ဇွန် ၁၁၊ ၂၀၁၆
M-Media
– ၂၀၁၄ ခုနှစ်က နယူးဒေလီမှာ ဒိန်းမတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိန်းပြုကျင့်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၅ ဦးကို အိန္ဒိယက ယမန်နေ့မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၂၀ ပတ်ဝန်းကျင်သာရှိသေးတဲ့ အဲဒီလူငယ် ၅ ဦးဟာ နယူးဒေလီဘူတာကြီးအနီး လူပြတ်ရာနေရာတစ်ခုမှာ အသက် ၅၂ နှစ်အရွယ် ဒိန်းမတ်နိုင်ငံသူတစ်ဦးကို ဓားပြတိုက်၊ မုဒိမ်းကျင့်ခဲ့တာဖြစ်ပြီး ဒေလီတရားရုံးက တနင်္လာနေ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် အိန္ဒိယမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေနဲ့ပက်သက်တဲ့ စိုးရိမ်မှုတွေ တစ်ဖန်မြင့်တက်လာစေခဲ့ပါတယ်။
“ကျူးလွန်တဲ့ ၅ ယောက်စလုံးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ပါပြီ” လို့ အစိုးရရှေ့နေတစ်ဦးဖြစ်သူ အတူးလ် ရှရီဗက်စ်တာဗာ က ပြောကြားခဲ့ပါတယ်။
အဲဒီ အမျိုးသမီးဟာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်ညနေက ဒေလီမြို့ ကမ္ဘာလှည့်ခရီးသည်များ အများစုရှိတဲ့နေရာဖြစ်တဲ့ ပဟာဂန့်ဂ်ျရပ်ကွက်နားက လမ်းတစ်ခုကို ဖြတ်လျှောက်သွားစဉ် သူမတည်းခိုးမယ့် ဟိုတယ်လိပ်စာမေးရာမှ ယောင်္ကျားလေး တစ်အုပ်က ရထားလမ်းတစ်ခုနားသို့ ခေါ်ဆောင်သွားကာ ဓားထောက်ပစ္စည်းလု မုဒိန်းကျင့်ခံခဲ့တာဖြစ်ပါတယ်။
အိန္ဒိယမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ နယူးဒေလီမြို့ ဘတ်စ်ကားတစ်ခုအတွင်း ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရပြီးနောက်ပိုင်းမှာ ပြည်သူတွေက ရဲတပ်ဖွဲ့အနေနဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့၊ အဓမ္မပြုကျင့်သူတွေကို ပြင်းထန်တဲ့ အပြစ်ဒဏ်တွေပေးဖို့ အစိုးရကို တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပါတယ်။
Source: Reuters


Leave a Reply
You must be logged in to post a comment.