News @ M-Media

Blog

  • အနာဂတ်အတွက် ဆုံးဖြတ်ပြီးဖြစ်သည်ဟု အီဗရာဟီမိုဗစ်ပြော

    အနာဂတ်အတွက် ဆုံးဖြတ်ပြီးဖြစ်သည်ဟု အီဗရာဟီမိုဗစ်ပြော

    မေ ၂၆၊ ၂၀၁၆
    M-Media

    man u 2

    – မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေသည့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်က မိမိအနေဖြင့် အနာဂတ်အတွက် ဆုံးဖြတ်ချက် ချထားပြီး၊ မည်သည့်အသင်းတွင် ကစားမည်ဆိုသည်ကို ရွေးချယ်ပြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းနှင့် သက်တမ်းကုန်းဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ခေါ်ယူမည့်အသင်းအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် မန်ယူမှာ အီဗရာဟီမိုဗစ်အား ငွေကြေးအမြောက်အမြားဖြင့် ခေါ်ယူမည်ဟု သတင်းထွက်နေသည်။

    ၎င်းကမူ မိမိအနေဖြင့် နောက်ထပ်ကစားရမည်အသင်းကို သိရှိထားသည်ဟု ပြောကြားခဲ့သော်လည်း မည်သည့်အသင်းဟု မထုတ်ဖေါ်ခဲ့ပေ။

    “အနာဂတ်အတွက် ရေးပြီးသားပါ။ ကျွန်တော် ရွေးချယ်မှု ပြုလုပ်ပြီးပါပြီ။ ယူရိုမတိုင်ခင် စာချုပ်ချုပ်ဖို့ ကိစ္စက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ မီဒီယာတွေ ရေးတာကို ဖတ်ရတာ ကြိုက်ပါတယ်။ ပျော်စရာကောင်းတယ်လေ။ အင်္ဂလန်၊ အီတလီနဲ့ တစ်ခြားနိုင်ငံတွေလို နိုင်ငံတိုင်းက ကျွန်တော့်ကို စိတ်ဝင်စားနေပါတယ်။ မက်မောစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေရှိပြီး အခြားကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။ အခုအချိန်အထိ ဘာမှမဖြစ်သေးပါဘူး။ ဥရောပချန်ပီယံရှစ်က ရှိသေးတယ်လေ” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    Ref : Goal

  • မက္ကဆီကိုတွင် လူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် နေရာတစ်ခုကို တူးဖော်

    မက္ကဆီကိုတွင် လူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့် နေရာတစ်ခုကို တူးဖော်

    မေ ၂၆၊ ၂၀၁၆
    M-Media

    mexico

    – နိုင်ငံအလယ်ပိုင်း မိုရီလို့စ်ပြည်နယ်မှာ တွေ့ရတဲ့ လူအစုလိုအပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာက အလောင်း ၁၀၀ ကျော်လောက်ကို မက္ကဆီကိုအာဏာပိုင်တွေက တူးဖော်စစ်ဆေးနေတယ်လို့ သိရပါတယ်။

    တီတဲလ်စင်ဂိုလို့ခေါ်တဲ့ မြို့ငယ်လေးက ၁၀ မီတာအနက်ရှိတဲ့ ကပ်လျက်တွင်းနှစ်ခုဖြစ်ပြီး အလောင်း ၁၁၆ လောင်းပါဝင်တဲ့ အဲဒီနေရာဟာ ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြှုပ်နှံထားတာဖြစ်တယ်လို့ တရားသူကြီးတွေက ပြောကြားထားပါတယ်။

    မိုရီလို့စ်ပြည်နယ်ဟာ ပြန်ပေးဆွဲမှုတွေနဲ့ လူသတ်မှုတွေလို မူးယစ်ဆေးဝါးဆက်နွယ်တဲ့ အကြမ်းဖက်မှု အများဆုံးဖြစ်ပွားတဲ့ မက္ကဆီကို ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့ အတော်များများကတော့ မက္ကဆီကိုမှာ လူမသိသူမသိ ပျောက်ဆုံးသွားတဲ့ လူအရေအတွက် အနည်းဆုံး ၂ သောင်းလောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    အခုအလောင်းတူးဖော်မှုမှာ သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေလည်း စောင့်ကြည့်နေကြပြီး သေဆုံးမှုအတွက် ရှင်းလင်းတဲ့ အဖြေတစ်ခုထုတ်ပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ မက္ကဆီကိုမှာ မူးယစ်အကြမ်းဖက်မှုတွေကြောင့် ၂၀၀၇ ခုနှစ်ကတည်းကစလို့ သေဆုံးသူဟာ ၁ သိန်းဝန်းကျင်လောက် ရှိနေပါတယ်။

