News @ M-Media

Blog

  • ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ် ပေါ်တိုတွင် အညံ့ဆုံးဂိုးသမားစာရင်းဝင်

    ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ် ပေါ်တိုတွင် အညံ့ဆုံးဂိုးသမားစာရင်းဝင်

    မေ ၁၉၊ ၂၀၁၆
    M-Media

    porto

    – ပေါ်တူဂီထိပ်သီးအသင်းဖြစ်သော ပေါ်တိုအသင်းတွင် ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်မှာ ၁၅ နှစ်တာကာလအတွင်း အညံ့ဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု သိရသည်။

    ပေါ်တိုမှာ ယခုနှစ် အမှတ်ပေးပြိုင်ပွဲ ၃၄ ပွဲတွင် ဂိုးပေါင်း ၃၀ အထိ ပေးခဲ့ရပြီး အဆင့် ၃ ဖြင့် ရာသီသိမ်းခဲ့သည်။ ထိုမှတ်တမ်းမှာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဂိုးပေးရသည့် မှတ်တမ်းဖြစ်ခဲ့ကာ ၄၂ နှစ်အတွင်း တတိယအဆိုးဝါးဆုံး ဖြစ်သည်။ ကာဆီးလက်စ်မှာ အသင်းအတွက် ၃၂ ပွဲကစားပေးခဲ့ပြီး ၂၈ ဂိုးပေးခဲ့ရသည်။

    ထို့ပြင် အရေးပါသောပွဲများတွင် ဂိုးပေးရမှုနှင့် ပြိုင်ပွဲများအတွင်း ပေါ့လျော့မှုများကြောင့် ဖိအားဒဏ်ကိုခံနေရပြီး တစ်ပွဲပျမ်းမှ ၀.၈၈ ဂိုးနှုန်းပေးခဲ့ကာ ပေါ်တိုအသင်း ဂိုးသမားများ၏ မှတ်တမ်းတွင် အညံ့ဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    Ref: Goal

  • ဧ၀ရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံအလံကို လွှင့်ထူနိုင်ပြီ

    မေ ၁၉၊ ၂၀၁၆
    M-Media

    Everest
    မြန်မာတောင်တက်အဖွဲ့၏ ဧ၀ရတ်တောင်တက် မြင်ကွင်းတစ်ခု

    – ကမ္ဘာ့အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ခံထားရသည့် ဧ၀ရတ်တောင်ထိပ်၌ မြန်မာတောင်တက်သမားများက ယနေ့တွင် မြန်မာအလံကို ပထမဆုံး စိုက်ထူနိုင်ခဲ့သည်ဟု သိရသည်။

    ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုတို့ဖြစ်ကြပြီး ယနေ့မနက် ဒေသစံတော်ချိန် ၇ နာရီ ၁၇ မိနစ်တွင် ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိခဲ့ကြကာ ကမ္ဘာ့အမြင့်ဆုံးတောင်ကို တက်နိုင်ခဲ့သည့် ပထမဆုံး မြန်မာတောင်တက်သမားများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    ၎င်းတို့မှာ လမ်းပြ ၄ ဦးနှင့်အတူ ယမန်နေ့ ည ၉ နာရီက စခန်း ၄ မှတစ်ဆင့် ညလုံးပေါက် တက်ရောက်ခဲ့ပြီးနောက် ထောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    “ဟဲလို! ကမ္ဘာကြီးနဲ့ မြန်မာနိုင်ငံကြီးရေ။ သင်တို့ရဲ့ ဆုတောင်းမှု၊ အားပေးထောက်ခံမှု၊ ထူးကုမ္ပဏီအုပ်စုနဲ့ ဥက္ကဌဦးတေဇတို့ရဲ့ ပံ့ပိုးကူညီမှုကြောင့် ကျွန်တော်တို့ဟာ ဧ၀ရတ်တောင်ထိပ်ကို ရောက်ရှိခဲ့ပါပြီ” ဟု အဆိုပါ တောင်တက်သမား ၂ ဦးက သတင်းစကား ပါးခဲ့သည်။

    လက်ရှိတွင် ၎င်းတို့မှာ တောင်ထိပ်မှ ပြန်လည်ဆင်းသက်နေပြီး မနက်ဖြန်တွင် တောင်ခြေစခန်းသို့ ပြန်ရောက်မည်ဖြစ်သည်။

    Ref: mmtimes

  • မိန်းကလေးငယ်များ အသီးအနှံများများစားပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေ ကျဆင်း

    မိန်းကလေးငယ်များ အသီးအနှံများများစားပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေ ကျဆင်း

    မေ ၁၉၊ ၂၀၁၆
    M-Media

    fruit

    – ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ အသီးအနှံတွေ များများစားမယ်ဆိုရင် အနာဂတ်မှာ ရင်သားကင်ဆာအန္တရာယ် လျော့နည်းစေနိုင်တယ်လို့ အမေရိကန်လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

    အပျိုဖော်ဝင်လာစဉ်အချိန်မှာ ပန်းသီး၊ ငှက်ပျောသီး၊ စပျစ်သီးတွေ စားသုံးတာမျိုးဖြစ်ပြီး အဲဒီလို အသီးအနှံတွေစားခြင်းက ရင်သားကင်ဆာဖြစ်နိုင်ချေလျော့ကျမှုနဲ့ လုံးဝဆက်နွယ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အဲဒီသီးနှံတွေကို တစ်နေ့တစ်ကြိမ် စားတာထက်စာရင် တစ်နေ့သုံးကြိမ်လောက် စားပေးပါက လူလတ်ပိုင်းအရွယ်မှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်းလောက် လျော့နည်းတာကိုလည်း တွေ့ခဲ့ရပါတယ်။

