News @ M-Media

Blog

  • အမျိုးသားရေးသမားများက သတင်းမှားများဖြင့် လူထုကြား မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်

    အမျိုးသားရေးသမားများက သတင်းမှားများဖြင့် လူထုကြား မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်

    မေ ၅၊ ၂၀၁၆
    M-Media

    1 a
    ပုံ-၁ လူထုကြားမတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်ထားသည့် ပို့စ်

    – ယမန်နေ့က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်သွားသည့် မန္တလာမင်း ခရီးသည်တင်ဘတ်စ်ကားတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုအား အမျိုးသားရေးအစွန်းရောက်များက လုပ်ကြံဖန်တီး၍ လူထုကြား မတည်မငြိမ်ဖြစ်ရန် လှုံ့ဆော်ခဲ့သည်ဟု သိရသည်။

    မေလ ၄ ရက်နေ့ နေ့လည် ၂ နာရီတွင် မိတ္ထီလာရှိ မန္တလာမင်းကားကိတ်သို့ ပြင်ဦးလွင်မှ တာဝန်သိ အမျိုးသားတစ်ဦးဆိုသူက ဖုန်းနံပါတ် (09792991968) ဖြင့် ရန်ကုန်မှ နေပြည်တော်သို့ နေ့လည် ၁ နာရီတွင် ထွက်ခွာသွားသော ကားပေါ်တွင် ချိန်ကိုက်ဗုံးပါသွားသည်ဟု မမှန်သတင်းပေးခဲ့သောကြာင့် ယာဉ်လိုင်းက အမြန်လမ်းရဲတပ်ဖွဲ့အား အကြောင်းအကြားကာ ရှာဖွေစစ်ဆေးစေခဲ့သည်။

    ထိုအဖြစ်အပျက်အား Soe Naing အမည်ရှိ Facebook အကောင့်တစ်ခုက မွတ်စလင်များမှာ မန္တလာမင်းကားပေါ်တွင် ပေါက်ကွဲစေတတ်သော ဓာတုဗေဒအရည်များကို တင်ဆောင်လာသည်ဟု လုပ်ကြံဖန်တီးကာ လူထုအကြား မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကမူ မိမိတို့မှာ ဖုန်းဆက်သတင်းပေးမှုကို ရရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့အားအကြောင်းကြားပြီး ရှာဖွေရာ မည်သည့်ချိန်ကိုက်ဗုံးမှ တွေ့ရှိခြင်းမရှိဘဲ၊ မည်သည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းမှလည်း မပါဝင်ကြောင်း၊ ထိုကဲ့သို့ မမှန်သတင်းပေးမှုနှင့် Facebook စာမျက်တွင်လှုံ့ဆော်မှုတို့အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေရှင်းထားသည်။

    2 a
    ပုံ-၂ မန္တလာမင်းမိသားစု၏ ဖြေရှင်းချက်

    အမျိုးသားရေးအစွန်းရောက်များမှာ အွန်လိုင်းစာမျက်နှာများမှတစ်ဆင့် လူမျိုးရေး အမုန်းတရားများ ဖြန့်ဖြူးကာ လူထုအကြား မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုများကို ယခုရက်ပိုင်းတွင် ပိုမိုပြုလုပ်လာခဲ့ပြီး တာဝန်ရှိသူများက မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

     

     

  • ၂၀၁၅ ခုနှစ်အတွင် အာရပ်နိုင်ငံ ၉ နိုင်ငံက ခြစားမှု အဆိုးရွားဆုံးဖြစ်ခဲ့

    ၂၀၁၅ ခုနှစ်အတွင် အာရပ်နိုင်ငံ ၉ နိုင်ငံက ခြစားမှု အဆိုးရွားဆုံးဖြစ်ခဲ့

    မေ ၅၊ ၂၀၁၆
    M-Media

    arab

    – အီဂျစ်နဲ့ ဂျော်ဒန်အပါအ၀င် အာရဗ် ၉ နိုင်ငံက ပြည်သူတွေဟာ သူတို့အနေနဲ့ အစိုးရရဲ့ အကျင့်ပြခြစားမှုဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရပါတယ်။

    ဂျာမနီအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှု အဖွဲ့ (Transparency International) က ဆူဒန်၊ မော်ရိုကို၊ အီဂျစ်၊ ယီမင်၊ လက်ဘနွန်၊ အလ်ဂျီရီးယား၊ တူနီးရှား၊ ဂျော်ဒန်နဲ့ ပါလက်စတိုင်းနိုင်ငံတွေက ပြည်သူတွေကို ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ တစ်ချို့သော ပြည်သူ့ဝန်ဆောင်မှုတွေအတွက် ယင်းနိုင်ငံတွေမှာရှိတဲ့ သုံးပုံတစ်ပုံသော ပြည်သူတွေဟာ လာဘ်ပေးခဲ့ရကြောင်း ဖော်ပြနေပါတယ်။

