News @ M-Media

Blog

  • IS အကြမ်းဖက်အဖွဲ့က ကုရ်အာန်ကျမ်းစာတွင် ဗုံးများထည့်ကာ တိုက်ခိုက်

    IS အကြမ်းဖက်အဖွဲ့က ကုရ်အာန်ကျမ်းစာတွင် ဗုံးများထည့်ကာ တိုက်ခိုက်

    ဇွန် ၁၁၊ ၂၀၁၆
    M-Media

    quran

    – ဖာလူဂျာမြို့ ပြန်လည်ရရှိရေး အီရတ်စစ်တဲ့ရဲ့ ထိုးစစ်ဆင်မှုကို ချည့်နဲ့သွားစေဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုတွေမှာ IS အကြမ်းဖက်အဖွဲ့ဟာ ကုရ်အာန်ကျမ်းတော်မြတ်တွေအတွင်း ဗုံးတွေထည့်ထားပြီး တိုက်ခိုက်ဖို့ ကြံစည်မှုတွေလည်း ပါဝင်တယ်လို့ အီရတ် နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင် အလ်-ဂျာဖာရီက ပြောကြားလိုက်ပါတယ်။

    al-Ghad al-Arabi ရုပ်သံနဲ့ အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၀န်ကြီးက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဒီလိုလုပ်ရပ်ဟာ ကျမ်းတော်မြတ်ကို မလေးမစားပြုမူတာဖြစ်ကာ အစ္စလာမ်ရဲ့ သင်ကြားမှုနဲ့လည်း ဆန့်ကျင်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒီလိုယုတ်မာတဲ့ အပြုအမူတွေဟာ အကြမ်းဖက်သမားတွေဆီက မြို့ကိုပြန်လည်ရယူဖို့အတွက် အင်အားတိုးမြှင့်ပြီး တိုက်ခိုက်ဖို့ အီရတ်စစ်သားတွေကို ပိုလို့တောင် တွန်းအားပေးရာရောက်ပါတယ်” လို့ ဂျာဖာရီက ဆိုပါတယ်။

    ဒီနှစ်အစောပိုင်းကလည်း အမေရိကန်စစ်တပ်ဗိုလ်မှူး စတီဗ်ဝါရင်က အကြမ်းဖက်သမားတွေအနေနဲ့ ရာမာဒီမြို့မှာတုန်းကလည်း ဒီလို ကုရ်အာန်ကျမ်းတော်မြတ်ထဲ ဗုံးတွေထည့် တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလူတွေ တော်တော်ဆိုးပါတယ်၊ ရေခဲသေတ္တာတွေထဲမှာ ဗုံးတွေချန်ထားခဲ့မယ်။ ကုရ်အာန်ကျမ်းစာတွေထဲ ဗုံးတွေ ထည့်ထားမယ်၊ ဒါမျိုးတွေကို ရာမာဒီမှာတုန်းက အမြောက်အများ တွေ့ခဲ့ပြီးပါပြီ”

    Ref: Presstv

  • ယူရိုပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံမှာ အဆင်သင့်ဖြစ်နေပြီဟု ဖယ်လိုင်နီပြော

    ယူရိုပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံမှာ အဆင်သင့်ဖြစ်နေပြီဟု ဖယ်လိုင်နီပြော

    ဇွန် ၁၀၊ ၂၀၁၆
    M-Media

    belgium

    – ပါရမီရှိ ကစားသမားကောင်းများ ရှိနေသည့် မိမိတို့ ဘယ်လ်ဂျီယံအသင်းမှာ ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး မိမိတို့အပေါ် ရှိနေသည့် ဖိအားကိုလည်း ကိုင်တွယ်သွားနိုင်မည်ဟု ကွင်းလယ်လူ ဖယ်လိုင်နီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်များအတွင်း ခြေစွမ်းကောင်းများပြသကာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်တွင် နေရာရလာခဲ့သည့် ဘယ်လ်ဂျီယံအသင်းမှာ အီတလီ၊ အိုင်ယာလန်၊ ဆွီဒင်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ရှုံးထွက်အဆင့်တက်ရောက်ရေး ရုန်းကန်ရဖွယ်ရှိနေသည်။

