မေ ၂၈၊ ၂၀၁၆
M-Media
– ကချင်ပြည်နယ်မြောက်ပိုင်းတွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းတံတားများပျက်ဆီးကာ ဝေးလံခေါင်ဖျားသော မြို့နယ်များ၌ စားနပ်ရိက္ခာ ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်ပြခဲ့ကြသည်။
ထိုအခြေအနေတွင် လမ်းများ၊ တံတားများကို အလျင်အမြန် ပြုပြင်ခြင်းမရှိပါက ပြည်သူ ၆၀၀၀ ကျော်မှာ စားနပ်ရိက္ခာ ရရှိနိုင်မည်မဟုတ်ပေ။
“နေအိမ်ပေါင်း ၁၁၄ အိမ်ဟာ လုံးဝ ပြိုကျခဲ့ပြီး၊ လမ်း၊ တံတားတွေ ပျက်ဆီးသွားတာကြောင့် နောက်ထပ် အိမ်ပေါင်း ၄၀၉ အိမ်ကျော်လောက်ဟာ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် ပြည်သူ စုစုပေါင်း ၂၅၅၄ ဦးဟာ ဇွန်လကုန်ပိုင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှု ခံစားရပါတော့မယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ချီဖွယ်မြို့နယ် လွှတ်တော်ကိုစားလှယ် ဦးဇုန်တိန်က ပြောကြားခဲ့သည်။
တပ်မတော်မှ ရဟတ်ယာဉ်များမှာ ဧပြီလအကုန်ပိုင်းကတည်းက ဒေသခံများအတွက် ရဟတ်ယာဉ်များဖြင့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နေသော်လည်း ဦးဇုန်တိန်ကမူ ထိုကူညီမှုများမှာ လုံလောက်မှုမရှိဟု ဆိုသည်။
ထို့ပြင် ဒေသတွင်း မိုးကြီးမှုကြောင့် လယ်သမားများမှာလည်း စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်၍ မရဘဲ၊ လက်ရှိ မုန်တိုင်းအခြေအနေကြောင့် စားနပ်ရိက္ခာ ပြတ်တောက်မှုအခြေအနေမှာ မိုပိုဆိုးရွားလာနိုင်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ခေါင်လန်ဖူး မြို့နယ်တွင်မူ လူပေါင်း ၃၆၀၀ ကျော်မှာလည်း စားနပ်ရိက္ခာ ပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်ဟု ဒေသ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာရ်မိုးစီက ပြောကြားခဲ့သည်။
Ref: mmtimes
Leave a Reply
You must be logged in to post a comment.