News @ M-Media

Blog

  • ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့၀င်အဖြစ် လျှောက်ထား

    ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့၀င်အဖြစ် လျှောက်ထား

    မေ ၁၈၊ ၂၀၂၂
    M-Media

    -ရုရှားနဲ့ ကပ်နေတဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ဟာ မနေ့က နေတိုးအဖွဲ့၀င်ဖြစ်ရေး တရား၀င် လျှောက်ထားလိုက်ပါတယ်။

    အရင်က ဒီနှစ်နိုင်ငံဟာ ကြားနေအဖြစ် ရှိခဲ့ပေမယ့် ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်ပိုင်း သူတို့လည်း ဒီလိုအနေအထားမျိုး တစ်ချိန်မှာ ကြုံတွေ့လာရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်လာတာပါ။

    နေတိုးအဖွဲ့ထဲ၀င်ဖို့ ဆုံးဖြတ်ပြီးပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက ဖင်လန်နဲ့ ဆွီဒင်အစိုးရတို့က ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

    နေတိုးအဖွဲ့ရဲ့ အထွေထွအတွင်းရေးမှူး ဂျန်စတိုလ်တန်ဘာ့ဂ်က ဖင်လန်နဲ့ ဆွီဒင်တို့ရဲ့လျှောက်ထားမှုကို နွေးထွေးစွာ ကြိုဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားကတော့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး ဆွီဒင်နဲ့ ဖင်လန်တို့ရှိရာဒေသမှာ စစ်အင်အားတိုးချဲ့မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

    ဒီနှစ်နိုင်ငံရဲ့ အဖွဲ့၀င်လျှောက်ထားမှုကို နေတိုးအဖွဲ့၀င်နိုင်ငံ တော်တော်များများက လက်ခံပေမယ့် တူရကီကတော့ ကန့်ကွက်ထားပါတယ်။ အဖွဲ့စည်းမျဥ်းအရ အဖွဲ့၀င်နိုင်ငံအားလုံးက ထောက်ခံမှ ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။

    Ref: Reuters

    mmInternationalNews

  • ဗလီထဲတွင် ဟိန္ဒူနတ်ဘုရားတွေ့သည်ဆိုသည့် ဇာတ်လမ်း အိန္ဒိယတွင် ပြန်စ

    ဗလီထဲတွင် ဟိန္ဒူနတ်ဘုရားတွေ့သည်ဆိုသည့် ဇာတ်လမ်း အိန္ဒိယတွင် ပြန်စ

    မေ ၁၇၊ ၂၀၂၂

    M-Media 


    ဂျန်၀ါပီဗလီ

    -အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဗာရာဏသီမြို့က ဗလီတစ်လုံးမှာ ဟိန္ဒူနတ်ဘုရားရုပ်တုတွေ တွေ့တယ်ဆိုတဲ့ သတင်းကြောင့် တရားရုံးက ဗလီကို ၀တ်ပြုခွင့် ပိတ်လိုက်ပါတယ်။ 

    အပိတ်ခံလိုက်ရတဲ့ဗလီဟာ သမိုင်း၀င် ‘ဂျန်၀ါပီ’ ဗလီ ဖြစ်ပါတယ်။ ဒီဗလီဟာ ဟိန္ဒူဘုရားကျောင်းနေရာမှာ ဆောက်ထားတယ်တဲ့အတွက် ဗလီပရ၀ုဏ်ထဲမှာ ဘုရားရှိခိုးချင်တယ်လို့ ဟိန္ဒူအမျိုးသမီး ၅ ဦးက အခုလအစောပိုင်းမှာ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ 

    ဒီအတွက် တရားရုံးက အဖွဲ့တစ်ခုဖွဲ့ကာ ရှာဖွေမှုတွေလုပ်ခဲ့ပြီး နတ်ဘုရား ရှီးဗားနဲ့ အခြား ဟိန္ဒူနတ်ဘုရားရုပ်တုတွေ တွေ့ရှိခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အိန္ဒိယကို အုပ်စိုးခဲ့တဲ့ မွတ်စလင်ဘုရင်တွေဟာ ဟိန္ဒူဘုရားကျောင်းတွေကိုဖျက်ဆီးကာ အဲဒီနေရာတွေမှာ ဗလီတွေ၊ အထိမ်းအမှတ်နေရာတွေ တည်ဆောက်ထားတယ်လို့ ဟိန္ဒူလက်ယာသမားတွေ အရင်ကတည်းက စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ 

