News @ M-Media

Blog

  • ယခုနှစ်အတွင်း ရေနစ်သေဆုံးသည့် ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော်လာ

    ယခုနှစ်အတွင်း ရေနစ်သေဆုံးသည့် ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော်လာ

    ဇွန် ၂၊ ၂၀၁၆
    M-Media

    boat

    – ဒီနှစ်ထဲမှာ ဥရောပကို ကူးလာတဲ့ အန္တရာယ်များတဲ့ခရီးစဉ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၅၁၀ ခန့် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောလိုက်ပြီး နောက်ထပ် လူတော်တော်များများကလည်း ဒီလိုအခြေအနေမျိုး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် ပထမငါးလအတွင်းမှာ ရေနစ်သေဆုံးတဲ့ ဒုက္ခသည်ပေါင်း ၁၈၅၅ ဦးခန့်ရှိခဲ့ပြီး ဒီနှစ်မှာတော့ အဲ့ဒီပမာဏထက် ၂၅ ရာခိုင်နှုန်း ပိုများလာတာဖြစ်ပါတယ်။

    “ဒီကိန်းဂဏန်းတွေက ကြောက်မက်ဖွယ်ရာဖြစ်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။ ပြီးတော့ ဒါဟာ မြေထဲပင်လယ်ထဲက ရွှေ့ပြောင်းဒုက္ခသည်ကိစ္စတွေကို ဖြေရှင်းရေး အစိတ်အပိုင်းအဖြစ် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အရေးကြီးနေပြီဆိုတာကိုလည်း မီးမောင်းထိုးပြနေပါတယ်” လို့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက ပြောပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်ဟာ ဥရောပကို ခိုလှုံဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေ သေဆုံးမှုအများဆုံး သီတင်းပတ် ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း ဒီလိုအချက်အလက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် သေဆုံးရသူ ပါလက်စတိုင်း ကလေးငယ်အရေအတွက် ၂၁၀၀ ခန့် ရှိနေ

    အစ္စရေးလက်ချက်ကြောင့် သေဆုံးရသူ ပါလက်စတိုင်း ကလေးငယ်အရေအတွက် ၂၁၀၀ ခန့် ရှိနေ

    ဇွန် ၂၊ ၂၀၁၆
    M-Media

    israel 3

    – ၂၀၀၀ ခုနှစ်ကစပြီး အစ္စရေးစစ်တပ်တွေရဲ့ လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ပါလက်စတိုင်းကလေးငယ်ပေါင်း ၂၁၀၀ နီးပါးရှိပြီလို့ ပါလက်စတိုင်းက တရားဝင်ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းပြန်ကြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ဖော်ပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းကလေးငယ်ပေါင်း ၁၃၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျကတော့ ၂၀၇၉ ယောက် ဖြစ်ပါတယ်။

    ဒါ့အပြင် ပါလက်စတိုင်းကလေးငယ် ၁၂၀၀၀ ၀န်းကျင်ခန့်ကိုလည်း အစ္စရေးက ဖမ်းဆီးထားပြီး လက်ရှိအစ္စရေးအကျဉ်းထောင်တွေမှာ အယောက် ၄၂၀ လောက်ကို အကျဉ်းချထားတယ်လို့လည်း ပါလက်စတိုင်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

    အရှေ့ဂျေရုစလင်မှာပြုလုပ်တဲ့ အစ္စရေးရဲ့ ကျူးကျော်ဝင်ရောက်မှုအတွင်းမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအရပ်သား အရေအတွက်ကတော့ ၂ ဒါဇင်ကျော်လောက် ရှိနေပါတယ်။

    Ref; Presstv

  • အာဖဂန်တွင် ၄ နှစ်အတွင်း အိုးအိမ်စွန့်ခွာရသူ ၂ ဆတိုးလာ

    အာဖဂန်တွင် ၄ နှစ်အတွင်း အိုးအိမ်စွန့်ခွာရသူ ၂ ဆတိုးလာ

    ဇွန် ၂၊ ၂၀၁၆
    M-Media

    afghan

    – အာဖဂန်နစ္စတန်မှာ စစ်ဘေးစစ်ဒဏ်တွေကြောင့် နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ အရေအတွက်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ၂ ဆ တိုးလာခဲ့ပြီး ၁.၂ သန်းအထိ ရှိလာခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ပြောကြားလိုက်ပြီး အဲဒီဒုက္ခသည်တွေကို အစိုးရကိုယ်တိုင်က လျစ်လျူရှုထားတဲ့အပြင် နိုင်ငံတကာက စိတ်ဝင်စားမှုလည်း ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

