News @ M-Media

Blog

  • ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    german

    – ဂျာမနီနိုင်ငံ ကိုးလုံးမြို့၏ ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးက နိုင်ငံအတွင်းရှိ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာစွန်းရောက်ပါတီ Alternative for Deutchsland (AfD) အား ရှုတ်ချလိုက်သည်။

    ဘုန်းတော်ကြီး ရီန်နာ ၀ိုလ်ကီဖြစ်ပြီး အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော ၎င်း၏ ဗီဒီယိုတွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ကာ အစ္စလာမ်မှာ ဂျာမနီဖွဲ့စည်းပုံနှင့် သင့်လျော်မှုမရှိဆိုသည့် ထိုပါတီ၏ပြောစကားမှာလည်း အဓိပ္ပါယ်မရှိသည့်စကားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လက်ယာစွန်းရောက် AfD ပါတီမှာ နိုင်ငံအတွင်း ဗလီဝတ်ကျောင်းတော်များရှိ ၀တ်ပြုရန်နှိုးဆော်သည့် မျှော်စင် (မင်နာရတ်) နှင့် မွတ်စလင်အမျိုးသမီးများ၏ ခြုံထည် (ဘုရ်ခါ)တို့ကို ပိတ်ပင်ရန် ဆောင်ရွက်နေသည်။

    “AfD ခေါင်းဆောင်ပိုင်းက လုပ်သလိုမျိုး မွတ်စလင်တွေကိုနှိမ့်ချတဲ့ ဘယ်သူမဆို သိထားရမှာက ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားသလိုမျိုး ၀တ်ပြုဆောင်တွေ၊ ဗလီဝတ်ကျောင်းတော်တွေဟာလည်း ညီတူညီမျှ ကာကွယ်စောင့်ရှောက်ခြင်း ခံရပါလိမ့်မယ်။ ဘုရားကျောင်းမှာ မျှော်စင်ရှိရမယ်လို့ ပြောတဲ့သူတိုင်း မင်နာရတ်လည်း ရှိရမယ်လို့ ပြောကိုပြောရမှာပါ” ဟု ဘုန်းတော်ကြီး ၀ိုလ်ကီက ပြောကြားခဲ့သည်။

    အဆိုပါ လက်ရောက်စွန်းရောက်ပါတီက အစ္စလာမ်သာသနာမှာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ပြောကြားမှုကိုလည်း ဘုန်းတော်ကြီး ၀ိုလ်ကီက

    “အစ္စလာမ်သာသနာဟာ ဂျူးနဲ့ ခရစ်ယာန်တို့လိုပဲ ဂျာမနီဖွဲ့စည်းပုံနဲ့ သင့်မြတ်လျော်ကန်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားတဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို မေးခွန်းထုတ်တဲ့သူတွေ ကိုယ်တိုင်သာ သူတို့ရဲ့ပြောကြားမှုတွေဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုတာ ဆန်းစစ်ရမှာပါ။ ဂျာမနီနိုင်ငံမှာ အခြားလမ်းတစ်လမ်း မလိုပါဘူး။ ကျွန်တော်တို့တိုင်းပြည်က ဘာသာရေးလွတ်လပ်ခွင့်ဟာ ချွင်းချက်မရှိပါဘူး” ဟု ပြန်လည် ချေပ ပြောဆိုခဲ့သည်။

    ထို့ပြင် ဂျာမနီ၏ အတိတ်ဆိုးကို တစ်ကျော့ပြန်လာစေ၍ မရဟုလည်း ၀ိုလ်ကီက ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဂျာမနီမှာ နာကျည်စရာ သမိုင်းရှိနေပါတယ်။ ဒီတိုင်းပြည်က ဘယ်သူမဆို သူတို့ရဲ့ လူမျိုး၊ ဇာတိ၊ ဘာသာတရားတွေအတွက် ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှု ထပ်ဖြစ်လို့ မရပါဘူး”

    Ref: Christiantoday

  • အမေရိကန်တွင် ကစားစရာသေနတ် ကိုင်ဆောင်ထားသည့် လူငယ်ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်

    အမေရိကန်တွင် ကစားစရာသေနတ် ကိုင်ဆောင်ထားသည့် လူငယ်ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    black man

