News @ M-Media

Blog

  • သမိုင်းဖျောက် ဖြိုချခံခဲ့ရသည့် ဘော့စနီးယားရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်

    သမိုင်းဖျောက် ဖြိုချခံခဲ့ရသည့် ဘော့စနီးယားရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်

    မေ ၇၊ ၂၀၁၆
    M-Media

    – ပြည်တွင်းစစ်အတွင်းက ဖျက်ဆီးခံခဲ့ရသည့် ဘော့စနီးယားရှိ ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်ကြီးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်ချိန်က ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲခဲ့သော ဘော့စနီးယား လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ရင်ကြားစေ့ရေး ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

    ဖာဟာဒီဂျာ (Ferhadija) ဟု အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ဘော့စနီးယားရှိ ဆာ့ဘ်လူမျိုး အများစုနေထိုင်ရာ ဆာ့ဘ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့တော် ဘန်ဂျာလူကာတွင် တည်ရှိသည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ လာရောက်ခဲ့ကြပြီး လုံခြုံရေးကိုလည်း တင်းကျပ်စွာ ချထားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ပြန်လည်ဆောက်လုပ်မှုတွင် ပါဝင်ကူညီခဲ့သည့် တူရကီနိုင်ငံမှ ၀န်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူမှာ ပရိသတ် ၁၀၀၀၀ ၏ ရှေ့တွင် ဗလီဝတ်ကျောင်းတော်ကို ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ငြိမ်းချမ်းရေးသတင်းစကားဖြစ်သည်ဟု ဆိုသည်။

    “မွတ်စလင်တွေ၊ ကက်သလစ်တွေ၊ အော်သိုဒေါ့စ်တွေနဲ့ ဂျူးတွေ တည်ရှိတဲ့ ဘော့စနီးယား ဟာဇီဂိုဗီနာဟာ ခန္ဓာကိုယ်တစ်ခု၊ နှလုံးသားတစ်ခုရှိတဲ့ လူတစ်ယောက်လိုပါပဲ။ ဒါကို အစိတ်အစိတ်အမွှာမွှာဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ဒီနှလုံးသားလည်း ကွဲကြေသွားမှာပါပဲ” ဟု ဆာ့ဘ်ခွဲထွက်ရေးအစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို ရည်ညွှန်း၍ ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။

    ၁၆ ရာစုကတည်းက အောက်တိုမန် ဗိသုကာလက်ရာဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ ဗလီတ်ကျောင်းတော်မှာ ယူနက်စကို၏ ရှေးဟောင်းသမိုင်းအမွေအနှစ်စာရင်းတွင် ပါဝင်ခဲ့ပြီး လွန်ခဲ့သည့် ၂၃ နှစ်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရကာ နောက်ပိုင်းတွင် ကားပါကင်အဖြစ် ပြုလုပ်ခဲ့သည်။

    ဖောက်ခွဲမှုကို ဆာ့ဘ်များက ပြုလုပ်ခြင်းဖြစ်ပြီး တစ်ချိန်က လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်ခဲ့သော ဘော့စနီးယားရှိ မွတ်စလင်တို့၏ သမိုင်းအမွေအနှစ်များကို ဖျောက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အများစုက ယုံကြည်ကြသည်။

    ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန်အတွက် ၂၀၀၁ ခုနှစ်က အုတ်မြစ်ချခဲ့သော်လည်း ဆာ့ဘ်အမျိုးသားရေးဝါဒီများက ထိုဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်သူများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များအား တိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ထို့နောက် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ရရန်အတွက် ၁၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး ယခင်ဖောက်ခွဲဖျက်ဆီးမှုမှ ကျန်ရစ်ခဲ့သော အစိတ်အပိုင်းများကို အနီးအနားရှိ ဗားဘက်စ်မြစ်နှင့် အမှိုက်ပုံများမှ ပြန်လည်ရှာဖွေကာ အသုံးပြုခဲ့သည်။

    ဖာဟာဒီဂျာ ဗလီဝတ်ကျောင်းတော်ဖွင့်လှစ်သည့် ယနေ့ (မေလ ၇ ရက်နေ့) မှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲတွင် နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်ပေါင်း ၆၁၄ လုံး ဖျက်ဆီးခံရသည်ကို အစွဲပြု၍ သတ်မှတ်ထားသော ဘော့စနီးယား ဗလီဝတ်ကျောင်းတော်များနေ့ (Day of the Mosque) လည်းဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဘန်ဂျာလူကာမြို့မှာ စစ်ပွဲအတွင်းက ဆာ့ဘ်များမှ ဘော့စနီယက်မွတ်စလင်များနှင့် ကက်သလစ် ခရိုအက်များကို လူမျိုးတုန်းသတ်ဖြတ်ရာ နေရာလည်းဖြစ်ပြီး ယနေ့တွင် မွတ်စလင်နှင့် ခရိုအက်တို့၏ လူဦးရေမှာ မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ရှိနေသည်။

