News @ M-Media

Blog

  • သယံဇာတအမြတ်ထုတ်မှုအတွက် တရုတ်နိုင်ငံသားများ ပါကစ္စတန်တွင် တိုက်ခိုက်ခံလာရ

    သယံဇာတအမြတ်ထုတ်မှုအတွက် တရုတ်နိုင်ငံသားများ ပါကစ္စတန်တွင် တိုက်ခိုက်ခံလာရ

    မေ ၂၂၊ ၂၀၂၂

    M-Media

    TO GO WITH ‘PAKISTAN-ECONOMY-POVERTY’ by Ashraf KHAN In this photograph taken on November 13, 2016, Pakistani Naval personnel stand guard near a ship carrying containers at the Gwadar port, some 700 kms west of Karachi, during the opening ceremony of a pilot trade programme between Pakistan and China. – Shah Nawaz walks Karachi’s dusty streets, one of thousands in the financial hub who are being fed by charities as Pakistan’s economy picks up pace — but, some say, not fast enough for its poverty-stricken millions. Confidence in Pakistan is growing, with the International Monetary Fund claiming in October 2016 that the country has emerged from crisis and stabilised its economy after completing a bailout programme. (Photo by AAMIR QURESHI / AFP) / TO GO WITH ‘PAKISTAN-ECONOMY-POVERTY’ BY ASHRAF KHAN

    -ပါကစ္စတန်မှာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း တရုတ်နိုင်ငံသားတွေအပေါ် တိုက်ခိုက်မှု ပိုမိုမြင့်တက်လာခဲ့ပြီး ပညာရှင်တွေက ဒါဟာ လူမျိုးစုဒေသတွေမှာ ပါကစ္စတန်စစ်တပ်က သယံဇာတ အမြတ်ထုတ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်ပါတယ်။

    ဧပြီလက ကရာချီမြို့မှာ အမျိုးသမီး အသေခံဗုံးခွဲသမား တစ်ဦးကြောင့် တရုတ်တက္ကသိုလ်ဆရာ ၃ ဦးနဲ့ သူတို့ကိုလိုက်ပို့ပေးတဲ့ ယဥ်မောင်းတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ဘာလိုချစ္စတန် လွတ်မြောက်ရေးအဖွဲ့ BLA က ပြုလုပ်တာပါ။

    ခုလအတွင်းမှာလည်း နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချစ္စတန်ဒေသမှာ Belt and Road Initiative အပါအ၀င် တရုတ်စီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့သူတွေကို အသေခံဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားတဲ့ BLA အဖွဲ့၀င်တစ်ချို့ကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရက BLA ကို တရားမ၀င်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။

    ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီး တရုတ်နိုင်ငံသားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုဟာ လူမျိုးစုဒေသတွေမှာ ပါကစ္စတန်စစ်တပ်က သယံဇာတအမြတ်ထုတ်မှုနဲ့ ဆက်နွယ်နေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

    “ဘာလိုချစ္စတန်ဒေသရဲ့ သယံဇာတွေကို ဂုတ်သွေးစုပ် အမြတ်ထုတ်တဲ့ ရာဇ၀တ်မှုမှာ ပါကစ္စတန်စစ်တပ်နဲ့အတူ ကြံရာပါလို့ ယူဆပြီး ဘာလို့ချ် ခွဲထွက်ရေးသမားတွေက တရုတ်တွေကို သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်” လို့ အစ္စလာမ်မာဘတ် အခြေစိုက် သုတေသနစင်တာ FRC ရဲ့ အမှုဆောင် ဒါရိုက်တာ မန်ဆူရ်ခန်း မဟ်ဆွဒ်က ပြောပါတယ်။

    BLA ဟာ တရုတ်ကုမ္ပဏီတွေ သူတို့နယ်မြေထဲက ထွက်သွားဖို့ အရင်တည်းက အကြိမ်ကြိမ် တောင်းဆိုထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း BLA ရဲ့လှုပ်ရှားမှု ပိုသွက်လာတာကြောင့် တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာလိမ့်မယ်လို့ မဟ်ဆွဒ်က ပြောပါတယ်။