    အမျိုးသမီးကြီးတွေအနေနဲ့ အရွယ်ရောက်ကာစ အမျိုးသမီးတွေလိုမျိုး လိမ္မော်သီး စားပေးရင် ရင်သားကင်ဆာဖြစ်ခြင်းကနေ အနည်းငယ် ကာကွယ်မှုရမှာဖြစ်ပေမယ့် အသီးအနှံတွေ အရည်ဖျော်သောက်သုံးခြင်းက ဘာအကျိုးကျေးဇူးမှ ရရှိစေမှာ မဟုတ်ပါဘူး။

    “အရွယ်ရောက်စဉ်မှာ အသီးအနှံများများ စားသုံးတာဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ လျော့ကျခြင်းနဲ့ ဆက်စပ်နေတဲ့အကြောင်းကို ပထမဆုံးအကြိမ် လေ့လာတွေ့ရှိတာ ဖြစ်ပါတယ်” လို့ ဘော်စတွန်မြို့ Harvard T.H. Chan လူထုကျန်းမာရေးတက္ကသိုလ်က အာဟာရရေးရာဌာန သုတေသနအသင်းက လေ့လာသူတစ်ဦးဖြစ်သူ မရ်ယမ် ဖာရ်ဗစ်ဒ်က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • အီဂျစ် ခရီးသည်တင်လေယာဉ်တစ်စီး မြေထဲပင်လယ်တွင် ပျက်ကျ

    အီဂျစ် ခရီးသည်တင်လေယာဉ်တစ်စီး မြေထဲပင်လယ်တွင် ပျက်ကျ

    မေ ၁၉၊ ၂၀၁၆
    M-Media

    egypt

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းလာသည့် EgyptAir လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၈၀၄ မှာ ဒေသစံတော်ချိန် ယနေ့ မနက်ပိုင်းတွင် ရေဒါမှ ပျောက်ဆုံးသွားခဲ့ကာ အီဂျစ်လေကြောင်းဌာနမှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးကမူ မြေထဲပင်လယ်ထဲသို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၅၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦးတို့ လိုက်ပါသွားပြီး ပျက်ကျသွားသည်ဆိုသည့် ဖြစ်နိုင်ချေကို အတည်ပြုပြီးဖြစ်ကာ လက်ရှိတွင် အပျက်အဆီးများ ရှာဖွေရေးကို စတင်လုပ်ဆောင်နေသည်ဟု အဆိုပါ တာဝန်ရှိသူ၏ ပြောကြားမှုကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

    သို့သော်လည်း အီဂျစ်လေကြောင်းဝန်ကြီးဌာနက နောက်ပိုင်းတွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျသွားသည်ဆိုသည့် ကိစ္စကို အတည်ပြုရန် စောလွန်းသည်ဟု ပြောကြားခဲ့သည်။

    Airbus A320 အမျိုးအစား အဆိုပါလေယာဉ်မှာ ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီတွင် ပဲရစ်ရှိ ချားလ်စ်ဒီဂေါလ်လေဆိပ်မှ ပျံသန်းထွက်ခွာလာခြင်းဖြစ်ပြီး အီဂျစ်လေပိုင်နက်ထဲသို ၀င်ရောက်ပြီး ၁၆ ကီလိုမီတာအရောက် ပေပေါင်း ၃၇၀၀၀ အမြင့်တွင် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်ဖြစ်သည်။

    Ref: Aljazeera

  • အာရပ်လိဂ်က ပါလက်စတိုင်းအရေး ယခုလကုန်ပိုင်းတွင် ဆွေးနွေးမည်

    အာရပ်လိဂ်က ပါလက်စတိုင်းအရေး ယခုလကုန်ပိုင်းတွင် ဆွေးနွေးမည်

    မေ ၁၉၊ ၂၀၁၆
    M-Media

    arab league

    – ပါလက်စတိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးများအဆင့် အရေးပေါ်အစည်းအဝေးတစ်ခုကို မေလ ၂၈ ရက်နေ့မှာ ကျင်းပမယ်လို့ အာရပ်လိဂ်က ကြေငြာလိုက်ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

    ဒီအစည်းအဝေးကို အာရပ်လိဂ်ရဲ့ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘာရိန်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ရှိခ် ခါလစ် ဘင် အဟ်မဒ် အလ်-ခါလီဖာနဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာ နဘီလ် အလ်အာရာဘီတို့ရဲ့ အကြံပေးမှုနဲ့အတူ ကျင်းပတာဖြစ်ကြောင်း အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစည်းအဝေးမှာ အဓိကခေါင်းစဉ်သုံးခုထားကာ ဆွေးနွေးမှာ ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး၊ လစ်ဗျားနိုင်ငံ အခြေအနေနဲ့ ဇူလိုင်လ ၂၀ မှ ၂၈ ရက်အတွင်း မော်ရီတေးနီးယားသမ္မတနိုင်ငံက လက်ခံကျင်းပမယ့် အာရဗ်ထိပ်သီးညီလာခံအတွက် အကြမ်းဖျင်း အစီအစဉ် ရေးဆွဲရေးတို့ပဲ ဖြစ်ပါတယ်။

    Ref: IINA