News @ M-Media

အမေရိကန်က နျူဗုံးကြဲခဲ့သည့် ဟီရိုရှီးမားသို့ အိုဘားမား သွားရောက်

မေ ၂၇၊ ၂၀၁၆
M-Media

obama 3

– ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ ၁၉၄၅ ခုနှစ်က အမေရိကန်တို့ အနုမြူဗုံး ကြဲကျခဲ့သည့် ဟီရိုရှီးမားမြို့သို့ ယနေ့တွင် သွားရောက်ကာ သေဆုံးသွားသူများအား ဂါရ၀ပြုခဲ့သည်ဟု သိရသည်။

အိုဘာမား၏ ထိုသွားရောက်မှုမှာ နျူကလီးယားတိုက်ခိုက်မှုပြီးနောက် ရာထူးရှိ အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး သွားရောက်မှုလည်းဖြစ်သည်။ အိုဘားမားမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ Hiroshima Peace Memorial Park သို့ သွားရောက်ခဲ့ပြီး လွမ်းသူပန်းခွေချခဲ့သည်။

ထို့နောက် ကမ္ဘာ့ပထမဆုံး နျူကလီးယားဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် ဂျပန်ပြည်သူ ၁၄၀၀၀၀ အား ဂါရ၀ပြုခဲ့သည်။

“လွန်ခဲ့တဲ့ ၇၁ နှစ်က သေခြင်းတရားဟာ ကောင်းကင်ပေါ်က ကျလာခဲ့ပြီး ကမ္ဘာကြီးကလည်း ပြောင်းလဲသွားပါတယ်” ဟု အိုဘားမားက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့က ဟီရိုရှီးမားမြို့တွင် ဖြစ်ပွားခဲ့သည့် ထိုခံစားရမှုကို မည်ကဲ့သို့ ကာကွယ်ရမည်ဆိုသည့် ကိစ္စအတွက် ကမ္ဘာကြီးမှာ ခွဲဝေယူရမည့် တာဝန်များရှိကြောင်း၊ အမေရိကန်မှ ကြဲကျခဲ့သည့် အဆိုပါ ဗုံးက လူသားများမှာ မိမိကိုယ်ကို ဖျက်ဆီးနိုင်သည့် နည်းလမ်းများ ပိုင်ဆိုင်နေသည်ကို ပြသနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

နျူတိုက်ခိုက်မှုမှ လွတ်မြောက်လာသည့်သူများနှင့်လည်း အိုဘားမားက တွေ့ဆုံခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply