News @ M-Media

Blog

  • အဆင့်မြင့် ယဥ်ကျေးမှုအနုပညာပြတိုက်ကို ဆော်ဒီ တည်ဆောက်နေ

    အဆင့်မြင့် ယဥ်ကျေးမှုအနုပညာပြတိုက်ကို ဆော်ဒီ တည်ဆောက်နေ

    မေ ၂၄၊ ၂၀၂၂
    M-Media

    -နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကို တစ်စုတစ်စည်း ပြသနိုင်မယ့် ပြတိုက်တစ်ခုကို ဆော်ဒီအာရေဗျက စတင်ဆောက်လုပ်နေပါတယ်။

    Royal Art Complex လို့ အမည်ပေးထားပြီး မြို့တော်ရီယာ့ဒ်က King Salman Park ပန်းခြံမှာ တည်ရှိမှာ ဖြစ်ပါတယ်။

    ဒီအဆောက်အဦးမှာ ရှေဟောင်းနဲ့ ခေတ်ပြိုင် အနုပညာလက်ရာတွေကို ပြသမယ့် ပြတိုက်တစ်ခု၊ စာကြည့်တိုက်၊ ပညာရပ်ဆိုင်ရာ သင်တန်းကျောင်း ၃ ခု၊ လူ ၆၀၀ ဆန့်တဲ့ ဘက်စုံသုံး ခန်းမတစ်ခု ပါ၀င်မှာ ဖြစ်ပါတယ်။

    ပြတိုက်ဟာ ၁၀၆ မီတာမြင့်မှာဖြစ်ပြီး အဆောက်အဦးရဲ့ အထူးခြားဆုံးနဲ့ ဗိသုကာအမြောက်ဆုံး အဆောက်အဦး ဖြစ်လာပါလိမ့်မယ်။

    လူ ၂၃၀၀ ဆန့်တဲ့ အမျိုးသားကဇာတ်ရုံ တစ်ခုနဲ့ ရုပ်ရှင်ရုံ ၃ ရုံကိုလည်း Royal Art Complex အဆောက်အဦးမှာ ထည့်သွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။

    King Salman Park ပန်းခြံဟာ ရီယာ့ဒ်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာမှာ တည်ရှိပြီး ဆော်ဒီပြည်သူတွေ အားကစားနဲ့ ယဥ်ကျေးမှုအနုပညာတွေကို မြည်းစမ်းနိုင်ရုံသာမက အပန်းဖြေနေရာတစ်ခုလည်း ဖြစ်ပါတယ်။

    ဆော်ဒီဟာ ၂၀၃၀ ရည်မှန်းချက် ချမှတ်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး ပြည်သူတွေ စိတ်အေးချမ်းသာစွာ ဘ၀တည်ဆောက် နေထိုင်ဖြတ်သန်းနိုင်မယ့် အသိုက်အ၀န်းတွေ ဖန်တီးပေးရေးလည်း ဒီရည်မှန်းချက်မှာ ပါ၀င်ပါတယ်။

    Ref: Arab News

    mmInternationalNews

  • ထိုင်၀မ်ကို တရုတ်ကတိုက်လျှင် အမေရိကန်က တရုတ်ကို ပြန်တိုက်မည်

    ထိုင်၀မ်ကို တရုတ်ကတိုက်လျှင် အမေရိကန်က တရုတ်ကို ပြန်တိုက်မည်

    မေ ၂၃၊ ၂၀၂၂

    M-Media


    -ထိုင်၀မ်ကျွန်းကို တရုတ်က တိုက်ခိုက်မယ်ဆိုရင် စစ်အင်အားသုံးပြီး ထိုင်၀မ်ကို ကာကွယ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    ဂျပန်ကိုရောက်နေတဲ့ ဘိုင်ဒန်ရဲ့ ဒီစကားဟာ အရှေ့အာရှဆိုင်ရာ မူ၀ါဒမှာ အမေရိကန်က အင်အားသုံးမှာမဟုတ်ဘူးဆိုတဲ့ အရင်က မဟာဗျူဟာကို ပြောင်းလဲလိုက်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ 

    ထိုင်၀မ်ဟာ မိမိတို့ပိုင်တဲ့ ဒေသတစ်ခုဖြစ်ပြီး လိုအပ်ရင် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ တရုတ်အစိုးရက ပြောကြားထားပါတယ်။ 

    မနေ့က ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းမှုမှာတော့ ထိုင်၀မ်ကို ကာကွယ်ပေးရေး အမေရိကန်က ကတိက၀တ်ပြုထားပြီးသားလို့ ဘိုင်ဒန်က ဖြေကြားခဲ့ပါတယ်။

    တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အမေရိကန်က သဘောတူပေမယ့် ထိုင်၀မ်ကို အင်အားသုံး သိမ်းပိုက်တာမျိုးက မသင့်တော်ကြောင်း၊ ထိုင်၀မ်ရေလက်ကြားမှာ တရုတ်က ပြုမူဆောင်ရွက်နေတာတွေဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်းလည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    တရုတ်အစိုးရကတော့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်စိုးမှုနဲ့ပတ်သက်ပြီး တရုတ်ပြည်သူတွေရဲ့ ကာကွယ်နိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်ဖို့ ချက်ခြင်း တုန့်ပြန် သတိပေးခဲ့ပါတယ်။ 

    Ref: Reuters 

  • စစ်ကောင်စီက ကမ္ဘောဒီးယားနှင့် ကုန်သွယ်မှုတိုးမြှင့်မည်

    စစ်ကောင်စီက ကမ္ဘောဒီးယားနှင့် ကုန်သွယ်မှုတိုးမြှင့်မည်

    မေ ၂၃၊ ၂၀၂၂

    M-Media


    -နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ပေးနိုင်မယ့် ကုန်သွယ်ရေးဆိုင်ရာ သဘောသူညီချက်နှစ်ခု လက်မှတ်ထိုးနိုင်ရေး ကမ္ဘောဒီးယားနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မေလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၀န်ကြီးတွေ တွေ့ဆုံဆွေးနွေးမှုအတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး ပန်ဆိုရာဆက်က နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    စစ်ကောင်စီခန့် ကုန်သွယ်ရေး၀န်ကြီး ဦးအောင်နိုင်ဦးက ကမ္ဘောဒီးယား-မြန်မာ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်၊ အခွန်နှစ်ထပ်ကောက်မှု ရှောင်ရှားရေး သဘောတူညီချက်တွေရဖို့ နှစ်နိုင်ငံဆွေးနွေးနေပြီး မကြာခင် လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ ပြောပါတယ်။ 

    ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှု ကြီးကြီးမားမား မရှိဘဲ ကိုဗစ်မတိုင်ခင်ကာလတုန်းက တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၂၀ ဖိုးလောက်သာ ရှိပါတယ်။ 

    ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ လင်မ်ဟန်က  အခုဆွေးနွေးနေတဲ့ သဘောတူညီချက်နှစ်ခုကြောင့် ကုန်သွယ်ရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမို လွယ်ကူစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: The Star 

  • တိရစ္ဆာန်ရုံမှဆင်မ လူ့အခွင့်အရေး ရသင့်၊ မရသင့် ကန်တရားရုံး ဆုံးဖြတ်မည်

    တိရစ္ဆာန်ရုံမှဆင်မ လူ့အခွင့်အရေး ရသင့်၊ မရသင့် ကန်တရားရုံး ဆုံးဖြတ်မည်

    မေ ၂၂၊ ၂၀၂၂
    M-Media

    -အသက် ၄၇ နှစ်အရွယ် ဆင်မတစ်ကောင်ဟာ တိရစ္ဆာန်ရုံမှာ အကျဥ်းချခံနေရတဲ့ အနေအထားရှိနေလား၊ လူတွေရသင့်ရထိုက်တဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပေးသင့်လားဆိုတာကို အမေရိကန်ပြည်ထောင်စု နယူးယောက်တရားရုံးက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

    Happy လို့ အမည်ရတဲ့ အဲ့ဒီဆင်မလေး Bronx တိရစ္ဆာန်ရုံကနေ လွတ်မြောက်ခွင့်ရဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Nonhuman Rights Project (NhRP) က ဆောင်ရွက်ပေးနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်မှာ ပထမဆုံး တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

    NhRP အဖွဲ့နဲ့ တိရစ္ဆာန်ရုံ နှစ်ဖက်စလုံးက လျှောက်လဲချက်တွေကို ကြားနာပြီးတဲ့နောက် လာမယ့် ၄ ပတ်ကနေ ၆ ပတ်အတွင်း အမိန့်ချမယ်လို့ နယူးယောက်တရားရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    တောထဲမှာ ဆင်တွေဟာ ၀ေလံခေါင်ဖျားတဲ့ဒေသတွေအထိ လှည့်ပတ်သွားလာ နေထိုင်တတ်တာကြောင့် ဆင်မလေး Happy ကို တိရစ္ဆာန်ရုံထဲမှာ ထည့်ထားတာဟာ လူတွေကို တိုက်ပိတ်အကျဥ်ချထားတာနဲ့ ဆင်တူတယ်လို့ NhRP အဖွဲ့ရဲ့ လျှောက်ထားမှုမှာ ဖော်ပြထားပါတယ်။

