှိနေပြီး နိုင်ငံခြား ဟဂျ်ခရီးသွားတွေကို နေရာချထားပေးနိုင်ရေး အပြည့်အ၀ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ ဧည့်သည်တော်တွေကို လက်ခံကြိုဆိုရတဲ့အတွက် ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်လောက် ပိတ်ထားခဲ့ရတာပါ”

    ကိုဗစ်မဖြစ်ခင်က နှစ်စဥ်ဟဂျ်ကာလမှာ ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာ၀င် ၂.၅ သန်းလောက် ဆော်ဒီအာရေဗျကို ဟဂျ်ဘုရားဖူး လာလေ့ ရှိပါတယ်။

    ၂၀၁၉ ခုနှစ်မှာ ကိုဗစ်ကြောင့် ပိတ်လိုက်ရပြီး ၂၀၂၀၊ ၂၀၂၁ ခုနှစ်မှာတော့ ပြည်တွင်းကလူတွေကို အကန့်အသတ်နဲ့ ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။

    အခုနှစ် ဟဂျ်ရာသီမှာတော့ အသက် ၆၅ နှစ်အောက် ကာကွယ်ဆေးထိုးပြီးသူတွေကိုသာ ဟဂျ်ပြုခွင့်ပေးတာ ဖြစ်ပါတယ်။

    Ref: Aljazeera