    Ref: Presstv

  • ဆား စားသုံးမှုနည်းခြင်းက နာတာရှည်ရောဂါ ပိုဖြစ်နိုင်

    ဆား စားသုံးမှုနည်းခြင်းက နာတာရှည်ရောဂါ ပိုဖြစ်နိုင်

    မေ ၂၆၊ ၂၀၁၆
    M-Media

    sodium

    – ဆားပါဝင်မှုနည်းတဲ့ အစားအစာတွေက လူတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတယ်ဆိုတဲ့ အယူအဆဟာ အပြည့်အ၀ မမှန်ကန်ဘဲ၊ နေ့စဉ် ဆားလျော့စားမယ်ဆိုရင် ကိုယ်ခန္ဓာကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်အရ တွေ့ရပါတယ်။

    အဲဒီလေ့လာမှုကို အွန်တာရီယိုမှာရှိတဲ့ McMaster တက္ကသိုလ်က ပြည်သူ့ကျန်းမာရေး သုတေသနအသင်းနဲ့ Hamilton ကျန်းမာရေး သိပ္ပံအဖွဲ့တို့က ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ဆားပါဝင်မှုနည်းတဲ့ အစားအသောက်တွေကို စားသုံးခြင်ဖြင့် နှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ပိုမိုမြင့်မားတယ်ဆိုတာကို တွေခဲ့ရတာပါ။ ပြီးတော့ သေဆုံးမှုဟာလည်း ပုံမှန် ဆား စားသုံးသူတွေထက်ကို ပိုများပါတယ်။

    ဦးဆောင်လေ့လာသူ အန်ဒရူးမန်တေးက လူတွေဟာ ဆားအလွန်အကျွံစားသုံးမှုကို ရှောင်ရှားရမယ်လို့ သိထားတာ မှန်ပေမယ့် ဆားဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အဟာရဖြစ်ပြီး လုံလောက်အောင် စားသုံးဖို့ လိုအပ်တယ်ဆိုတာကိုတော့ သိထားဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    တကယ်လို့ ခန္ဓာကိုယ်မှာ ဆားဓာတ်အလုံအလောက် မရဘူးဆိုရင်တော့ ကျန်းမာရေးပြဿနာ တော်တော်များများ ဖြစ်ပွားနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ ဖြစ်ပွားမှုအန္တရာယ်လည်း မြင့်တက်လာနိုင်ပါတယ်။ မန်တေးကတော့ နေ့စဉ် ဆားကို အနေတော်လောက်စားသုံးတာဟာ လူတိုင်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သွေးတိုးရောဂါရှိနေတဲ့သူတွေအတွက်လည်း ကောင်းမွန်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ယူရိုလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ခြောက်သောင်း ပြင်သစ်ချထားမည်

    ယူရိုလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ခြောက်သောင်း ပြင်သစ်ချထားမည်

    မ ၂၅၊ ၂၀၁၆
    M-Media

    euro 1

    – လာမည့်လတွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၆၀၀၀၀ ကို ချထားမည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားစေရန် တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီက ပြောကြားလိုက်သည်။

    ပြည်ထဲရေးဝန်ကြီး၏ အဆိုပါ မှတ်ချက်မှာ ယူရိုအဖွင့်ပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲကျင်းပမည့် Stade de France ကွင်းတွင် စနေနေ့က ပီအက်စ်ဂျီနှင့် မာဆေးလ်တို့၏ ပွဲစဉ်၌ မီးခိုးဗုံးများ တွေ့ရှိသောကြောင့် ပရိတ်သတ်များ ၀ရုန်းသုန်းကား ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ကာဇီနျူဗီကမူ ထိုအဖြစ်အပျက်မှာ ယူရို ၂၀၁၆ အတွက် စမ်းသပ်မှုမဟုတ်ဟု ဆိုသည်။