    ဖယ်လိုင်နီကမူ မိမိတို့အသင်းမှာ ဖိအားများကို ရင်ဆိုင်နိုင်မည်ဟု ဆိုသည်။

    “ကျွန်တော်တို့က ဘယ်လ်ဂျီယံအသင်းပါ။ ဖိအားတွေကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိတယ်။ ပါရမီရှိသူတွေရှိတယ်။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ထင်ပါတယ်။ ဖိအားတွေကို ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်” ဟု ဖယ်လိုင်နီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ နိုင်ငံကိုယ်စားပြုခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ တတ်နိုင်သမျှအားလုံး ပေးဆပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာဖရိကနိုင်ငံတစ်ခုတွင် ကာတာက ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် ထောက်ပံ့ကူညီမှု ပြုလုပ်

    အာဖရိကနိုင်ငံတစ်ခုတွင် ကာတာက ရမ်ဇာန်ဥပုသ်လအထိမ်းအမှတ် ထောက်ပံ့ကူညီမှု ပြုလုပ်

    ဇွန် ၁၀၊ ၂၀၁၆
    M-Media

    – အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဒီဘောက်တီမှာရှိတဲ့ ကာတာပရဟိအသင်း (QC) ရုံးက မိမိတို့အနေနဲ့ အစ်ဖ်သာရ် အလှူဒါနအစီအစဉ်တစ်ခုကို အခုတစ်ပတ်အတွင်း စတင်လိုက်ပြီး ဒီဘောက်တီနိုင်ငံတစ်ဝှမ်းက ချို့တဲ့တဲ့မိသားစုတွေကို အစားအသောက်တွေ ဝေငှပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    QC ရုံးဒါရိုက်တာ မိုဟာမက် အလ်ဝေ့စ်က အခုအချိန်အထိ ချို့တဲ့တဲ့မိသားစုတွေအတွက် အစားအသောက်ခြင်းပေါင်း ၁၆၀၀ ၀န်းကျင်လောက်ကို ဝေငှခဲ့ပြီး၊ အဲဒီခြင်းတွေထဲမှာ ဆန်အိတ်၊ သကြားအိတ်၊ ဂျုံအိတ်တွေနဲ့ ဟင်းချက်ဆီ၊ စွံပလွံသီး၊ မြေပဲ၊ ပဲ၊ ခရမ်းချဉ်သီးအနှစ်နဲ့ အခြား စားသောက်ကုန်တွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာတာပရဟိတအသင်းဟာ ဒီလိုအစားအသောက်တွေ ဝေငှလှူဒါန်းတာအပြင် လူ ၁၀၀၀ အတွက် အစ်ဖ်သာရ် ၀ါဖြေပွဲ ပြုလုပ်ဖို့လည်း အစီအစဉ် ရှိနေပါတယ်။

    အလ်ဝေ့စ်ကတော့ ဒါဟာ ဒီဘောက်တီမှာရှိနေတဲ့ ယီမင်ဒုက္ခသည်တွေနဲ့ ဒီဘောက်တီပြည်သူတွေအတွက် အစိုးရရဲ့ အားထုတ်ကူညီများကို မိမိတို့က တစ်တပ်တစ်အား ကူညီပေးခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဘောက်တီက QC ရုံးကို အခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    Ref: IINA

  • အမေရိကန် သမ္မတသစ်အဖြစ် ဟီလာရင်ကလင်တန်ကို အိုဘားမား ထောက်ခံ

    အမေရိကန် သမ္မတသစ်အဖြစ် ဟီလာရင်ကလင်တန်ကို အိုဘားမား ထောက်ခံ

    ဇွန် ၁၀၊ ၂၀၁၆
    M-Media

    us 3

    – လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည့် ဟီလာရီ ကလင်တန်အား သမ္မတအိုဘားမားက ၎င်းကို ဆက်ခံမည့် သမ္မတအဖြစ် ထောက်ခံခဲ့ပြီး သမ္မတနေရာအတွက် သူမထက်ပို၍ အရည်အချင်းပြည့်မီသူ မရှိဟု ပြောကြားလိုက်သည်။

