News @ M-Media

Blog

  • ဘိုင်ယန်အား မျက်ရည်လည်ရွဲဖြင့် ဂွါဒီယိုလာ နှုတ်ဆက်

    ဘိုင်ယန်အား မျက်ရည်လည်ရွဲဖြင့် ဂွါဒီယိုလာ နှုတ်ဆက်

    မေ ၂၂၊ ၂၀၁၆
    M-Media

    byarn

    – ဘိုင်ယန်မြူးနစ်တွင် နည်းပြရသည့် ၃ နှစ်တာကာလမှာ မိမိအတွက် ပြောင်မြောက်သည့်ကာလများ ဖြစ်သည်ဟု အသင်းမှ ထွက်ခွာတော့မည့် နည်းပြ ပက် ဂွါဒီယိုလာက ပြည်တွင်းရှုံးထွက်ဖလား ရရှိပြီးနောက်တွင် ပြောကြားခဲ့သည်။

    ယမန်နေ့ကကစားခဲ့သည့် DFB-Pokal ဗိုလ်လုပွဲတွင် ဘိုင်ယန်မှာ ဒေါ့မွန်အား ပင်နယ်တီ ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘွန်ဒစ်လီဂါပြီးနောက် ယခုနှစ် ဒုတိယမြောက်ဖလား ရရှိခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်တွင် မန်စီးတီးသို့ ပြောင်းရွှေ့တော့မည့် ဂွါဒီယိုလာက ပွဲအပြီးနှင့် ဖလားကိုင်မြှောက်ချိန်တွင် မျက်ရည်လည်ရွဲဖြင့် အသင်းအား နှုတ်ဆက်ခဲ့သည်။

    “ဒီမှာ အပြောင်မြောက်ဆုံးအချိန်ကို ကျွန်တော် ရရှိခဲ့ပါတယ်။ အနာဂတ်မှာလည်း ဘိုင်ယန်ဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ အသင်းသားတွေကို ကျွန်တော် လွမ်းဆွတ် သတိရနေမှာပါ” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    ဘိုင်ယန်၌ ၎င်း၏ ၃ နှစ်တာကာလအတွင်း ဂွါဒီယိုလာမှာ ဘွန်ဒစ်လီဂါ ၃ ကြိမ်၊ DFB-Pokal ဖလား ၂ ကြိမ်၊ ကလပ်အသင်းများကမ္ဘာ့ဖလား ၁ ကြိမ်နှင့် ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    Ref: Goal

  • IMF က အီရတ်အား နှစ်ရှည်ချေးငွေ ဒေါ်လာ ၅.၄ ဘီလီယံ ပေးအပ်မည်

    IMF က အီရတ်အား နှစ်ရှည်ချေးငွေ ဒေါ်လာ ၅.၄ ဘီလီယံ ပေးအပ်မည်

    မေ ၂၂၊ ၂၀၁၆
    M-Media

    – အီရတ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကြား အရေးပေါ်သဘောတူညီချက် (SBA) အဖြစ် ဒေါ်လာ ၅.၄ ဘီလီယံထိ ချေးယူနိုင်မယ့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အခုသီတင်းပတ်အတွင်းမှာ ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး အဲဒီ သဘောတူညီချက်အရ နောက်သုံးနှစ်အကြာမှာ နိုင်ငံတကာအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၁၅ ဘီလီယံ ထပ်မံချေးယူနိုင်မှာ ဖြစ်တယ်လို့ အီရတ် ဘဏ္ဍာရေးဝန်ကြီး ဟိုရှီယာ ဇေဘာရီက ပြောကြားခဲ့ပါတယ်။

    IMF ရဲ့ ဒီသဘောတူညီချက်အရ နောက်ထပ်သုံးနှစ်အကြာမှာ အီရတ်ကို နိုင်ငံတကာငွေတိုက်စာချုပ်ပုံစံအပါအ၀င် ဘဏ္ဍာရေးအကူအညီအဖြစ် ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်လောက် ချေးယူခွင့်ပြုမှာ ဖြစ်ပါတယ်။ ဇေဘာရီကတော့ ဒါဟာ အီရတ်ရဲ့ဘဏ္ဍာရေးလိုငွေပြမှုနဲ့ တခြားသော အသုံးစရိတ်တွေအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

    နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်နေတဲ့ အီရတ်ဟာ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ဘဏ္ဍာရေး လိုငွေပြမှု ၂၁ ဘီလီယံလောက် ရှိနေပါတယ်။ ဇွန်လမှာ ပြုလုပ်ဖို့ရှိတဲ့ IMF ဘုတ်အဖွဲ့ရဲ့ အစည်းအဝေးမှာ အတည်ပြုဖို့ လိုအပ်တဲ့ ဒီသဘောတူညီချက်ဟာ အီရတ်ရဲ့ ဘဏ္ဍာရေးအခက်အခဲကို ပြေလည်စေမှာဖြစ်ပြီး အခြားသော အလှူရှင်တွေ လှူဒါန်းနိုင်ဖို့ တံခါးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

    Ref: IINA

  • အနာဂတ်အတွက် မဆွေးနွေးချင်သေးဟု ဗန်ဂါးလ်ပြော

    အနာဂတ်အတွက် မဆွေးနွေးချင်သေးဟု ဗန်ဂါးလ်ပြော

    မေ ၂၂၊ ၂၀၁၆
    M-Media

    man U

    – လာမည့်ရာသီတွင် မော်ရင်ဟိုမှာ မန်ယူ၏ နည်းပြဖြစ်လာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း လူးဝစ်ဗန်ဂါးလ်ကမူ ၎င်းအနေဖြင့် အနာဂတ်ကို မစဉ်းစားသေးဟု ပြောကြားခဲ့သည်။

    မန်ယူဘုတ်အဖွဲ့မှာ ရာသီကုန်တွင် ဗန်ဂါးလ်နေရာအား အစားထိုးချင်နေသည်ဟု ရာသီအစကတည်းက သတင်းထွက်ပေါ်ခဲ့ပြီး ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ မန်ယူနည်းပြနေရာအတွက် ရေပန်းစားခဲ့သည်။ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ FA ဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း မန်ယူတာဝန်ရှိသူများ၏ ရပ်တည်ချက်မှာ မပြောင်းလဲဟု သိရသည်။

    ဗန်ဂါးလ်ကမူ ထိုကိစ္စအတွက် မပြောချင်ဟု ဆိုသည်။

    “ကျွန်တော် ဖလားတစ်လုံးယူပေးခဲ့ပြီးပါပြီ။ မီဒီယာသမားတွေက ကျွန်တော့်ကို လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အသင်းကနေ ထုတ်ထားတာကြောင့် ဒီကိစ္စကို ကျွန်တော် မီဒီယာမှာ မပြောချင်ပါဘူး။ ထွက်ခွာဖို့ကိစ္စအတွက်လည်း မပြောချင်ပါဘူး” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ အကူအပြောင်းကာလတစ်ခုကို ဖြတ်သန်းနေပြီး၊ ကစားသမားများကို အနားပေးရမည်ဖြစ်ကြောင်း၊ ဖာဂူဆန်နောက်ပိုင်း မန်ယူကို ဖလားရအောင် ပထမဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဖြစ်လာသည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ကမ္ဘာ့တစ်ဝှမ်း အသက်ရှည်နှုန်း မြင့်တက်လာ

    ကမ္ဘာ့တစ်ဝှမ်း အသက်ရှည်နှုန်း မြင့်တက်လာ

    မေ ၂၂၊ ၂၀၁၆
    M-Media

    life

    – ၂၀၀၀ ခုနှစ်မှစ၍ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအသက်ရှည်မှုနှုန်းဟာ ငါးနှစ် တိုးမြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