    – ရဲတပ်ဖွဲ့၏ ထိန်းသိမ်းထားမှုအတွင်း သေဆုံးသွားခဲ့သည့် လူမည်းလူငယ် ဖရက်ဒီဂရေးအတွက် နှစ်ပတ်လည် ဆန္ဒပြမှုအတွင်း အမေရိကန်ရဲတပ်ဖွဲ့က အရုပ်ပစ္စတိုကိုင်ထားသော အသက် ၁၃ နှစ်အရွယ်ကလေးငယ်အား သေနတ်ဖြင့် ပစ်ခဲ့သည်ဟု သိရသည်။

    ဘလာတီမိုးရ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အရုပ်ပစ္စတိုကိုင်ဆောင်ထားသည့် ကလေးငယ်အား တကယ့်သေနတ်အစစ်အဖြစ် ထင်မှတ်၍ ရဲတပ်ဖွဲ့ဝင်၂ ဦးက လိုက်လံဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ကီဗင် ဒါးဗီးစ်က ပြောကြားခဲ့သည်။

    အဆိုပါလူငယ်လေးမှာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ လူငယ်လေး၏ မိခင်ကို ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းမရှိချေ။

    လွန်ခဲ့သော တစ်နှစ်အရင်က ရဲတပ်ဖွဲ့၏ ထိန်သိမ်းမှုအတွင်း သေဆုံးသွားခဲ့သည့် လူမည်းအမျိုးသား ဖရက်ဒီဂရေးအ တွက် ယမန်နေ့က ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် ချီတက်ဆန္ဒပြပွဲတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံသို့လာရောက်သည့် ဂျာမန်ခရီးသွားနှစ်ဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ

    မြန်မာနိုင်ငံသို့လာရောက်သည့် ဂျာမန်ခရီးသွားနှစ်ဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    mine

    – မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဂျာမန် ခရီးသွားဧည့်သည် ၂ ဦးမှာ ရှမ်းပြည်နယ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံပိုင် New Light of Myanmar သတင်းစာကမူ အဆိုပါ ခရီးသွား ၂ ဦးမှာ အသက် ၂၄ နှစ်အရွယ်စီရှိသည့် Wiebke Rosler နှင့် Felix Zimmermann တို့ဖြစ်ပြီး ၎င်းတို့၏ ဧည့်လမ်းညွှန်နှင့်အတူ အင်္ဂါနေ့ နေ့လည်ပိုင်းက ကျောက်မဲမြို့တွင် မြေမြှုပ်မိုင်း ထိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဒဏ်ရာရရှိသူ ၂ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တင်မောင်သိန်းကမူ Rosler မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ကာ ၎င်း၏ လက်နှင့် နားအနီးတွင် ဒဏ်ရာများရရှိခဲ့ပြီး၊ Zimmermann မှာ ခန္တာကိုယ်ညာဘက်ပိုင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဧည်လမ်းညွှန်မှာလည်း ဒဏ်ရာ အနည်းငယ်သာရရှိခဲ့သည်။

    အဆိုပါ ဂျာမန်ခရီးသွားများကို မန္တလေးမြို့ရှိ ဆေးရုံတွင် ဆေးကုသပေးနေပြီး ယမန်နေ့တွင် လမ်းလျှောက်နိုင်ပြီဟု တင်မောင်သိန်းက ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် ၇ နှစ်အတွင်း လူသတ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရသူ တတိယအများဆုံးရှိသည့် နိုင်ငံဖြစ်သည်ဟု နိုင်ငံတကာ Ban Landmines လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းများ တားဆီးပိတ်ပင်ရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်။

    မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းများကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖက်စလုံးက အသုံးပြုသည်ဟု ယုံကြည်ရသည်။

    Ref: ABCnews

  • ရုရှားထုတ် တိုက်လေယာဉ် ၃ စင်း နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရောက်မည်

    ရုရှားထုတ် တိုက်လေယာဉ် ၃ စင်း နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရောက်မည်

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    fighter

    – ရုရှားမှာ ၎င်းတို့ကိုယ်ပိုင်ထုတ်လုပ်သည့် တိုက်လေယာဉ် Yakovlev Yak-130 (Mitten) ၃ စီးကို ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဟု သိရသည်။