    NhRP ဟာ လူ၀ံ၊ မျောက်၀ံ၊ လင်းပိုင်နဲ့ ၀ေလငါးတွေ တိရစ္ဆာန်ရုံထဲ ပိတ်လှောင်ခံရမှု ပပျောက်ရေး ကြိုးပမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    အာရှဆင်တစ်ကောင်ဖြစ်တဲ့ Happy ဟာ ၁၉၇၁ ခုနှစ်က တောထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီး Bronx တိရစ္ဆာန်ရုံမှာရှိတဲ့ အာရှဆင်နှစ်ကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။

    တိရစ္ဆာန်ရုံမှာ ဒီလို ပိတ်လှောင်ထားခြင်းက ဆင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို အလွန်အမင်း ထိခိုက်စေတယ်လို့ ဆင်သုတေသနပညာရှင် ဂျွိုက်စ်ပိုးလ်က ပြောပါတယ်။

    NhRP ဟာ Happy ကို တန်နက်ဆီ ပြည်နယ်၊ ဒါမှမဟုတ် ကယ်လီဖိုးနီးယားက ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ ဘေးမဲ့လွှတ်ပေးပြီး ဆင်တစ်ကောင်ရဲ့ ဘ၀အစစ်အမှန်ကိုရဖို့ တောင်းဆိုနေတာပါ။

    တိရစ္ဆာန်ရုံက Happy ဟာ အခြားဆင်နဲ့ အဆက်အသွယ်ရှိသလို၊ ကျွမ်းကျင်တဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ ဆရာ၀န်တွေက ကြင်နာယုယစွာ စောင့်ရှောက်ပေးထားကြောင်း၊ အမေရိကန်ရဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အက်ဥပဒေအတိုင်း ကာကွယ်ထားကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • စစ်ပွဲရပ်ရေး နယ်မြေပေးရန်တိုက်တွန်းမှုကို ယူကရိန်း ကန့်ကွက်

    စစ်ပွဲရပ်ရေး နယ်မြေပေးရန်တိုက်တွန်းမှုကို ယူကရိန်း ကန့်ကွက်

    မေ ၂၃၊ ၂၀၂၂
    M-Media

    -စစ်ပွဲရပ်နိုင်ရေး ရုရှားသမ္မတပူတင် တောင်းဆိုတဲ့ နယ်မြေတွေ ပေးသင့်တယ်ဆိုတဲ့ ပြောကြားမှုတွေကို ယူကရိန်းဖက်က ကန့်ကွက်လိုက်ပါတယ်။

    ဖေဖော်၀ါရီလက စတင်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားစကားပြောသူတွေရှိတဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ ဖြစ်ပါတယ်။

    စစ်ပွဲ ၃ လနီးပါး ကြာမြင့်လာတဲ့အချိန် ရုရှားဟာ ယူကရိန်းတောင်ပိုင်းက အချက်အခြာကျတဲ့ မာရီယိုပိုးလ်မြို့တစ်ခုကိုသာ မိမိရရ သိမ်းပိုက်ထားနိုင်ပါတယ်။

    ရုရှားရဲ့တိုက်ခိုက်မှုကို ရပ်တန်ဖို့အတွက် ပူတင်တောင်းတဲ့ နယ်မြေတွေ ပေးလိုက်တာ ပိုကောင်းတယ်လို့ အီတလီ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ယူကရိန်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အဒီရီ ယာမက်က ယူကရိန်းရဲ့ နယ်မြေပိုင်စိုးမှုနဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရရှိမှသာ စစ်ပွဲပြီးဆုံးမယ်လို့ Twitter စာမျက်နှာမှာ တုန့်ပြန်ရေးသားခဲ့ပါတယ်။

    ရုရှားနဲ့ ဆွေးနွေးနေတဲ့ ယူကရိန်းငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီခိုင်လို ပိုဒိုလ်ယက်ကလည်း ရုရှားကို နယ်မြေပေးလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးရမှာမဟုတ်ဘဲ၊ စစ်ပွဲကို နှစ်အနည်းငယ် ရပ်ဆိုင်းထားတာမျိုးသာ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: The Guardian

    mmInternationalNews