မေ ၂၄၊ ၂၀၁၆
M-Media
– ယုံကြည်စိတ်ချစွာ အပ်နှံထားသော တာဝန်ဝတ္တရားများကို ချိုးဖောက်မှုဖြင့် မိမိတို့၏ ဒုတိယ အထွေထွေအတွင်းရေးမှူး မားကက်စ် ကတ္တနာအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု ဖီဖာက ယမန်နေ့တွင် ကြေငြာလိုက်သည်။
ဂျာမနီနိုင်ငံသားဖြစ်သူ ကတ္တနာမှာ ၂၀၁၁ ခုနှစ်က ဖီဖာဥက္ကဌ ဆပ်ဘလတ္တာမှ ယူအီးအက်ဖ်အေဥက္ကဌ မိုက်ကယ် ပလာတီနီထံသို့ မသမာသော ငွေကြေးပေးအပ်မှုအကြောင်းကို သိရှိသော်လည်း ဖုံးကွယ်ခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။ အဆိုပါ ငွေကြေးပေးအပ်မှုကြောင့် ဘလတ္တာနှင့် ပလာတီနီတို့မှာ ဘောလုံးလောကမှ ၆ နှစ် ပိတ်ပင်ခံခဲ့ရပြီး အားကစားဆိုင်ရာ ခုံရုံးသို့ အယူခံဝင်ပြီးနောက် ပလာတီနီ၏ ပြစ်ဒဏ်မှာ ၂ နှစ်လျော့ကျခဲ့သည်။
ကတ္တနာမှာ ဖီဖာတွင် ဘဏ္ဍာရေးညွှန်ကြားရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မသမာသော လုပ်ရပ်အများအပြား လုပ်ဆောင်မှုကို တွေ့ရှိရသောကြောင့် ဖီဖာကျင့်ဝတ်ကော်မတီမှ ထုတ်ပယ်ကာ ၁၂ လ ပိတ်ပင်ခဲ့သည့် အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီ၏ နေရာတွင် ခေတ္တ တာဝန်ယူခဲ့သည်။
သို့သော်လည်း အဖွဲ့အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကတ္တနာကိုယ်တိုင် ကျင့်ဝတ်ဖောက်ဖျက်သည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ နေရာအတွက် ဖီဖာအတွင်းရေးမှူးသစ် ဖာတမာ ဆမ်ဘာ ဒီအော့ဖ် ဆာမူရာက ယခုလအတွင်း ကျင်းပပြုလုပ်မည့် ၆၆ ကြိမ်မြောက် ဖီဖာညီလာခံတွင် ခန့်အပ်သွားမည်ဖြစ်သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.