    ဘာလိုချစ္စတန်ဒေသမှာ BLA ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်း မရှိပါဘူး။

    “အမျိုးသမီး အသေခံဗုံးခွဲသမားတွေကို အသုံးပြုလာတာကြောင့် မီဒီယာကလည်း ပိုပြီး အာရုံစိုက်လာပါတယ်။ ဒါဟာ သူတို့ရဲ့ဒေသ လွတ်မြောက်ဖို့ ဘယ်လောက်ဆန္ဒပြင်းပြနေလဲဆိုတာ ကမ္ဘာကြီးကို ပြောဖို့လိုအပ်တယ်လို့ ယူဆပြီး ဘာလို့ချ်သူပုန်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ မဟ်ဆွဒ်က ပြောပါတယ်။

    တရုတ်အစိုးရက ဒီကိစ္စတွေအတွက် စိတ်ပျက်နေပြီး ပါကစ္စတန်မှာ အလုပ်လုပ်နေတဲ့ သူတို့နိုင်ငံသား တော်တော်များများကို ပြန်ခေါ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

    စီးပွားရေးစင်္ကြန်

    Belt and Road စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် CPEC ကို ပုံဖော်နေပါတယ်။

    ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလိုချစ္စတန်ဒေသ ဂွါဒါမြို့ကနေ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းပြည်နယ် ကက်ရှ်ဂါမြို့အထိ ဆက်သွယ်မယ့်လမ်းကြောင်း ဖြစ်ပါတယ်။ ဒီလမ်းဟာ ပါကစ္စတန် တစ်နိုင်ငံလုံးကို ကန့်လန့်ဖြတ်ထားတာပါ။

    CPEC ရဲ့ ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်ပြီး ဒုတိယအဆင့် စတင်တော့မှာ ဖြစ်ပါတယ်။ ပထမအဆင့်မှာ စိုးရအချင်းချင်း ဆက်သွယ်ဆောင်ရွက်တာမျိုး ဖြစ်ပေမယ့် ဒုတိယအဆင့်မှာတော့ တရုတ်နိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတော်တော်များများ ပါ၀င်လာဖို့ ရှိပါတယ်။

    လမ်းတံတား၊ အ၀ေးပြေးလမ်းတွေနဲ့ အခြား အခြေခံအဆောက်အဦးတွေ အများအပြားဆောက်လုပ်ပြီး စက်မှုဇုန်တွေ အကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေမှာ ပါ၀င်လာမယ့် တရုတ်နိုင်ငံသားတွေအပေါ် BLA က တိုက်ခိုက်မှု ပိုမိုပြုလုပ်လာမှာကို ပါကစ္စတန်အစိုးရနဲ့ စစ်တပ်တို့က စိုးရိမ်နေပါတယ်။

    BLA သမိုင်းကြောင်း

    ဘာလိုချစ္စတန် လွတ်မြောက်ရေးတပ်ဖွဲ့ BLA ဟာ အာဖဂန်နစ္စတန်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

    ပါကစ္စတန်က ဘာလိုချစ္စတန်ဒေသ ခွဲထွက်ရေးအတွက် လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၀၀ ခုနှစ် ပါကစ္စတန်အာဏာပိုင်တွေေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီးတဲ့နောက် လူသိများလာတာ ဖြစ်ပါတယ်။

    BLA ကို အိန္ဒိယက ကူညီပေးတယ်လို့ ပါကစ္စတန်က စွပ်စွဲထားပါတယ်။

    ဘာလိုချစ္စတန်ဟာ ပါကစ္စတန်ရဲ့ ပြည်နယ် ၄ ခုထဲကတစ်ခုဖြစ်ပြီး မြေဧရိယာအရ အကြီးဆုံးဒေသ ဖြစ်ပါတယ်။ အီရန်၊ အာဖဂန်တို့နဲ့ နယ်မြေချင်း ထိပ်စပ်နေပြီး ဘာလို့ချ်လူမျိုးတွေ အဓိက နေထိုင်ပါတယ်။