    Ref: Reuters

  • လက်ကျန်ပွဲများ ရှုံး၍မရဟု ဗန်ဂါးလ်ပြော

    လက်ကျန်ပွဲများ ရှုံး၍မရဟု ဗန်ဂါးလ်ပြော

    မေ ၇၊ ၂၀၁၆
    M-Media

    van gal

    – ရာသီပြီးဆုံးကာနီး ယခုအချိန်တွင် မိမိတို့အသင်းအနေဖြင့် နောက်ထပ်ရှုံးပွဲကို လက်ခံ၍မရတော့ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရာသီတစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည့် မန်ယူမှာ လက်ရှိအချိန်တွင် FA ဖလား ဖိုင်နယ်သို့ ရောက်ရှိနေကာ ခရစ္စတယ်ပဲလေ့စ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာမှ မန်စီးတီးနှင့် တစ်ပွဲလျော့ ၄ မှတ်အကွာဖြင့် ပဉ္စမနေရာတွင် ရှိနေသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက် ရှိနေသေးသည်။

    ထို့ကြောင့် ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲကို မန်ယူအသင်းအနေဖြင့် အမှားခံ၍ မရဘဲ ဗန်ဂါးကလည်း အရှုံးနှင့်ကြုံတွေ့ပါက ပြန်လည်၍ ကုစားနိုင်မည်မဟုတ်ဟု ဆိုသည်။

    “အားကစားမှာ အရှုံး၊ အနိုင်ဆိုတာ ရှိစမြဲပါ။ ဒါက လက်ခံရခက်တဲ့ အမှန်တရားပါပဲ။ လက်ကျန် ပွဲတိုင်းကို ကျွန်တော်တို့ နိုင်ရပါမယ်။ ကျွန်တော်တို့အသင်းက လူတိုင်းမှာရှိနေတဲ့ ဖိအားက ကြီးပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သာမကဘဲ FA ဖလားကိုလည်း ကျွန်တော် ရချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ FA ဖလားဟာ အင်္ဂလန်မှာ အရေးပါတဲ့ ဖလားမို့လို့ပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မွတ်စလင်များအား စော်ကားသည့် ပြည်ထဲရေးဝန်ကြီးကို ဘယ်လ်ဂျီယံပြည်သူများ တရားစွဲမည်

    မွတ်စလင်များအား စော်ကားသည့် ပြည်ထဲရေးဝန်ကြီးကို ဘယ်လ်ဂျီယံပြည်သူများ တရားစွဲမည်

    မေ ၇၊ ၂၀၁၆
    M-Media

    belgium

    – IS အကြမ်းဖက်အဖွဲ့က ဘရပ်ဆဲလ်၌ တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ပိုင်း မွတ်စလင်များနှင့်ပတ်သက်၍ စော်ကားသည့် စကားများ ပြောဆိုခဲ့သော ပြည်ထဲရေးဝန်ကြီး ဂျန် ဂျမ်ဘွန်အား ဘယ်လ်ဂျီယံပြည်သူများက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု သိရသည်။

    လက်ယာယိမ်း N-VA ပါတီဝင်တစ်ဦးဖြစ်သော ဂျမ်ဘွန်မှာ ဧပြီ လ ၁၆ ရက်နေ့ထုတ် ပြည်တွင်းသတင်းစာ De Standaard နှင့် အင်တာဗျူးတွင် ဘယ်လ်ဂျီယံမွတ်စလင်များမှာ ဘရပ်ဆဲလ်တိုက်ခိုက်မှုအတွက် အောင်ပွဲခံခဲ့ကြသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုမှတ်ချက်ကြောင့် ဝေဖန်ခံခဲ့ရပြီးနောက်ပိုင်းတွက် ဂျမ် ဘွန်က ၎င်းမှာ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရည်ရွယ်ပြောဆိုခဲ့ခြင်းမဟုတ်ဟု ကာကွယ်ခဲ့သည်။

    သို့သော်လည်း ဘယ်လ်ဂျီယံပြည်သူအချို့ကမူ ယမန်နေ့က တရားရေးဌာန အဆောက်အဦးရှေ့တွင် ပြည်ထဲရေးဝန်ကြီးအား ဆန္ဒပြခဲ့ကြပြီး တရာသူကြီးချုပ်ရုံးသို့သွားရောက်ကာ ဂျမ်ဘွန်၏ ခွဲခြားမှုအတွက် တိုင်ကြားခဲ့ကြသည်။

    ရှေ့နေတစ်ဦးဖြစ်သူ မာရီ ပီယာရီက အစိုးရတာဝန်ရှိသူတစ်ဦး၏ ထိုမှတ်ချက်မှာ တင်းမာမှုကိုသာ ဖြစ်စေသည်ဟု ဆိုသည်။

    “ဒါမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါက ပုံမှန်လည်း မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးရဲ့အလုပ်က လုံခြုံရေး ဆောင်ရွက်ဖို့ပါ။ ဒါပေမယ့် ဒီလိုစကားမျိုးပြောတာက လူ့အဖွဲ့အစည်းတွင် တင်းမာမှုတွေကို မြင့်တက်စေပါတယ်” ဟု ပြောကြားခဲ့သည်။