    My children will die this winter: Afghanistan’s broken promise to the displaced ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလိုဖော်ပြလိုက်တာဖြစ်ပြီး အခြေခံဝန်ဆောင်မှုတွေ မပေးနိုင်မှုကြောင့် သူတို့တွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာဖြစ်ပြီး အသက်ရှင်ရပ်တည်ရေး အာမ, မခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    “အာဖဂန်နစ္စတန်ကို နိုင်ငံတကာက လှည့်မကြည့်တော့တဲ့နောက်ပိုင်း ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ ကျန်နေတဲ့သူတွေရဲ့ အခက်အခဲတွေကို မေ့လျော့နေမှုဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပါပြီ” လို့ Amnesty International အဖွဲ့ရဲ့ တောင်အာရှဒါရိုက်တာတစ်ဦးဖြစ်သူ ချမ်ပါ ပတေးလ်က ပြောကြားခဲ့ပါတယ်။

    “ကိုယ့်အိမ်ကနေ ဘေးကင်းရာကို ထွက်ပြေးပုန်းရှောင်ပြီးတဲ့နောက်မှာတောင် ကိုယ့်တိုင်းပြည်ထဲမှာတင် အင်မတန်ဆိုးရွားတဲ့အခြေအနေတွေနဲ့ ကြောင့်ကြနေရတဲ့ အာဖဂန်ပြည်သူတွေရဲ့ အရေအတွက်ဟာ တဖြည်းဖြည်းများပြားလာပြီး ကမ်းမမြင်လမ်းမမြင်ဘ၀နဲ့ အသက်ရှင်နိုင်ဖို့အရေး ရုန်းကန်နေရပါတယ်”

    အစီရင်ခံစာ အဆုံးပိုင်းမှာတော့ နိုင်ငံအတွင်းက စစ်ဘေးရှောင်တွေရဲ့ အကြပ်အတည်းတွေကို သိပ်မနောက်ကျသွားခင်မှာ အဆုံးသတ်ပေးဖို့ အာဖဂန်နစ္စတန်နဲ့ ကမ္ဘာကြီးက အခုချက်ချင်း ဆောင်ရွက်ပေးရမယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    Ref: Channel News Asia

  • ဇီကာတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ မလုံလောက်ဖြစ်နေဟု WHO ပြော

    ဇီကာတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ မလုံလောက်ဖြစ်နေဟု WHO ပြော

    ဇွန် ၂၊ ၂၀၁၆
    M-Media

    zika 2

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ဇီကာဗိုင်းရပ်စ်ပျံ့ပွားမှုကို တုန့်ပြန်ဖို့အတွက် အမှန်တကယ်လိုအပ်တဲ့ ငွေကြေးရဲ့ ၁၃ ရာခိုင်နှုန်းသာ မိမိတို့ လက်ခံရရှိထားတယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာလိုက်ပါတယ်။

    ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် WHO အပါအ၀င် အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း ဒေါ်လာ ၅၆ သန်းကျော် တောင်းဆိုထားကြတာဖြစ်ပေမယ့် ထောက်ပံ့မယ်လို့ အတည်ပြုထားတာကတော့ ၁၇.၇ သန်းသာရှိနေသေးကာ အဲဒီအထဲမှာမှ ၂.၃ သန်းသာ ရရှိတာ ဖြစ်ပါတယ်။

    WHO ကတော့ ဒါဟာ တော်တော်လေးကို နည်းနေတာကြောင့် ငွေကြေးသုံးစွဲမယ့် အစီအစဉ်ကို ပြန်လည်အသစ်ရေးဆွဲပြီး လိုအပ်ချက်အရှိဆုံးနေရာတွေမှာသာ အလှူငွေတွေကို ကန့်သတ်သုံးစွဲသွားဖို့ ဦးစားပေးအစီအစဉ် ချမှတ်ခဲ့ပါတယ်။

    အဆိုပါဗိုင်းရပ်စ်ကို လေ့လာဖို့၊ ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် နည်းလမ်းရှာဖို့၊ ဆေးဝါးတွေထုတ်လုပ်ဖို့ စတဲ့ စီမံကိန်းတွေအတွက် WHO က နိုင်ငံတကာမှာ သိပ္ပံနည်းကျ သုတေသနတွေ ပူးပေါင်းလုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။

    Ref: IINA

  • မဘသ ဆရာတော်များ ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်

    မဘသ ဆရာတော်များ ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်

    မဘသ ဆရာတော်များ၏ ရန်ကုန်မြို့အနီးရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ လူငယ် တစ်ရာကျော် တက်ရောက်ပညာသင်ယူနေကြသည်
    13346800_1539332143041683_6242134261535823523_n
    ထက်ခေါင်လင်း

