မေ ၃၁၊ ၂၀၁၆
M-Media
– အာရှဒေသ ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ထူးချွန်သူများကို ပေးအပ်ချီးမြှင့်သည့် ဂျပန်နိုင်ငံ၏ Fukuoka ဆုမှ ၂၀၁၆ ခုနှစ်အတွက် အာရှယဉ်ကျေးမူဆိုင်ရာဆုကို ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဗိသုကာပညာရှင် ယာစမင်း လာရီက ရရှိခဲ့သည်ဟု သိရသည်။
ယာစမင်းမှာ အာရှယဉ်ကျေးမှုကို ထိန်းသိမ်းမှုနှင့် ဖန်တီးဖော်ထုတ်မှုတို့တွင် ပြောင်မြောက်သော ၎င်း၏ စွမ်းဆောင်မှုများအတွက် ယခုကဲ့သို့ ရရှိခဲ့ခြင်းဖြစ်သည်။
အောက်စဖို့ဒ် ဗိသုကာသင်တန်းကျောင်းမှ ဘွဲ့ရခဲ့သည့် ယာစမင်း လာရီမှာ ပါကစ္စတန်တွင် သမိုင်းအမွေအနှစ်ဖောင်ဒေးရှင်း တည်ထောင်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်မှစ၍ ခေတ်ပြိုင် အဆောက်အဦး ဒီဇိုင်းများကို ဖန်တီးခဲ့ရုံသာမက သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
၂၀၀၅ ခုနှစ် ပါကစ္စတန်ငလျင်လှုပ်ခတ်မှု နောက်ပိုင်းတွင်လည်း ယာစမင်းမှာ ထိခိုက်ဒဏ်ရာရသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို တောက်လျှောက် လုပ်ဆောင်လာခဲ့သည်။
ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် သူမမှာ ၁၉၆၄ ခုနှစ်တွင် ဗိသုကာဆိုင်ရာ ရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။
Fukuoka ဆုကို ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာမြို့တစ်မြို့ဖြစ်သော ဖူကူအိုကာမြို့က ၁၉၉၀ ပြည့်နှစ်တွင် စတင်ချီးမြှင့်ခြင်းဖြစ်ပြီး အနုပညာလက်ရာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အက၊ ဗိသုကာတို့ အပါအ၀င် အာရှဒေသအတွင်းရှိ ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ထူးချွန်သောသူများအား နှစ်စဉ် ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
Ref: The News
Leave a Reply
You must be logged in to post a comment.