မေ ၄၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံအား အကူအညီကြီးကြီးမားမားပေးအပ်လျက်ရှိနေသည့် မိမိတို့အနေဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီနို ကစ်ဟီဒါက ကတိပြု ပြောကြားလိုက်သည်။
ယမန်နေ့မနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကိုလည်း ကူညီသွားမည်ဟု ဆိုသည်။
ဂျပန်နိုင်ငံမှ ဆက်လက်ကူညီပံ့ပိုးသွားမည့် ကဏ္ဍများမှာ အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ အခြေခံအဆောက်အဦးများနှင့် ဘဏ္ဍာရေးကဏ္ဍတို့ဖြစ်ကြပြီး အကူအညီမပေးခင် နိုင်ငံ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ အစိုးရနှင့် ထပ်မံဆွေးနွေးသွားမည်ဟု မစ္စတာ ကစ်ဟီဒါက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိချိန်တွင် ကုလသမဂ္ဂကလည်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၃၁.၇ သန်းတန်ဖိုးရှိ အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအတွက် ကျေးဇူးတင်သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ ထိခိုက်ခံစားလွယ်သော လူ့အဖွဲ့စည်းများအတွက် အဓိကထား သုံးစွဲသွားမည်ဖြစ်ပြီး ကုလသမဂ္ဂလက်အောက်ခံ အကူအညီပေးရေအဖွဲ့များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။
Ref: mmtimes


Leave a Reply
You must be logged in to post a comment.