    ရန်ကုန် (Myanmar Now) – ကိုယ်ပိုင်အထက်တန်းကျောင်း လုပ်ငန်းကို စီးပွားရေးသမားများကသာ လုပ်ကိုင်နေကြသော်လည်း ရန်ကုန်တွင် ယခုနောက်ဆုံး ပေါ်ပေါက်လာသည့် ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုကို တည်ထောင်သူတို့မှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(မဘသ) မှ ဦးဆောင် ဆရာတော်များ ဖြစ်သည်။

    ရန်ကုန်မြို့လယ်မှ ကားဖြင့်သွားလျှင် ၃ နာရီကျော်မျှ ကြာမည့်  လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးရေးခြံများ ပတ်လည်ဝိုင်းနေသည့်  ၅ ဧကကျယ်မြေနေရာတွင်  တည်ဆောက်ထားသော ထိုကျောင်းတွင်  ၅ ထပ် အဆောက်အဦကြီးတစ်ခု ရှိပြီး မကြာမီ တိုးချဲ့အဆောက်အဦ ၂ လုံး ပေါ်လာဦးမည်ဟု သိရသည်။

    မဟော်သဓာ ဟု အမည်ပေးထားသော ထိုအထက်တန်းကျောင်းတွင် ယခုနှစ် ဝင်ခွင့်အောင်မြင်သူ ၈ တန်း ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦး ရှိကြောင်း၊ လာမည့်နှစ်များတွင် ၉ တန်း၊ ၁ဝ တန်းတို့ကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

    တခြားသော ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် နှစ်စဉ်ကြေး ၈ သိန်း ဝန်းကျင် ကုန်ကျမည် ဖြစ်သော်လည်း မဟော်သဓာတွင်မူ ပညာသင်ကြားရေး၊ နေရေး၊ စားရေး၊ ကျန်းမာရေးမှာ  အခမဲ့ဖြစ်သည်။

    “ပညာရေးမှာ တစ်ခုခုလုပ်မယ်ဆိုတာ အရင်ကတည်းက စိတ်ကူးပြီးသား၊ အခုမှ အကောင်အထည်ဖော်ရတာ” ဟု  ကျောင်းတည်ထောင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည့် ဆရာတော် တစ်ပါးဖြစ်သူ အရှင်ပညာဝရက မိန့်ကြားသည်။

    “ဒီအထဲက ထူးချွန်တဲ့ကျောင်းသားတွေကို ဘွဲ့တစ်ခုခုရဖို့ အထိ ထောက်ပံ့ပေးဖို့လည်း စိတ်ကူးထားတယ်”

    ကျောင်းမြေနေရာကို မဟာမြိုင်စိုက်ပျိုးရေး ကုမ္ပဏီက လှူဒါန်းပြီး၊ ကျောင်းအဆောက်အဦကို မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော  အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက လှူဒါန်းကြောင်း သိရသည်။
    13321701_1539332129708351_367099475192576621_n
    မဟော်သဓာ
    ——————-
    တစ်နိုင်ငံလုံးမှ စာသင်ကျောင်းများ ယခုနှစ်စာသင်နှစ်အတွက် ပြန်လည် အသက်ဝင်လာသည့် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မဟော်သဓာ အထက်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများလည်း  အစပြုလိုက်သည်။
    ကျောင်းသူကျောင်းသားများ နံနက် ၇ နာရီတွင် ဘုရားရှိခိုးပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ နံနက် ၉ နာရီတွင်  နိုင်ငံတော်အလံ အလေးပြု၊ နိုင်ငံတော်သီချင်း သီဆိုကြကြောင်း ကျောင်း၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
    အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းအမည်မှာ     ဇာတ်နိပါတ်များတွင် ပါရှိသော ဘုရားလောင်း ပညာရှိသုခမိန်၏အမည်ကို ယူထားခြင်း  ဖြစ်သည်။

    မဟော်သဓာသို့ ရောက်လာသော ဒေသအသီးသီးမှ လူငယ်များသည်   နိုင်ငံကိုအကျိုးပြုမည့်သူ၊ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ခေါင်းဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း ကျောင်းတည်ထောင်သူ ဆရာတော် အရှင်ပညာဝရက မိန့်ကြားသည်။
    2)
    လူငယ်များကို အကျင့်စာရိတ္တကောင်းမွန်၊ ဘာသာတရား ရိုသေကိုင်းရှိုင်း၊ ယဉ်ကျေး လိမ္မာသူများ ဖြစ်လာကြစေရေး အတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်ဟု  ဆရာတော်က ဆက်ပြီး မိန့်ကြားသည်။