    သဘာ၀သယံဇာတ ပေါကြွယ်၀ပြီး သဘာ၀ဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ အခြား ဓာတ်သတ္ထုတွေ အများအပြား ထွက်ရှိပါတယ်။

    ဘာလိုချစ္စတန်ဟာ ပါကစ္စတန်အစိုးရရဲ့လစ်လျူရှုမှုကို ခံနေရတဲ့ ဒေသတစ်ခုဖြစ်ပြီး အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး၊ စာတတ်မြောက်မှုအနည်းဆုံး ဒေသလည်းဖြစ်ပါတယ်။

    ဘာလို့ချ်လူမျိုးတွေရဲ့ ဒေသတွေဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရန်တို့မှာ တစ်စိတ်တစ်ပိုင်းစီ ပါ၀င်နေကြတာ ဖြစ်ပါတယ်။

    Ref: Asia Times

  • မျောက်ကျောက်ရောဂါက ကမ္ဘာကို ခြိမ်းခြောက်တော့မှာလား

    မျောက်ကျောက်ရောဂါက ကမ္ဘာကို ခြိမ်းခြောက်တော့မှာလား

    မေ ၂၁၊ ၂၀၂၂

    M-Media

    – ‘မျောက်ကျောက်ရောဂါ’ ကူးစက်မှုကို ကမ္ဘာတစ်၀ှမ်းက နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ တွေ့လာရပြီး ဒီပြဿနာဖြေရှင်းရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က အရေးပေါ်အစည်းအ၀ေး ကျင်းပခဲ့ပါတယ်။  

    ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်နဲ့ ယူကေ အပါအ၀င် အနည်းဆုံး ဥရောပ ၁၀ နိုင်ငံမှာ ဖြစ်ပွားနေပြီး စပိန်မှာ အဆိုးဆုံး ဖြစ်နေပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ သြစတေးလျတို့မှာလည်း မျောက်ကျောက်ရောဂါကူးစက်မှု ဖြစ်နေပါတယ်။

    ကူးစက်ဖို့ သိပ်မလွယ်ဘဲ ရောဂါပြင်းထန်မှု၊ သေဆုံးမှုအန္တရာယ် နည်းပေမယ့် လက်ရှိပြန့်နှံ့မှုအားကို ကမ္ဘာ့ပညာရှင်တွေက သတိထားလာကြပါတယ်။  

    ရောဂါဇစ်မြစ်


    မျောက်ကျောက်ရောဂါဟာ ပုံမှန်အားဖြင့် အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ဖြစ်ပွားလေ့ရှိပြီး တစ်ခြားဒေသတွေမှာ သိပ်မတွေ့ရပါဘူး။ သိပ္ပံသုတေသနအတွက် ဖမ်းဆီးထားတဲ့ မျောက်တွေကနေ ဒီရောဂါကို ၁၉၅၈ ခုနှစ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

    ရောဂါရှိသူနဲ့ ရောဂါရှိတဲ့တိရစ္ဆာန်တို့ရဲ့ တံတွေးမှုန်လို ကိုယ်တွင်းကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မှသာ ကူးတာမျိုးပါ။ 

    မျောက်ကျောက်ရောဂါ ကူးစက်ရင် ရောဂါပြင်းထန်လေ့ မရှိပါဘူး။ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ အားနည်းတာ၊  ခန္ဓာကိုယ်မှာအင်ပြင်ထတာ၊ အဖုအပိန့်ထွက်တာမျိုး ဖြစ်ပါတယ်။ ကူးစက်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ သက်သာပျောက်ကင်းတတ်ပါတယ်။

    သီးသန့်ကာကွယ်ဆေး မရှိသေးပေမယ့် သာမန်ကျောက်ရောဂါ ကာကွယ်ဆေး၊ ကုသဆေးတွေနဲ့ ကာကွယ်ကုသလို့ ရပါတယ်။  မျောက်ကျောက်ရောဂါကြောင့် သေဆုံးမှုဟာ ၁ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