    နိုင်ငံတစ်နိုင်ငံစီက ပြည်သူ ၁၁၀၀ နီးပါးနဲ့ ၁၂၀၀ ခန့်လောက်ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု ၆ ခုအနက် အဆုံးရွားဆုံး လာဘ်ပေးလာဘ်ယူမှုနေရာက တရားရုံးတွေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

    “အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ခြစားမှုဟာ မကြာသေးခင်ကစပြီး ၆၁ ရာခိုင်နှုန်းလောက် တက်လာခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပါလီမန်အမတ်တွေဟာ ခြစားမှုအမြင့်ဆုံးလို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်” လို့ Transparency International ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

    အကျင့်ပျက်ခြစားနှုန်းမှာ လက်ဘနွန်က ၉၂ ရာခိုင်နှုန်း၊ ယီမင်က ၈၄ ရာခိုင်နှုန်း၊ ဂျော်ဒန်က ၇၅ ရာခိုင်နှုန်းရှိပြီး၊ အီဂျစ်နိုင်ငံက ၂၈ ရာခိုင်နှုန်းရှိကာ အလ်ဂျီးရီးယားက ၂၆ ရာခိုင်နှုန်းနဲ့ အသီးသီးရပ်တည်နေပါတယ်။

    Ref: Presstv

  • ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့သင်္ဘောကို အမေရိကန်စတင် စမ်းသပ်

    ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့သင်္ဘောကို အမေရိကန်စတင် စမ်းသပ်

    မေ ၄၊ ၂၀၁၆
    M-Media

    us unmaned

    – သင်္ဘောသား တစ်ယောက်မှ လိုက်ပါစရာမလိုဘဲ မိုင်ထောင်ပေါင်းများစွာ ခရီးဆန့်နိုင်မယ့် ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က စတင် စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။

    Sea Hunter လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောဟာ မီတာ ၄၀ ရှည်ပြီး စမ်းသပ်မောင်းနှင်ဖို့ ရေမချခင် တနင်္လာနေ့က ဆန်ဒီယေဂိုရှိ စစ်ဘက်ဆိုရာ အရာရှိတွေက ထုတ်ဖော်ပြသခဲ့ပါတယ်။

    ပင်တဂွန်စစ်ဌာနချုပ်ရဲ့ သုတေသနတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်သုတေသနစီမံကိန်းဌာန (DARPA) က ဒီသင်္ဘောကို တီထွင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၂ နှစ်အတွင်း ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှာ မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

    စမ်းသပ်မောင်းနှင်ရာမှာ အခြားသော ရေယာဉ်များကို အလိုအလျောက် ရှောင်ကွင်းနိုင်စွမ်းကို အဓိကထား စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ခုအရတော့ အဲဒီမောင်းသူမဲ့သင်္ဘောဟာ ရေမိုင် ၁၀၀၀၀ လောက်ကို ခုတ်မောင်းနိုင်ပြီး လပေါင်းများစွာ ခရီးနှင်နိုင်တယ်လို့ ဆိုပါတယ်။

    ဒီဇယ်လောင်စာကို အသုံးပြုထားတဲ့ အဲဒီသင်္ဘောကို စောစောပိုင်းက ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းဖို့ ဒီဇိုင်းထုတ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒီထက်ပိုပြီး အသုံးဝင်နိုင်ကာ မိုင်းရှာဖွေတာ၊ လက်နက်တွေသယ်ဆောင်တာနဲ့ အခြားသော ကိစ္စတော်တော်များများကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ဖန်တီးသူတွေက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ရေကြောင်းပြစနစ်နဲ့ အထိအခိုက်မခံတဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် ဆော့ဖ်ဝဲကို အသုံးပြုထားတာကြောင့် ဖောက်ထွင်းခံရမယ့် အန္တရာယ်ရှိနေပါတယ်။ DARPA က ဒီသင်္ဘောကို ကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး အခုချိန်မှာ သန်း ၂၀ လောက်နဲ့ အမြောက်အများထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

    Ref; Presstv

  • လက်စတာကြောင့် လာမည့်နှစ် ချန်ပီယံအတွက် တန်းတက်ဘန်လေအပေါ် အလောင်းအစားပြုမှု မြင့်တက်

    လက်စတာကြောင့် လာမည့်နှစ် ချန်ပီယံအတွက် တန်းတက်ဘန်လေအပေါ် အလောင်းအစားပြုမှု မြင့်တက်

    မေ ၄၊ ၂၀၁၆
    M-Media

    Burnley

    – ပြီးခဲ့သည့် ၁၂ လအရင်က တန်းဆင်းရန် ရုန်းကန်ခဲ့ရသည့် လက်စတာစီးတီးအသင်း ပရီးမီယားလိဂ် ချန်ပီယံဖြစ်ပြီးနောက် လာမည့်နှစ် ချန်ပီယံဖြစ်နိုင်ချေအတွက် တန်းတက်လာသည့် ဘန်လေအသင်းအပေါ် အသားပေး အလောင်းအစားပြုမှုများ အံ့သြဖွယ် မြင့်တက်လာသည်ဟု သိရသည်။