    “ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု  အမေရိကန်ပြည်ထောင်စု သမ္မတလောင်းအဖြစ် သမိုင်းဝင်တဲ့ ရွေးချယ်ခံရမှုအတွက် ဟီလာရီကလင်တန်ကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်က သူ့ဘက်ကပါ။ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေပါပြီ။ ဟီလာရီအတွက် သွားပြီး မဲဆွယ်ပေးဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အိမ်ဖြူတော်မှာ ရုံးထိုင်ဖို့ သူ့လို့ အရည်အချင်းပြည့်မီတဲ့လူ နောက်ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကလင်တန်၏ YouTube စာမျက်နှာတွင် လွှင့်ထားသည့် ဗီဒီယို၌ အိုဘားမားက ပြောကြားခဲ့သည်။

    ဟီလာရီကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ကမူ အိုဘားမားနှင့် ဟီလာရင်ကလင်တန်တို့၏ ပူးတွဲမဲဆွယ်မှုကို ၀စ်ကွန်စင်ပြည်နယ် ဂရင်းဘေးမြို့တွင် လာမည့် ဗုဒ္ဓဟူးနေ့၌ ပြုလုပ်သွားမည်ဟု ကြေငြာခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ထရမ့်အား ပြင်းပြင်းထန်ထန် ဝေဖန်ဖူးသူ အိုဘားမားမှာ ဟီလာရီ၏ ပါတီတွင်းပြိုင်ဘက်ဖြစ်ပြီး ရှုံးနိမ့်သွားခဲ့သူ ဆန်းဒါးရ်စ်နှင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့သည်။ ဆန်းဒါးရ်စ်ကမူ မိမိအနေဖြင့် ကလင်တန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ယူရိုတွင် ပေါ်တူဂီ အောင်မြင်မည်မဟုတ်ဟု ပီလီပြော

    ယူရိုတွင် ပေါ်တူဂီ အောင်မြင်မည်မဟုတ်ဟု ပီလီပြော

    ဇွန် ၁၀၊ ၂၀၁၆
    M-Media

    rnd

    – နိုင်ငံတကာပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ရော်နယ်ဒို၏ ဆန္ဒမှာ ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ပြည့်မည်မဟုတ်ဟု ဘရာဇီးလ် ဂန္တ၀င်ဘောလုံးသမား ပီလီက ပြောကြားလိုက်သည်။

    ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ယနေ့ညတွင် စတင်မည်ဖြစ်ပြီး အိမ်ရှင် ပြင်သစ်၊ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီနှင့် ယူရို ၂ ကြိမ်ဆက်ချန်ပီယံ စပိန်တို့က ဗိုလ်စွဲရန် ရေပန်းစားနေသည်။ ရော်နယ်ဒိုဦးဆောင်သည့် ပေါ်တူဂီကမူ အုပ်စု F တွင် သြစတြီးယား၊ ဟန်ဂေရီ၊ အိုက်စလန်တို့နှင့် ကျရောက်နေပြီး နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

    ကလပ်အသင်းကစားသမားဘ၀တွင် အောင်မြင်မှု သရဖူ အလီလီဆောင်းနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ နိုင်ငံအသင်းနှင့် အောင်ပွဲရရန် မျှော်လင့်နေပြီး ပီလီကမူ အခြားသောအသင်းများ၏ တောင့်တင်းမှုကြောင့် ထိုမျှော်လင့်ချက် ပြည့်ဝမည်မဟုတ်ဟု ဆိုသည်။

    “နောက်ဆုံးပင်နယ်တီကိုကန်ပြီး ရီးယဲလ်အတွက် ရော်နယ်ဒို ချန်ပီယံလိဂ် ယူပေးခဲ့တာ တစ်ကဏ္ဍပါ။ ယူရိုမှာ ပေါ်တူဂီထက် ပိုတောင့်တင်းတဲ့အသင်းတွေ တော်တော်များများ ရှိနေပါတယ်။ ဂျာမနီဟာ ရေပန်းအစားဆုံးဖြစ်နေပြီး စပိန်၊ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်တို့ကလည်း ရေးပန်းစားနေပါတယ်။ နယ်သာလန် ခြေစစ်ပွဲမအောင်တာ စိတ်မကောင်းစရာပါပဲ။ သူတို့သာပါရင် ယူရိုပြိုင်ပွဲက ဘယ်လောက်အကြိတ်အနယ်ရှိတယ်ဆိုတာကို မြင်ရမှာပါ။ ဘယ်ဂျီယံနဲ့ ပေါ်တူဂီတို့ကတော့ စောင့်ကြည့်ရမယ့် အသင်းတွေပါပဲ” ဟု ပီလီက ပြောကြားခဲ့သည်။

    Ref: Goal