    ၁၉၇၀ ပြည့်နှစ်ကစပြီး မျောက်ကျောက်ရောဂါဟာ အာဖရိက ၁၁ နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ လောက် ပျောက်ကွယ်နေရာကနေ ၂၀၁၇ က နိုက်ဂျီးရီးယားမှာ ပြန်တွေ့ခဲ့ပြီး အနည်းဆုံး နိုင်ငံပေါင်း ၈ နိုင်ငံကို ပြန့်နှံ့ခဲ့ပါတယ်။

    ကပ်ရောဂါ မဖြစ်နိုင်သေး


    ပညာရှင်တွေကတော့ ကိုဗစ်ကပ်ရောဂါလို အကြီးအကျယ် ကူးစက်ပြန့်နှံ့မှုမျိုး မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။ လက်ရှိ ဥရောပမှာ ကူးစက်ဖြစ်ပွားနေတာကတော့ သတိထားစရာပါ။ 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကိစ္စကိုဖြေရှင်းဖို့ အရေးပေါ်အစည်းအ၀ေး ကျင်းပခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးပြဿနာ ဖြစ်လာမလားဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် WHO ရဲ့ အမြင့်ဆုံး သတိပေးချက်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာဖို့ မလိုသေးဘူးလို့ WHO က သုံးသပ်ပါတယ်။ 

    အမေရိကန် အစိုးရတာ၀န်ရှိသူတစ်ဦးကလည်း လက်ရှိအခြေအနေရ အများပြည်သူအတွက် အန္တရာယ်ဖြစ်လာမယ့် အနေအထားမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကူးစက်မှုများလာနိုင်


    WHO ရဲ့ ဥရောပဆိုင်ရာအကြီးအကဲက လူတွေဟာ နွေရာသီ ပါတီတွေ၊ ပွဲတော်တွေ ကျင်းပပြလုပ်ဖို့ ရှိတဲ့အတွက် ဥရောပမှာ ကူးစက်မှု မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။ 

    ဗြိတိန်မှာ ကျန်းမာရေး၀န်ထမ်းတွေကို ကျောက်ရောဂါကာကွယ်ဆေး ထိုးပေးဖို့ စီစဥ်နေပါတယ်။ စပိန်ကလည်း ကျောက်ရောဂါကာကွယ်ဆေးတွေ ၀ယ်ယူဖို့ ရှိနေပါတယ်။ 

    လက်ရှိ ဥရောပကကူးစက်မှုကို ကြည့်ရင် ရောဂါရှိတဲ့ အာဖရိကနိုင်ငံတွေကို သွားလို့ ဖြစ်တာမျိုး မတွေ့ရပါဘူး။ ၂၀၀၃ ခုနှစ် အမေရိကန်မှာဖြစ်ပွားတဲ့အချိန်တုန်းက ဂါနာနိုင်ငံက တင်သွင်းလာတဲ့ နို့တိုက်သတ္တ၀ါတစ်ချို့ကနေ ကူးစက်တာ ဖြစ်ပါတယ်။ 

  • အမျိုးသမီးများ ပညာရေးအတွက် အာဖဂန်တွင် လျှို့၀ှက်ကျောင်းများ ပေါ်လာ

    အမျိုးသမီးများ ပညာရေးအတွက် အာဖဂန်တွင် လျှို့၀ှက်ကျောင်းများ ပေါ်လာ

    မေ ၁၈၊ ၂၀၂၂
    M-Media

    -တာလီဘန်လက်ထက် အမျိုးသမီးတွေ ပညာသင်ကြားခွင့် ပိတ်ပင်ခံရမှုကြောင့် အာဖဂန်နစ္စတန်မှာ လျှို့၀ှက် အမျိုးသမီးစာသင်ကျောင်းတွေ ပေါ်လာပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန်တွေ ထွက်သွားတဲ့အချိန် အာဖဂန်တစ်နိုင်ငံလုံးကို ပြန်သိမ်းပိုက်လိုက်တဲ့ တာလီဘန်တို့ဟာ အဲဒီအချိန်ကစပြီး အမျိုးသမီးတွေကို အလယ်တန်းကစပြီး ပညာသင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

    အာဖဂန်အမျိုးသမီးတွေက သူတို့ရဲ့ပညာရေး ရှေ့ဆက်နိုင်ဖို့အတွက် လျှို့၀ှက်ကျောင်းတွေ တည်ထောင်ကာ ပညာသင်ယူနေကြပါတယ်။