    “ယူရိုပွဲဟာ ပရိတ်သတ်မတူပါဘူး။ ကျင်းပတဲ့အဖွဲ့အစည်းလည်း မတူသလို၊ လုံခြုံရေးချထားမှုလည်း တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်သွားတာကိုတော့ အရေးယူရမှာပါ။ ယူရိုဟာ ကြီးမားတဲ့ အခမ်းအနားကြီး ဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့ ရည်ရွယ်ချက်ပါ။ ဒါပေမယ့် ပြင်သစ်ပေါ်မှာ ကျွန်တော်တို့ဟာ အမှန်တရားကို အကြွေးတင်နေပါတယ်။ ကြိုတင်ပြင်ဆင်မှု လုံးဝမရှိတာဟာ အန္တရာယ် ရာနှုန်းပြည့်ရှိတယ်လို့ မှတ်ယူလို့ရပါတယ်။ ကြိုတင်ပြင်ဆင်မှု ၁၀၀ ရာခိုင်နှုန်း ရှိတယ်ဆိုပေမယ့်လို့ ဒါဟာ အန္တရာယ် လုံးဝမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး”

    Ref: Channelnewsasia

  • အစ္စရေးမှပေးအပ်သည့် ဆုတစ်ခုကို ဗြိတိန်ပညာရှင်တစ်ဦး ငြင်းပယ်

    အစ္စရေးမှပေးအပ်သည့် ဆုတစ်ခုကို ဗြိတိန်ပညာရှင်တစ်ဦး ငြင်းပယ်

    မေ ၂၅၊ ၂၀၁၆
    M-Media

    british 2

    – လန်ဒန်တက္ကသိုလ် ခေတ်သစ်ဗြိတိန် လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာသမိုင်းဌာနမှ ပါမောက္ခဖြစ်ပြီး သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ကက်သရင်းဟောလ်က အစ္စရေးအခြေစိုက် အဖွဲ့တစ်ခုဖြစ်တဲ့ Dan David Foundation က ပေးအပ်တဲ့ ဒေါ်လာ ၃၃၀,၀၀၀ တန် ဆုကြေးငွေကို နိုင်ငံရေးအကြောင်းပြချက်တွေကြောင့် ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

    အဲဒီဆုကို တလ်အဗီးတက္ကသိုလ်နဲ့ Dan David Foundation တို့က ပူးပေါင်းပေးအပ်တာဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်ကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုနဲ့ ကိုလိုနီပြုမှုတွေမှာ တလ်အဗီးတက္ကသိုလ်က ပါဝင်ပတ်သက်နေတာကြောင့် ဒီဆုကို လက်မခံဖို့ အစ္စရေးကို သပိတ်မှောက်ရေးလှုပ်ရှားမှု BDS အဖွဲ့က ကက်သရင်းဟောလ်ကို တောင်းဆိုခဲ့တာပါ။

    ဗြိတိသျှ သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ ကက်သရင်းဟောလ်ရဲ့ ဒီဆုံးဖြတ်ချက်ကို လန်ဒန်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ ရစ်ချက် ဆီးဖော့ဒ်ကလည်း ကြိုဆိုခဲ့ပါတယ်။

    “အစ္စရေးအစိုးရတဲ့ တရားမ၀င် ကိုလိုနီပြုဝါဒ၊ ဖိနှိပ်ချုပ်ချယ်တဲ့ လုပ်ရပ်တွေက အခုအချိန်မှာ အစ္စရေးရဲ့ ဆုချီးမြှင့်မှုတွေကို မှေးမှိန်စေပါတယ်။ အစ္စရေးအပြင်ဘက်က ပညာရှင်တွေအတွက် အစ္စရေးနိုင်ငံ၊ အစ္စရေးတက္ကသိုလ်တွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကို သပိတ်မှောက်တာလည်း ပုံမှန်လို ဖြစ်လာနေပါပြီ”

    ကက်သရင်းဟောလ်ကတော့ အစ္စရေး-ပါလက်စတိုင်းအရေးမှာ ထဲထဲဝင်ဝင်ပက်သက်နေတဲ့သူတွေနဲ့ ဆွေးနွေးမှု တော်တော်များများ ပြုလုပ်အပြီး ဒီဆုကို ငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှုနဲ့ ပါလက်စတိုင်းပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေအတွက် ဗြိတိန် လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ G4S ကလည်း မကြာသေးမီ ရက်ပိုင်းကပဲ အစ္စရေးက သူတို့ရဲ့ ကုမ္ပဏီကို ရုပ်သိမ်းခဲ့ပါတယ်။

    Ref: IINA