    ဂျန်၀ါပီဗလီဟာ ဥတာပရာဒက်ရှ်ပြည်နယ်မှာရှိတဲ့ အကြီးဆုံး ဗလီ၀တ်ကျောင်းတော် ၃ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဟိန္ဒူအမျိုးသမီးတွေဖက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဗလီထဲမှာ ဟိန္ဒူနတ်ဘုရားရုပ်ထုတွေ တွေ့တဲ့အတွက် မွတ်စလင်တွေ ဘုရား၀တ်ပြုမှုကို တရားရုံးက ပိတ်ပင်လိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဗာရာဏသီမြို့ဟာ ၀န်ကြီးချုပ် မိုဒီရဲ့ မဲဆန္ဒနယ်ထဲမှာ ပါ၀င်တဲ့မြို့ ဖြစ်ပါတယ်။ မိုဒီရဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံသူတွေဟာ တဂျ်မဟာလ် ဂူဗိမာန်အပါအ၀င် နိုင်ငံတစ်၀ှမ်းက မွတ်စလင်တွေရဲ့ အထိမ်းအမှတ်နေရာတွေ၊ သမိုင်း၀င်ဗလီတွေကို ဖြိုချတူးဖော်ပြီး ဟိန္ဒူနတ်ဘုရားတွေရှာဖို့ ဆော်သြနေတဲ့အချိန် ဗာရာဏသီမြို့က ဒီကိစ္စ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 

    အယွဒ္ဒယမြို့က ဘာဘရီဗလီဟာ ဟိန္ဒူနတ်ဘုရား ရာမ မွေးဖွားရာနေရာလို့ စွပ်စွဲပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်ဆက်တွဲ နိုင်ငံတစ်၀ှမ်းဖြစ်ပွားတဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းမှာ မွတ်စလင်တွေ ထောင်နဲ့ချီ အသတ်ခံခဲ့ရပါတယ်။ 

    ၂၀၁၉ ခုနှစ်မှာတော့ အိန္ဒိယတရားရုံးချုပ်က ဘာဘရီဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်းဆောက်ဖို့နဲ့ မွတ်စလင်တွေ ဗလီဆောက်နိုင်ရေး မြေနေရာတစ်ခုကို အစိုးရက သတ်မှတ်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ 

    Ref: Daily Sabah 

  • ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ဘုရားကျောင်းကို၀င်ပစ်မှု အမေရိကန်တွင် ဖြစ်ပွား

    ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ဘုရားကျောင်းကို၀င်ပစ်မှု အမေရိကန်တွင် ဖြစ်ပွား

    မေ ၁၇၊ ၂၀၂၂

    M-Media 

    -ကယ်လီဖိုးနီးယားပြည်နယ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်မှုဟာ ထိုင်၀မ်မုန်းတီးစိတ်ကို အခြေခံတာလို့ အမေရိကန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အမေရိကန်နိုင်ငံသား တရုတ်လူမျိုး အသက် ၆၈ နှစ်အရွယ် အမျိုးသား ဒေးဗစ်ချူဟာ လာဂူးနား၀ုဒ်မြို့က Geneva Presbyterian ဘုရားကျောင်းထဲ သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုမှာ တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    တရုတ်နဲ့ ထိုင်၀မ်တို့အကြား လတ်တလောဖြစ်နေတဲ့ တင်းမာမှုတွေကို အခြေခံပြီး ဖြစ်လာတဲ့ ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ချူဟာ ဒီလိုကျူးလွန်တာဖြစ်ကြောင်း တွေ့ရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

    တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး လိုအပ်ရင် အင်အားသုံးသိမ်းပိုက်သွားမယ်လို့ တရား၀င် ထုတ်ဖော်ပြောဆိုထားတာပါ။ ထိုင်၀မ်ကတော့ သူတို့ဟာ သီးခြား ဒီမိုကရက်တစ် နိုင်ငံတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ 

    စနေနေ့ကလည်း နယူးယောက်မြို့ ဘက်ဖလိုးမြို့နယ်က စူပါမားကတ်တစ်ခုမှာ အသက် ၁၈ နှစ်အရွယ် လူဖြူတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီပစ်ခတ်မှုဟာ လူမည်းမုန်းတီးမှုကနေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Reuters 

  • မြန်မာနိုင်ငံမှဒုက္ခသည်များကို ကူညီနိုင်ရေး မလေးရှားက ငွေးကြေးလိုအပ်

    မြန်မာနိုင်ငံမှဒုက္ခသည်များကို ကူညီနိုင်ရေး မလေးရှားက ငွေးကြေးလိုအပ်

    မေ ၁၆၊ ၂၀၂၂

    M-Media


    -နိုင်ငံအတွင်းရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးဖို့အတွက် ငွေကြေးလိုအပ်တယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။ 

    မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကြောင့် ထွက်ပြေးလာရတဲ့ တိုင်းရင်းသားလူနည်းစု ၂ သိန်း၊ ရိုဟင်ဂျာ ၁ သိန်းခွဲ စုစုပေါင်း ၃ သိန်းခွဲလောက် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတာ ဖြစ်ပါတယ်။ 

    NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ ၀ါရှင်တန်မှာ မနေ့က တွေ့ဆုံမှုအပြီး ဆိုက်ဖူဒင်က NGO အဖွဲ့တွေရဲ့ ကျောင်းတွေက ဒုက္ခသည်ကလေးငယ် ၂၅ ရာခိုင်နှုန်းကိုသာ ပညာသင်ပေးနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ဒုက္ခသည်တွေကို ကူညီနိုင်ရေး တတိယနိုင်ငံတွေထံကနေ ရန်ပုံငွေ တောင်းခံထားပြီး ဒီကိစ္စကို အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာလည်း ၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ပြောခဲ့ကြောင်း ဆိုက်ဖူဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မလေးရှားက မြန်မာဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီပေးဖို့ ‘ကာတာဖောင်ဒေးရှင်း’ က ဘဏ္ဏာရေးအကူအညီ ပေးထားပါတယ်။ 

    မြန်မာနိုင်ငံကအကြပ်အတည်း ဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို အာဏာသိမ်းစစ်အစိုးရက အရေးမစိုက်တဲ့အတွက် အာဆီယံက အခြားနည်းလမ်းတွေ ရှာဖွေသင့်တယ်လို့လည်း ဆိုက်ဖူဒင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    Ref: The Star

  • အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်သစ်က ဘယ်သူလဲ

    အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်သစ်က ဘယ်သူလဲ

    မေ ၁၄၊ ၂၀၂၂
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို နောက်ကွယ်ကနေ ထိန်းချုပ်မောင်းနှင်ပေးခဲ့တဲ့ ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ ဒီကနေ့မှာ တိုင်းပြည်ရဲ့အဓိပတိ သမ္မတဖြစ်လာပါတယ်။

    ပြည်နယ် ၇ ခုကစော်ဘွားတွေ ပါ၀င်တဲ့ ဖက်ဒရယ်အဓိပတိကောင်စီက အသက် ၆၁ နှစ်အရွယ် ရှိခ်မိုဟာမက်ကို သမ္မတသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ညီဖြစ်သူ အသက် ၇၃ နှစ်အရွယ် ရှိခ် ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန် ကွယ်လွန်ပြီး တစ်ရက်အကြာမှာပဲ ရှိခ် မိုဟာမက် ခေါင်းဆောင်ဖြစ်လာတာပါ။ 

    MBZ လို့ အမည်တွင်တဲ့ ရှိခ် မိုဟာမက်ဟာ အာရပ်ကမ္ဘာရဲ့ သြဇာအရှိဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး အချိန်တိုတိုအတွင်း ယူအေအီးကို တိုးတက်ထွန်းကားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကန့်လန့်ကာနောက်ကွယ်ကနေ ဆယ်စုနှစ်ချီ ပုံဖော်ခဲ့သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။  

    ဗြိတိန်စစ်တက္ကသိုလ် ‘ဆင်းဟတ်’ ကနေ ဘွဲ့ရထားသူဖြစ်ပြီး ယူအေအီးစစ်တပ်ကို ခေတ်မီအားကောင်းအောင် အသွင်ပြောင်းနိုင်ခဲ့သူပါ။  

    အီရန်ကိုတန်ပြန်ဖို့ အစ္စရေးနဲ့ပေါင်းတာ၊ ဆော်ဒီနဲ့ပေါင်းပြီး ယီမင်ပြည်တွင်းစစ်မှာ ပါ၀င်တိုက်ခိုက်တာတွေဟာ ရှိခ် မိုဟာမက်ရဲ့ မူ၀ါဒတွေဖြစ်ပါတယ်။ သူဟာ ယူအေအီးရဲ့သြဇာကို အရှေ့အလယ်ပိုင်းဒေသနဲ့ အပြင်ဘက်ကိုပါ ချဲ့ထွင်နိုင်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ 

    ဆက်ဆံရေးသိပ်မကောင်းတဲ့ အီရန်၊ တူရကီတို့နဲ့ ပိုမိုသင့်မြတ်အောင် ရှိခ်မိုဟာမက်က နောက်ပိုင်းမှာ ကြိုးပမ်းလာပါတယ်။ 

    ယူအေအီးမှာ အခုတစ်ကြိမ် သမ္မတတင်မြှောက်မှုဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၃ ကြိမ်မြောက် တင်မြှောက်မှုလည်း ဖြစ်ပါတယ်။

    ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အရင်က အိမ်ရှေ့မင်းသားအရာနဲ့ ယူအေအီးစစ်တပ်ရဲ့ ဒုတိယအကြီးအကဲအဖြစ် တာ၀န်ယူခဲ့ပါတယ်။ 

    Ref: Aljazeera