    “တာလီဘန်ရဲ့ရန်ကို ကျွန်မတို့သိတယ်။ စိုးလည်းစိုးရိမ်ပါတယ်” လို့ ကျောင်းဖွင့်ထားတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။ မိန်းကလေးငယ်တွေ ပညာတတ်ရေး အန္တရာယ်နှုတ်ခမ်း၀လျှောက်ရလည်း တန်တယ်လို့ သူမက ဆိုပါတယ်။

    လျှို့၀ှက်ကျောင်းတွေဖြစ်ပေမယ့် တူညီ၀တ်စုံတွေ၊ သင်ရိုးတွေ၊ စာသင်စားပွဲတွေနဲ့ ကျကျနန ဖွင့်ထားကြတာပါ။

    “တတ်နိုင်သမျှ သိုသိုသိပ်သိပ် လုပ်နေပါတယ်။ သူတို့တွေ့ပြီး ကျွန်မကိုဖမ်းဆီးရိုက်နှက်လည်း မမှုပါဘူး”

    ၁၉၉၀ ပြည့်နှစ်တွေ အာဏာရစဥ်ကလည်း တာလီဘန်တွေဟာ အမျိုးသမီးတွေကို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့် မပေးပါဘူး။ အခုတစ်ခေါက်မှာတော့ အမျိုးသမီးတွေကို ပညာသင်ခွင့်ပေးမယ်လို့ နိုင်ငံတကာကို ကတိပြုခဲ့ပေမယ့် ဒီကတိကို တာလီဘန်တို့ မတည်ပါဘူး။

    ပြီးခဲ့တဲ့မတ်လက အမျိုးသမီးတွေ ကျောင်းတက်လို့ရပြီလို့ ကြေငြာခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာပဲ တာလီဘန်က ပြန်လည်ပိတ်ပင်ခဲ့ပါတယ်။

    လျို့၀ှက်ကျောင်းတွေမှာ တက်နေရတဲ့ ကျောင်းသူတွေက လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့် ရချင်နေကြပါတယ်။

    “သမီးဒီမှာတက်နေတာ ၂ လရှိသွားပြီ။ ကျောင်းတွေလည်း ပြန်မဖွင့်သေးဘူး။ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်” လို့ ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက ပြောပါတယ်။

    ဘာပဲဖြစ်နေဖြစ်နေ ပညာဆက်လက်သင်ယူသွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး အာဖဂန်အမျိုးသမီးငယ်တွေမှာ ရှိနေပါတယ်။

    “သတ္တိရှိပါ။ ကိုယ်တိုင်က ရဲရင့်နေရင် ဘယ်သူမှ တားဆီးလို့ မရပါဘူး”

    တစ်ချို့တာလီဘန်အဖွဲ့၀င်တွေက အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ပေးချင်ပေမယ့် သြဇာရှိတဲ့ ထိပ်တန်းခေါင်းဆောင်တွေကတော့ အမျိုးသမီးတွေရဲ့ပညာရေးကို အားမပေးဘူးလို့ တာလီဘန်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    တာလီဘန်ထိပ်တန်းခေါင်းဆောင်တစ်ချို့ဟာ သူတို့ရဲ့သမီးတွေကို ကာတာနဲ့ ပါကစ္စတန်တို့လို နိုင်ငံတွေကိုပို့ကာ ကျောင်းတက်စေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

    စည်းရုံးရေး

    တစ်ချို့ အစ္စလာမ်ဘာသာရေးပညာရှင်တွေကတော့ အမျိုးသမီးတွေကို ပညာသင်ကြားခွင့်ပေးရေး တာလီဘန်တွေကို စည်းရုံးဖို့ ကြိုးစားနေပါတယ်။