    Ref: Press TV

  • ယနေ့ပွဲမနိုင်ပါက ကစားသမားများကို အဆုံးစီရင်မည်ဟု လက်စတာနည်းပြ အရွှန်းဖောက်

    ယနေ့ပွဲမနိုင်ပါက ကစားသမားများကို အဆုံးစီရင်မည်ဟု လက်စတာနည်းပြ အရွှန်းဖောက်

    မေ ၇၊ ၂၀၁၆
    M-Media

    leis

    – ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကာ သမိုင်းဝင်အောင်ပွဲ ရရှိထားသော်လည်း ယနေ့ပွဲတွင် ခြေစွမ်းမပြနိုင်ပါက ကစားသမားများအား အသက်သေသည်အထိ ရိုက်နှက်သွားမည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက အရွှန်းဖောက်ပြောကြားလိုက်သည်။

    လက်စတာမှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံဖြစ်ထားပြီး ယနေ့ အိမ်ကွင်းတွင် အဲဗာတန်နှင့် ကစားမည့်ပွဲပြီးနောက် ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ရရှိမည်ဖြစ်သည်။ ရာနီယေးရီကမူ အသင်းသားများအနေဖြင့် ထိုပွဲတွင် ပုံမှန်ခြေစွမ်းကောင်းကို ပြသနိုင်ရန် မျှော်လင့်ထားသည်။

    “(ခြေစွမ်းပြနိုင်ဘူးဆိုရင်) ကျွန်တော့်လက်နဲ့ သူတို့ကို မသေမချင်း ထုထောင်းမယ်။ လည်ပင်းလည်း ညှစ်မှာပါ။ ကျွန်တော်တို့ရဲ့အလုပ်က ကစားဖို့ပါ။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်မှာဖြစ်ပြီး အဲဗာတန်ကလည်း ကျွန်တော်တို့ကို နိုင်ချင်မှာပါ။ ဆုလာဘ်အနေနဲ့ ကစားသမားတွေကို အားလပ်ရပ်အပို ကျွန်တော် ပေးထားတယ်။ ဒါပေမယ့် လေ့ကျင့်ကွင်းမှာတော့ သူတို့ ကောင်းနေတုန်းဆိုတာ ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းများအား ကူညီရေး ရန်ပုံငွေပိုမိုထည့်ဝင်ရန် ဘန်ကီမွန်တိုက်တွန်း

    ပါလက်စတိုင်းများအား ကူညီရေး ရန်ပုံငွေပိုမိုထည့်ဝင်ရန် ဘန်ကီမွန်တိုက်တွန်း

    မေ ၇၊ ၂၀၁၆
    M-Media

    pales

    – ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ UNRWA ကို အလှူရှင်တွေအနေနဲ့ ငွေကြေး ပိုမို ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က တိုက်တွန်းဆော်သြလိုက်ပြီး ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုတွေအပေါ် ငွေကြေးထောက်ပံ့မှု မပြုလုပ်နိုင်တာက ပါလက်စတိုင်းဒေသအတွင်းမှာ မျှော်လင့်ချက်ကင်းမဲ့မှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေ ပိုမို ဖြစ်ပွားလာနိုင်တယ်လို့လည်း သတိပေး ပြောကြားလိုက်ပါတယ်။

    UNRWA ဟာ အရှေ့အလယ်ပိုင်းတစ်ဝှမ်းက ပါလက်စတိုင်းဒုက္ခသည်ပေါင်း ၅.၂ သန်းအတွက် အသက်ရှင်သန်ရေး မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး ပါလက်စတိုင်း ကလေးငယ် ငါးသိန်းအတွက် စာသင်ကျောင်း ၇၀၀ ကို ဖွင့်လှစ်သင်ကြားပေးနေတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီအဖွဲ့ဟာ ရန်ပုံငွေ ကန်ဒေါ်လာ ၈၁ သန်းလောက် အရေးပေါ် လိုအပ်နေပါတယ်။

    “ဘက်ဂျက်ရဖို့ မသေချာတာက ပေးဆပ်ရမှု ကြီးကြီးမားမားကို ဖြစ်စေနိုင်ပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေ နာလန်ပြန်မထူနိုင်တော့ဘူးဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ လူငယ်တွေ မျှော်လင့်ချက်ကင်းမဲ့တာ၊ အစွန်းရောက်အန္တရာယ် မြင့်တက်လာတာ၊ ဆင်းရဲတွင်း နက်သထက်နက်လာတာ၊ အနာဂတ်နဲ့ ဂုဏ်သိက္ခာ ပျောက်ဆုံးလာတာ၊ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုပြီးဖြစ်လာနိုင်တာ စတာတွေ ကြုံတွေရနိုင်တယ်ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး” လို့ ဘန်က UNRWA ဆက်လက်ရပ်တည်နိုင်ရေး ယခုတစ်ပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်နယ်ချဲ့မှုတွေ၊ ဖိနှိပ်ငြှင်းပမ်းမှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် ပါလက်စတိုင်း ဒုက္ခသည်အရေအတွက်ဟာ တစ်နေ့တစ်ခြားမြင့်တက်လာနေပါတယ်။

    Ref: IINA