မေ ၂၄၊ ၂၀၁၆
M-Media
– တာလီဘန်ခေါင်းဆောင် မူလာ အက်ခ်တာရ် မန်ဆူရ် သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းလေယာဉ်နဲ့တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ယမန်နေ့မှာ ရှုတ်ချလိုက်ပြီး ဒီလိုလုပ်ရပ်ဟာ ပါကစ္စတန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်က အာဖဂန်နယ်စပ်အနီးမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် မိမိတို့ခါင်းဆောင် မန်ဆူရ် သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ တာလီဘန်က အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ဟာ ဒီတိုက်ခိုက်မှု ပြုလုပ်ပြီးမှသာ မိမိတို့ကို အကြောင်းကြားခဲ့တာဖြစ်ပြီး မိမိတို့အနေနဲ့ ဒီအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
နောက်ပြီး ဒီလိုတိုက်ခိုက်မှုဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်ပြီး ယခင်ကလည်း အမေရိကန်ကို ဒါမျိုးတွေမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ် ဘင်လာဒင်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးမှာလည်း အမေရိကန်က ပါကစ္စတန်အစိုးရရဲ့ ခွင့်ပြုချက်ကို မတောင်းခံခဲ့ပါဘူး။
အခုကိစ္စအတွက် ပါကစ္စတန်အစိုးရကတော့ ငြိမ်းချမ်းရေးဟာ ဆွေးနွေးညှိနှိုင်းမှုတွေကနေ တစ်ဆင့်သာ ရရှိမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ဆူရ်သေဆုံးမှုကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့တိုက်ခိုက်မှုတစ်ခုဟာ မန်ဆူရ်ကို ပစ်မှတ်ထားတာဖြစ်ပြီး အဲ့ဒီဆုံးဖြတ်ချက်ကို အိုဘားမားချခဲ့တာလို့လည်း ကယ်ရီက ဆိုပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.