    ပါကစ္စတန်နဲ့ကပ်နေတဲ့ အာဖဂန်နယ်စပ်မှာ မဒ်ရာဆာကျောင်းဖွင့်ထားတဲ့ ရှိခ်ရာဟီမွလ္လာ ဟက်ကာနီဟာ မြို့တော်ကာဘူးလ်အထိသွားပြီး တာလီဘန် အကြီးတန်းခေါင်းဆောင်တစ်ချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    တမန်တော် မိုဟာမက်ခေတ်မှာရော အဲဒီနောက်ပိုင်း အစ္စလာမ့်ပညာရှင်တွေရဲ့ ခေတ်မှာရော အမျိုးသမီးတွေရဲ့ ပညာရေးကို အားပေးခဲ့တဲ့ အထောက်အထား ကျမ်းကိုးကျမ်းကားတွေကို သူက ပြပါတယ်။

    “အစ္စလာမ့်ရှရီအသ်မှာ အမျိုးသမီးတွေ ပညာရေးကိုပိတ်ပင်တဲ့ ကိစ္စမျိုး ရှိကိုမရှိပါဘူး။ အမျိုးသမီးတွေ မဖြစ်မနေပညာသင်ရမယ်ဆိုတာ ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်မှာ ပါပြီးသားပါ။ အာဖဂန်လို၊ ပါကစ္စတန်လို အစ္စလာမ့်အသိုင်း၀ိုင်းမှာ အမျိုးသမီးတစ်ယောက် နေမကောင်းဖြစ်ပြီဆိုပါတော့။ သူသွားပြစရာ အမျိုးသမီးဆရာ၀န်ရှိနေတော့ ပိုမကောင်းဘူးလား”

    ဟီရတ်နဲ့ ပက်တီယာလို အာဖဂန်က ပြည်နယ်တွေမှာ ဒေသတွင်း အစ္စလာမ်ဘာသာရေးပညာရှင်တွေက အမျိုးသမီးတွေ ပညာသင်ရမယ်ဆိုတဲ့ ဓမ္မသတ်အမိန့်တွေ ထုတ်ပြန်လာကြပါတယ်။

    အာဖဂန်မှာ အခုဖွင့်ထားတဲ့ လျှို့၀ှက်အမျိုးသမီးကျောင်းတွေဟာ တစ်နေ့ကို တစ်နာရီကနေ နှစ်နာရီလောက်အထိ သင်္ချာ၊ ဇီ၀ဗေဒ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တွေကို အဓိကထား သင်ကြားပေးနေပါတယ်။

    ဒီကျောင်းတွေမှာ လာတက်ဖို့ ကျောင်းသူအများအပြား စာရင်းပေးကြပြီး၊ နေရာအခက်အခဲလိုကိစ္စမျိုး၊ ဘယ်လောက်အထိ သိုသိုသိပ်သိပ် လုပ်နိုင်မလဲဆိုတာမျိုး စတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

    အမျိုးသမီးတွေအတွက် အစိုးရစာသင်ကျောင်းတွေ လတ်တလောမှာ ပြန်ဖွင့်ဖို့ မရှိပေမယ့် အမျိုးသမီးငယ်တွေ ပညာသင်ကြားနိုင်ရေး လုပ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ဖို့ ဆရာမတွေက ဆုံးဖြတ်ထားကြပါတယ်။

    “ဒါဟာ ပညာတတ်တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့တာ၀န်ပါ။ ပညာမီးရှူးတိုင်ကပဲ ဘ၀အမှောင်တိုက်ကို ခွင်းနိုင်မှာ ဖြစ်ပါတယ်”

    Ref: BBC

    mmInternationalNews

  • စီးပွားပျက်ကပ် နောက်ဆက်တွဲ စားနပ်ရိက္ခာပါ ပြတ်လတ်တော့မယ် သီရိလင်္ကာ

    စီးပွားပျက်ကပ် နောက်ဆက်တွဲ စားနပ်ရိက္ခာပါ ပြတ်လတ်တော့မယ် သီရိလင်္ကာ

    မတ် ၂၀၊ ၂၀၂၂
    M-Media

    -စီးပွားပျက်မှုကြောင့် ဒေ၀ါလီခံကြောင်း ကြေငြာထားရတဲ့ သီရိလင်္ကာနိုင်ငံမှာ လာမယ့် လတွေအတွင်း စားနပ်ရိက္ခာပါ ပြတ်လတ်တော့မှာဖြစ်ပြီး ဒီအတွက် ကြံ့ကြံ့ခံကြဖို့ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီက Twitter စာမျက်နှာမှာ မနေ့က ရေးသားသတိပေးခဲ့ပါတယ်။

