မေ ၁၂၊ ၂၀၁၆
M-Media
– ကမ္ဘာတစ်ဝှမ်းလုံးမှာ စစ်ဘေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ ၄၀.၈ သန်း ရှိခဲ့တယ်လို့ ဂျီနီဗာအခြေစိုက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ စောင့်ကြည့်အဖွဲ့ IDMC က ယမန်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ဒါဟာ မှတ်တမ်းဝင်သမျှထဲက အများဆုံး အရေအတွက်ပြီး ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်အရေအတွက်ရဲ့ ၂ ဆ လောက် ရှိနေပါတယ်” လို့ အစီရင်ခံစာရေးသားမှုမှာ ပါဝင်ခဲ့တဲ့ နော်ဝေဒုက္ခသည်ကောင်စီ (NRC) ဥက္ကဌ ဂျန်အီဂျီလန်က ပြောပါတယ်။
၂၀၁၅ ခုနှစ်အတွင်းမှာ စစ်ပွဲကြောင့် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ ၈.၆ သန်း ရှိခဲ့ပြီး အဲဒီအထဲမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက ၄.၈ သန်း ပါဝင်ပါတယ်။
“အိမ်ယာစွန့်ခွာမှုတွေဟာ ၂၀၁၀ခုနှစ်က အာရပ်နွေဦးတော်လှန်ရေးနဲ့ IS အဖွဲ့ ပေါ်ထွန်းလာပြီးနောက် အဆမတန် များပြားလာခဲ့ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းက မဟုတ်ဘဲ အိမ်ယာစွန့်ခွာရသူအရေအတွက် အများဆုံးနိုင်ငံတွေက အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ နိုင်ဂျီရီးယား၊ တောင်ဆူဒန်နဲ့ ယူကရိန်းတို့ပဲ ဖြစ်ပါတယ်။
Ref; IINA
Leave a Reply
You must be logged in to post a comment.