    “၂၀၀၀ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ်ကြားမှာ ပျမ်းမျှ အသက်ရှည်မှုနှုန်းဟာ ၅ နှစ် တိုးလာပါတယ်။ ဒါဟာ ၁၉၆၀ လောက်ကတည်းကစပြီး အမြန်ဆုံး တိုးတက်လာတာ ဖြစ်ပါတယ်။ အခုလိုမြင့်တက်လာခြင်းဟာ အာဖရိကဒေသမှာ အမြင့်ဆုံးဖြစ်ပြီး ပျမ်းမျှ အသက်ရှည်မှုနှုန်း ၉.၄ နှစ်တိုးလာကာ အသက် ၆၀ အထိ ရှိနေပါတယ်။ အဓိကတော့ ကလေးငယ်တွေရဲ့ အသက်ရှင်မှု တိုးလာတာ၊ ငှက်ဖျားရောဂါထိန်းချုပ်ရေး တိုးတက်လာတာနဲ့၊ HIV အတွက် ကုသနိုင်တဲ့ဆေးဝါးတွေ ကျယ်ပြန့်လာတာတွေကြောင့် ဖြစ်ပါတယ်” လို့ WHO ရဲ့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၁၅ မှာမွေးတဲ့ ကလေးတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ပျှမ်းမျှအသက်ရှင်မှုနှုန်းဟာ ၇၁.၄ နှစ်ရှိပြီး ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားမှုဆိုင်ရာ ပြဿနာများကြောင့် နှစ်စဉ်သေဆုံးနေရတဲ့ အမျိုးသမီး အရေအတွက်ဟာ ၃၀၃၀၀၀ ယောက် ရှိတယ်လို့ ဆိုပါတယ်။ ကလေး ၆ သန်းနီးပါးကလည်း ၎င်းတို့ရဲ့ ငါးနှစ်မြောက် မွေးနေ့မတိုင်ခင် သေဆုံးတတ်ကြပြီး နှလုံးရောဂါနဲ့ကင်ဆာကြောင့် အသက် ၇၀ မတိုင်ခင် လူ ၁၀ သန်းထက်မနည်း သေဆုံးနေရတယ်လို့ WHO က ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း မိမိကိုယ်ကိုသက်သေမှု ပမာဏဟာ ၈ သိန်းရှိပြီး အသတ်ခံရသူအရေအတွက် ၄၇၅၀၀၀ ရှိကာ ၈၀ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ကြပါတယ်။ ကမ္ဘာပေါ်က လူ ၁.၈ ဘီလီယံလောက်ဟာ မသန့်ရှင်းတဲ့ရေကို သောက်နေရပြီး အသက် ၅ နှစ်အရွယ် ကလးငယ် ၄၂ သန်းကတော့ အ၀လွန်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: IINA

  • မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့်) ၏ ၁၀၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

    မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့်) ၏ ၁၀၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

    မေ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    .13240047_1700332010240036_8154889419842722320_n
    ၁၉၄၇ ခုနှစ် ပင်လုံစာချူပ် ချူပ်ဆိုချိန် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဖေခင်၏ ၁၀၄ နှစ် မြောက် အထိမ်းအမှတ် အခမ်းအနားတရပ်ကို မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ Orchid Hotel Yangon မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    .
    မဟာသရေစည်သူ ပင်လုံ ဦးဖေခင် (နိုင်ငံဂုဏ်ရည် ပထမဆင့် နှင့် အငြိမ်းစားသံအမတ်ကြီးဟောင်း)၏ အထုပ္ပတ္တိ ကို အခမ်းအနားမှုး ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း ရန်ကုန်တက္ကသိုလ်) မှ ဖတ်ကြားခဲ့ပါတယ်။
    .
    အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်နာယက သူရဦးတင်ဦး တက်ရောက် အမှတ်တရ စကားပြောကြားပေးခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာ ချစ်ဦးညို နှင့် စာရေးဆရာမ မသီတာ(စမ်းချောင်း) တို့မှ ဟောပြောခဲ့ပြီး နေ့လည် ၁၂ နာရီခွဲမှာ အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။
    .
    ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗ.မ.က) ဒုဥက္ကဌ ဖြစ်သူ ဦးဖေခင်ဟာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ ၁၉၄၆ ခုနှစ်၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလညီလာခံမှာ “ပြည်နယ်/ပြည်မ ပူးပေါင်းရေး” (အဆို အမှတ် – ၇ ) အဆိုတင်သွင်းခဲ့သူဖြစ်ပါတယ်။
    .
    ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ဖေဖော်ဝါရီ (၁၁) ရက်နေ့အထိ မသေချာ လိပ်ခဲတည်းလည်း ဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ပြန်ဖို့လေယာဉ်ပျံ စီစဉ်ခိုင်းနေတဲ့အခြေအနေမှာ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်အောင် ညှိနိုင်းဆောင်ရွက်ခဲ့ကြတဲ့ အဓိကပုဂ္ဂိုလ်တွေထဲမှာ ဦးဖေခင်ဟာ တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။
    .
    ဒါအပြင် ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
    .
    Photo Credit- ကိုတင်ရွှေ ၊ ဦးမောင်မောင်မြင့် FB
    .
    ပင်လုံဦးဖေခင် အကြောင်း ဆောင်းပါးများ ဖတ်ရန်
    ————————————