    တရုတ်ရဲ့အကြွေးထောင်ချောက်၊ နိုင်ငံခြားအရန်ငွေ မလုံလောက်တာ၊ အစိုးရရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမူ၀ါဒအမှားတွေ၊ ကိုဗစ်ကပ်ရောဂါ စတာတွေကြောင့် သီရိလင်္ကာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စီးပွားရေး ကျဆင်းမှုကို ခံစားလာရတာဖြစ်ပြီး အခုနှစ်မတ်လမှာတော့ ဒေ၀ါလီခံကြောင်း အစိုးရက ကြေငြာခဲ့ရပါတယ်။

    နိုင်ငံခြားက ချေးထားတဲ့ငွေတွေကို ပြန်မဆပ်နိုင်တော့ဘူးလို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သီရိလင်္ကာဗဟိုဘဏ်က ထပ်မံအတည်ပြုခဲ့ပါတယ်။

    အစိုးရမှာ ငွေမရှိတော့တာကြောင့် လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ ဆေး၀ါးတွေ နိုင်ငံခြားက မတင်သွင်းနိုင်တော့ဘဲ ပြည်တွင်းမှာ ရှားပါး ပြတ်လပ်လာပါတယ်။

    အဆိုးရွားဆုံးကတော့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာတာပါ။ အော်ဂဲနစ်စိုက်ပျိုးရေးစီမံကိန်းဆိုတဲ့ လက်တွေ့မကျတဲ့ အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံခြားက ဓာတ်မြေသြဇာတင်သွင်းမှုကို အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ပိတ်ပင်ခဲ့တာကြောင့် နိုင်ငံအတွင်း စိုက်ပျိုးရေးထွက်ကုန် သိသိသာသာ ကျဆင်းသွားပါတယ်။

    ဒီပိတ်ပင်မှုကို နောက်ပိုင်းမှာ ရုပ်သိမ်းခဲ့ပေမယ့် အခုအချိန်အထိ ဓာတ်မြေသြဇာတွေ နိုင်ငံခြားက မတင်သွင်းနိုင်သေးပါဘူး။

    “အခုစိုက်ပျိုးရေးရာသီ (မေ-သြဂုတ်) အတွက် ဓာတ်မြေသြဇာကို အချိန်မီ မတင်သွင်းနိုင်တော့ပါဘူး။ လာမယ့်ရာသီ (စက်တင်ဘာ-မတ်) မှာတော့ ရအောင်လုပ်ဖို့ ဆောင်ရွက်နေပါတယ်” လို့ ၀န်ကြီးချုပ်က Twitter မှာ ရေးပါတယ်။

    “နောက်ဆက်တွဲရိုက်ခတ်မှုကို ခံနိုင်အောင်နေကြဖို့ လူတိုင်းကို ကျွန်တော် တိုက်တွန်းပါတယ်”

    ပြည်သူလူထုက အကြီးအကျယ်ဆန္ဒပြမှုကြောင့် သမ္မတရာဂျာပက်ဆာဟာ အစိုးရအသစ် ဖွဲ့စည်းခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားတွေကိုပါ ထည့်သွင်းခဲ့ပါတယ်။ ဘဏ္ဏာရေးပြဿနာဖြေရှင်းဖို့လည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ဆွေးနွေးနေပါတယ်။

    ကြောက်ရွံ့

    စားနပ်ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေကို လူထုက စိုးရိမ်ကြောက်ရွံ့နေပါတယ်။

    “ဘ၀တွေ ဘယ်လောက်ခက်ခဲလဲဆိုတာ စကားလုံးနဲ့တောင် ပြောလို့မရပါဘူး။ လာမယ့်နှစ်လအတွင်း ဘာတွေဖြစ်လာမလဲဆိုတာ မှန်းလို့မရဘူး။ အခုအနေအထားမှာတောင် မခံနိုင်တော့ဘူး”