    တိုက်လေယာဉ်ထုတ်လုပ်သည့် Irkut ကုမ္ပဏီ၏ ၂၀၁၆ ခုနှစ် ပေးပို့ရေး အစီအစဉ်တွင် အဆိုပါ တိုက်ပွဲဝင် လေ့ကျင့်ရေးတိုက်လေယာဉ်ကို သက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့်အတူ မြန်မာနိုင်ငံသို့ နှစ်မကုန်ခင် ပေးပို့ရန်နှင့် ဘက်စုံလေ့ကျင့်နိုင်သည့် တိုက်လေယာဉ် မောင်းနှင်လေ့ကျင်ရေးစက် (simulator) ကိုလည် ၂၀၁၇ ခုနှစ် အဆုံးပိုင်းတွင် ပေးပို့ရန် ဖော်ပြထားသည်။

    တစ်စီးလျှင် ကန်ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ Yak-130 တိုက်လေယာဉ်မှာ အသံထက်နှေးကွေးသည့် ရုရှားထုတ် မျိုးဆက်သစ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များတွင် ထုတ်လုပ်ကာ ၂၀၀၀ ပြည့်နှစ်များတွင် စမ်းသပ်ပျံသန်းခြင်းကို ပြုလုပ်ခဲ့သည်။

    မြန်မာနိုင်ငံမှာ ထိုတိုက်လေယာဉ်အား ၀ယ်ယူရန် ၂၀၁၂ ခုနှစ်ကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

    ထို့ကြောင့် အလ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘီလာရုဇ်နိုင်ငံတို့ပြီးနောက် မြန်မာနိုင်ငံမှာ ထိုတိုက်လေယာဉ်ကို ၀ယ်ယူသည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့ပြင် အဇာဘိုင်ဂျန်၊ ဆီးရီးယား၊ ဆားဘီးယားနှင့် ဗီယ်နမ်တို့အပါအ၀င် အခြားသောနိုင်ငံများကလည်း ရုရှားထုတ် Yak-130 တိုက်လေယာဉ်အား ၀ယ်ယူရန် စိတ်ဝင်စားနေသည်။

    Ref: The Diplomat

  • မဖြစ်နိုင်သည့်ကိစ္စ မရှိဆိုသည်ကို လက်စတာက ပြသတော့မည်ဟု ဒဲလ်ပီယာရိုပြော

    မဖြစ်နိုင်သည့်ကိစ္စ မရှိဆိုသည်ကို လက်စတာက ပြသတော့မည်ဟု ဒဲလ်ပီယာရိုပြော

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    lec 1

    – ကမ္ဘာပေါ်တွင် မဖြစ်နိုင်သည့်အရာ ဘာမှမရှိသည်ကို ပြသနိုင်ရန်အတွက် လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးစေချင်သည်ဟု အီတလီ ဂန္တ၀င်ကွင်းလယ်လူဟောင်း အလက်ဇန်ဒရို ဒဲလ်ပီယာရိုက ပြောကြားလိုက်သည်။

    လက်ရှိတွင် ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင်ကစားမည့် မန်ယူအသင်းနှင့်ပွဲတွင် အနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    လွန်ခဲ့သည့် ၁၂ လတာအရင်က တန်းမဆင်းရရေး ရုန်းကန်ခဲ့ရသည့် လက်စတာအသင်း၏ ယခုအခြေအနေအတွက် အံ့သြရသူများတွင် ဒဲလ်ပီယာရိုလည်း ပါဝင်ခဲ့သည်။

    “လက်စတာဟာ ပရီးမီးယားလိဂ်ဖလားနဲ့ လုံးဝ နီးစပ်နေပါပြီ။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း အဆုံးသတ်မယ်လို့ ကျွန်တော် တကယ့်ကို မျှော်လင့်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ရဲ့ မြေးမြစ်တွေကို ပြောပြလို့ရအောင်ပါ။ ဒါဟာ အားကစားလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ ပြယုဂ်ပါပဲ” ဟု ဒဲလ်ပီယာရိုက ပြောကြားခဲ့ပြီး တနင်္လာနေ့က စီးရီးအေဖလားကို ၅ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သည့် ၎င်း၏ အသင်းဟောင်း ဂျူဗင်တပ်စ်ကိုလည်း ချီးကျူးခဲ့သည်။

    Ref: Goal