    လက်စတာမှာ ၂၀၁၅-၁၆ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ၅၀၀၀ လေး ၁ လေးသာ ရှိခဲ့သော်လည်း ရာသီပြီးဆုံးရန် ၂ ပွဲအလို တနင်္လာနေ့တွင် ပရီးမီးယားဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ဘန်လေအသင်းမှာ ထိုနေ့တွင်ပင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် သေချာခဲ့ပြီး ဘောလုံးပရိတ်သတ်များကမူ လက်စတာကဲ့သို့ လာမည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ချေအတွက် ဘန်လေအပေါ် အလောင်းအစားလုပ်မှု ပိုမိုပြုလုပ်ခဲ့ကြသည်။

    အလောင်းအစားဒိုင်တစ်ခုဖြစ်သည့် Sky Bet တွင် ၂၀၁၆-၁၇ ဘောလုံးရာသီ ဘန်လေအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ချေအတွက် အလောင်းအစားပြုသူမှာ ၁၀၀၀ ကျော်ရှိခဲ့ပြီး တန်ဖိုးမှာ ပေါင် ၁၀ သန်းခန့် ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် လက်စတာချန်ပီယံဖြစ်မည်ဟု အလောင်းအစားပြုလုပ်ခဲ့သည့် ပမာဏထက် ထက်ဝက်ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

    ပရီးမီးယားလိဂ်သို့ တန်းတက်လာပြီးနောက် ဘန်လေ၏ ချန်ပီယံဖြစ်နိုင်ချေမှာ ၅၀၀၀ လေး ၁ လေး ရှိခဲ့ပြီး အလောင်းအစားလုပ်မှု မြင့်တက်လာခြင်းကြောင့် ရက်အနည်းငယ်အတွင်း ဘွတ်ကီဒိုင်များက ၁၀၀၀ လေး ၁ လေးအဖြစ် မြှင့်တင်ခဲ့သည်။

    Ref: goal

  • လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် လက်ယာစွန်းရောက် ခေါင်းဆောင်တစ်ဦးကို ဂျာမနီက ဒဏ်ငွေချမှတ်

    လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် လက်ယာစွန်းရောက် ခေါင်းဆောင်တစ်ဦးကို ဂျာမနီက ဒဏ်ငွေချမှတ်

    မေ ၄၊ ၂၀၁၆
    M-Media

    bachman

    – ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာစွန်းရောက် လှုပ်ရှားမှု PEGIDA ကို တည်ထောင်သူနှင့် ခေါင်းဆောင်ဖြစ်သူ လတ်ဇ် ဘခ်ျမန်းကို လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများဖြင့် တရားရုံးက ယမန်နေ့တွင် ဒဏ်ငွေချမှတ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များအား ‘ချေးညှော်များ’ ဟု ခေါ်ဆိုခဲ့မှုအတွက် ဘခ်ျမန်းမှာ ဒဏ်ငွေ ယူရို ၉၆၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရမှု မရှိပေ။ ဘတ်ခ်ျမန်းက မိမိအား ထိုကဲ့သို့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုမှာ နိုင်ငံရေး ပြစားမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဘခ်ျမန်းမှာ Facebook ပို့စ်များတွင် ဒုက္ခသည်များအား စော်ကားနှိမ့်ချသည့် အသုံးအနှုန်းများဖြင့် လူမျိုးရေး အမုန်းတရားများကို လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲခံထားရသည်။ ၎င်း၏ ရှေ့နေကမူ Facebook အကောင့်များမှာ ခိုးယူ၍ ရနိုင်သည်ဟု လျှောက်လဲခဲ့သော်လည်း တရားသူကြီးများက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်ပွဲတွင် ဘတ်ခ်ျမန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည့် ဗီဒီယိုကို ပြသခဲ့သည်။

    ထို့ပြင် တရားသူကြီး ဟန်စ် လှဗ်ကာက ဘခ်ျမန်းမှာ ထိုမှတ်ချက်များအတွက် တာဝန်ရှိပြီး ထိုကဲ့သို့ စော်ကာမှုများကို လွတ်လပ်စွာ ပြောဆိုခွင့်အဖြစ် မှတ်ယူ၍မရဟု ပြောကြားခဲ့သည်။

    PEGIDA အဖွဲ့မှာ အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေး ချီတက်ပွဲများကို ပြုလုပ်လေ့ရှိပြီး၊ နာဇီဝါဒ၊ ဖက်ဆစ်ဝါဒ ဆန့်ကျင်သူများနှင့် မကြာခဏ ထိပ်တိုက်တွေ့ဆုံလေ့ရှိသည်။

    Ref: BBC