    နိုင်ငံအတွင်း ထမင်း၊ ဟင်းချက်ဖို့ ဂက်စ်တောင် တန်းစီ၀ယ်နေရပြီး စျေးကလည်း နှစ်ဆလောက် တက်သွားပါတယ်။ စားသောက်ကုန်၊ ဆေး၀ါးနဲ့ လောင်စာဆီတွေလည်း လွယ်လွယ်ကူကူ ၀ယ်မရတော့သလို၊ စျေးနှုန်းကလည်း အဆမတန် မြင့်တက်နေပါတယ်။

    “လူက ၅၀၀ လောက်ရှိတယ်။ ဂက်စ်ဗူးက ၂၀၀ လောက်ပဲရှိပါတယ်” လို့ ဟင်းချက်ဖို့အတွက် ဂက်စ်ရဖို့ ၃ ရက်ဆက်တိုက် တန်းစီနေရတဲ့ မိုဟာမက် ရှက်ဇလီက ပြောပါတယ်။

    “ဂက်စ်မရှိဘူး၊ ရေနံဆီမရှိဘူး။ ဘာမှလုပ်လို့ မရပါဘူး။ နောက်ဆုံး ဘာဖြစ်မလဲ။ စားနပ်ရိက္ခာမရှိရင် ကျွန်တော်တို့ သေမှာပေါ့ဗျာ။ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်”

    ကမ္ဘာ့ဘဏ်ကနေ ငွေချေးထားပြီး လောင်စာဆီနဲ့ မီးဖိုချောင်သုံးဂက်စ်၀ယ်ဖို့ ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဖြစ်မလာသေးပါဘူး။

    လာမယ့် ၂ လအတွင်း ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းလောက် မြင့်တက်လာဖို့လည်း ရှိနေပါတယ်။

    Ref: Aljazeera

    mmInternationalNews

  • မြန်မာပြဿနာဖြေရှင်းရေး မလေးရှားက ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှား

    မြန်မာပြဿနာဖြေရှင်းရေး မလေးရှားက ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှား

    မေ ၁၈၊ ၂၀၂၂
    M-Media

    -မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာဟာ မနေ့က နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ယိုဟီ ဆာဆာကာ၀ါနဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

    ဆာဆာကာ၀ါဟာ ဂျပန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးမှာ ထဲထဲ၀င်၀င် ပါ၀င်လုပ်ကိုင်နေသူပါ။

    ဆိုက်ဖူဒင်က သူနဲ့ ဆာဆာကာ၀ါတို့ဟာ မြန်မာနိုင်ငံက လတ်တလောဖြစ်ပေါတိုးတက်မှုတွေအကြောင်း ဆွေးနွေးခဲ့ပြီး၊ အရပ်သားတွေ ဘေးအန္တရာယ်ကင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက အပစ်ရပ်ရေးအပါအ၀င် အရေးပါတဲ့ အချက်တောာ်တော်များများကို သဘောတူခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မြန်မာကိစ္စဖြေရှင်းရေးမှာ နည်းလမ်းအသစ်တွေရှာဖို့ မလေးရှား နိုင်ငံခြားရေး၀န်ကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။

    အာဆီယံ သဘောတူညီချက် ၅ ချက်ကို အာဏာသိမ်းစစ်ကောင်စီက အရေးမစိုက်တဲ့အတွက် အာဆီယံဟာ NUG နဲ့ ပိုမို ဆက်သွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုက်ဖူဒင်က ပြောခဲ့သလို၊ ပြီးခဲ့တဲ့တစ်ပတ် ၀ါရှင်တန်က အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာလည်း NUG တာ၀န်ရှိသူတစ်ချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီက ဆိုက်ဖူဒင်ရဲ့ ဒီလိုပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    မနေ့က ဆိုက်ဖူဒင်နဲ့ တွေ့ဆုံမှုမှာ ဆာဆာကာ၀ါက အာဆီယံ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာ့အရေးဖြေရှင်ဖို့ သဘောတူတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Star

    mmMyanmarNews