    အစိုးရအထက်တန်းကျောင်း ပြဋ္ဌာန်းချက်များအတိုင်း ပို့ချမည်ဖြစ်သော်လည်း ဘာသာရေးနှင့် စာပေဆိုင်ရာ အသိအမြင် မြင့်မားလာစေရေးအတွက် လုပ်ဆောင်ရန်လည်း စဉ်းစားထားကြောင်း ကျောင်းတည်ထောင်ရေးတွင် ပါဝင်ဆောင်ရွက်နေသော  မဘသအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ဒေါက်တာ အရှင်သောပါက ထံမှ သိရသည်။

    “သူများဘာသာတွေနဲ့ ပတ်သက်လို့တော့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ဘာသာအကြောင်းကိုပဲ အလျဉ်းသင့်သလို ပြောဆိုဟောကြားမှာ၊ လေ့ကျင့်ပေးမှာ” ဟု ဆရာတော်က မိန့်သည်။

    ကြီးကြပ်အုပ်ချုပ်ရေး၊ သင်ကြားရေးတို့အတွက်   ဆရာ၊ ဆရာမ ၈ ဦး တာဝန်ပေးထားကြောင်း၊   အားကစား၊  စိုက်ပျိုးရေး၊  ကွန်ပျူတာတို့ကိုလည်း အလျဉ်းသင့်သလို သင်ကြားပေးမည်ဖြစ်ကြောင်း ၆၅ နှစ်အရွယ်  ကျောင်းအုပ်ကြီး ဦးလှထွန်းက ပြောသည်။

    “ကျောင်းက မဘသ ဆရာတော်တွေ တည်ထောင်တယ်ဆိုပေမဲ့ သင်ကြားရေးနဲ့ စီမံခန့်ခွဲမှုက ကျွန်တော်တို့မူဝါဒအတိုင်းပဲ လုပ်မှာပါ။ ဓမ္မကျောင်းတွေလို ဘာသာရေးအတွက် သင်ကြားမှာလည်း မဟုတ်ဘူး” ဟု  ပညာရေးဌာန ဒုညွှန်ကြားရေးမှူးဟောင်း   ဦးလှထွန်းက ပြောသည်။

    “ကျွန်တော့်အနေနဲ့ နိုင်ငံရေးလည်းမသိဘူး။ အမျိုးသားရေးလည်း နားမလည်ဘူး။ ကျွန်တော်သိတာက ကျွန်တော့်ကျောင်းသားကျောင်းသူတွေ ထူးချွန်ထက်မြက်ရေးပဲ”

    အုပ်ထိန်းသူတို့၏အသံ
    ————————
    မဘသအဖွဲ့သည် မကြာသေးခင်က ပေါ်ပေါက်ခဲ့သော အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများ ပေါ်ပေါက်လာရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်သည်။ မဘသ ဆရာတော်တချို့က ပြည်သူအများအပြား ထောက်ခံသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ဆန့်ကျင်သည့် အရိပ်အယောင် ပြခဲ့သော်လည်း ထိုပါတီ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို သတိဖြင့် ကြိုဆိုခဲ့ကြသည်။

    မဟော်သဓာတွင် ကျောင်းတက်ခွင့်ရသူတချို့၏ မိဘများကမူ မဘသဆရာတော်များ  တည်ထောင်သည့် ထိုကျောင်းတွင် ကလေးများ   အကျင့်စာရိတ္တ ကောင်းမွန်ပြီး လိမ္မာယဉ်ကျေးသူများ ဖြစ်လာရေးအတွက်  စိတ်ချရမည်ဟု  ပြောကြသည်။

    “ကျွန်မကလေးကိုလည်း ဘဝရှေ့ရေးရော၊ အမျိုးဘာသာ သာသနာကိုရော အလေးထားစေချင်တယ်” ဟု  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိန်ဂုံးရွာမှ ၄၆ နှစ်အရွယ် ဒေါ်ခင်ဌေးကြည်က ပြောသည်။

    သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူ မောင်သုထက်ဦးသည် “သာသနာကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်တတ်တဲ့သူ”  ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

    မွန်ပြည်နယ်၊ သိပ်ဇရပ်မှ ၂၅ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာမ ဒေါ်ချိုသာခိုင်က မဟော်သဓာရောက် ကလေးများသည် ဘာသာရေးအသိ ပိုကြွယ်ဝလာလိမ့်မည်ဟု  မျှော်လင့်နေသည်။

    ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်သွားသော တူဖြစ်သူကို အိမ်တွင် ဘာသာရေးအပါအဝင် သွန်သင် ဆုံးမစရာရှိသည်များကို သင်ကြားပေးခဲ့သည်ဟု သူက ဆိုသည်။

    “အမျိုးချစ်စိတ်က ဘုန်းဘုန်းတွေ သင်ပေးတာက ပိုကောင်းတယ်လေ၊ ငယ်စဉ်ကတည်းက သင်ပေးဖို့လိုတယ်” ဟု ဒေါ်ချိုသာခိုင်က ပြောသည်။ ။