News @ M-Media

Blog

  • ခရိုအေးရှားတွင် အစ္စလာမ်အား အသိအမှတ်ပြုမှု ရာပြည့်အခမ်းအနား ကျင်းပ

    ခရိုအေးရှားတွင် အစ္စလာမ်အား အသိအမှတ်ပြုမှု ရာပြည့်အခမ်းအနား ကျင်းပ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    croatia

    – အစ္စလာမ်သာသနာကို နိုင်ငံရဲ့ တရားဝင် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုခဲ့တဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ခရိုအေးရှားနိုင်မှာ ယမန်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ၁၉၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ သြစထရို-ဟန်ဂေရီအင်ပါယာရဲ့ ခရိုအေးရှန်း-ဆလိုဗေးနီးယန်းပြည်နယ်မှာ အစ္စလာမ်ဘာသာကို ရိုမန်ကက်သလစ်ဘာသာ၊ အောသိုဒေါ့စ်ဘာသာများနဲ့အတူ နိုင်ငံအတွင်းရှိနေတဲ့ ဘာသာတရားတစ်ခုအဖြစ် လွှတ်တော်ကနေ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုရာပြည့်အထိမ်းအမှတ်အတွက် ခရိုအေးရှားပါလီမန်ဟာ ယမန်နေ့မှာ အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်းက အသင်းအဖွဲ့တွေကလည်း မြို့တော် ဇာဂရဘ်မှာ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

    ခရိုအေးရှားလူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းဟာ ရိုမန်ကက်သလစ်များ ဖြစ်ကြပြီး၊ အော်သိုဒေါ့က်စ်ခရစ်ယာန်များက ၄.၄ ရာခိုင်နှုန်းရှိကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူကတော့ ၁.၅ ရာခိုင်နှုန်း (လူဦးရေ ၆၃၀၀၀) ခန့် ရှိနေပါတယ်။

    Ref: IINA

  • ဘိုန်ယန်ကိုနိုင်သည့်ခြေစွမ်းမှာ မိမိတို့၏ အကောင်းဆုံးခြေစွမ်း မဟုတ်သေးဟု အက်သလက်တီကိုနည်းပြပြော

    ဘိုန်ယန်ကိုနိုင်သည့်ခြေစွမ်းမှာ မိမိတို့၏ အကောင်းဆုံးခြေစွမ်း မဟုတ်သေးဟု အက်သလက်တီကိုနည်းပြပြော

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    Diego

    – ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ ဘိုင်ယန်အား အနိုင်ရသည့်ပွဲတွင် မိမိတို့အသင်း၏ အကောင်းဆုံးခြေစွမ်းနှင့် နီးစပ်သည့် စွမ်းဆောင်ရည်ကို တွေ့ခဲ့ရသည်ဟု အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။

    ယနေ့မနက်က အက်သလက်တီကို အိမ်ကွင်းတွင်ကစားခဲ့သည့် အဆိုပါပွဲတွင် အိမ်ရှင်အသင်းမှာ ဆာအူလ် နီဂွက်ဇ်၏ ၁၂ မိနစ် အံ့သြဖွယ် တစ်ကိုယ်တော်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ကစားခဲ့သည့် အက်သလက်တီကိုမှာ ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။

    ၂၀၁၃-၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်ကိုရှုံးကာ ဒုတိယ ရရှိခဲ့ပြီး၊ ထိုနှစ်လာလီဂါကိုမူ ဆွတ်ခူးနိုင်ခဲ့သည်။ လက်ရှိတွင်လည်း လာလီဂါတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဆီမြွန်နီကမူ ဘိုင်ယန်အား အနိုင်ရသည့် အသင်းအား ချီးကျူးခဲ့သည်။

    “အသင်းရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ နီးစပ်တဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရပါတယ်။ ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ်က ခြေစွမ်းမျိုးပါပဲ။ ကျွန်တော်တို့ ကစားချင်တဲ့နည်းလမ်းအတိုင်း စီမံနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း အခြေအနေတွေကို ပြောင်းလဲနိုင်တဲ့အသင်းပါ။ သံသယရှိစရာမလိုတာကတော့ ပထမပိုင်းမှာ ကျွန်တော်တို့ သက်တောင့်သက်သာရှိခဲ့တယ်၊ ဒုတိယပိုင်းမှာ သူတို့ သက်တောင့်သက်သာ ရှိခဲ့တယ် ဆိုတာပါပဲ” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိတို့မှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်နိုင်စွမ်းရှိနေပြီဟု အီရန်ပြော

    မိမိတို့မှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်နိုင်စွမ်းရှိနေပြီဟု အီရန်ပြော

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    missile

    – မိမိတို့တိုင်းပြည်ရဲ့ နည်းပညာစွမ်းပကားဟာ တိုက်ချင်းပစ်ဒုံးကျည်တွေ ဖန်တီးထုတ်လုပ်နိုင်တဲ့အဆင့်အထိ ရှိနေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ ဟာမစ် ဘာအစ်ဒီနီဂျဒ်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့နိုင်ငံရဲ့ စွမ်းပကားက တိုးတက်လျက် ရှိနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနယ်ပယ်မှာ ဘာကန့်သတ်ချက်မှ ရှိမနေတော့ပါဘူး၊ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်မှာလည်း ဘယ်လို နည်းပညာ ကန့်သတ်ချက်မျိုးမှ မရှိပါဘူး။ အခုဆိုရင် ကျွန်တော်တို့ရဲ့သိပံ္ပစွမ်းအားဟာ တိုက်ကြီးတွေအကြား ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်မျိုး ထုတ်လုပ်ဖို့တောင် အခြေအနေ ပေးနေပါပြီ”

    နောက်ပြီး မိမိတို့ရဲ့ စစ်ရေးမူဝါဒဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒနဲ့မတူဘဲ ကာကွယ်ရေးကိုသာ အခြေခံပြီး ရန်သူတွေရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

    “ဒေသတွင်းက တခြားသောနိုင်ငံတွေ၊ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးမူဝါဒနဲ့မတူညီတာက ကျွန်တော်တို့ရဲ့ စစ်ရေးမူဝါဒဟာ ဒေသတွင်း ဒါမှမဟုတ် ကမ္ဘာကြီးမှာ ရန်လိုခြိမ်းခြောက်မှုတွေ လျော့ကျစေဖို့ဖြစ်ပါတယ်”

    Ref: Presstv

  • ၁၀ စုနှစ်တစ်ခုကျော်အတွင်း Apple က ပထမဆုံး ရောင်းအားနှင့် အမြတ်ငွေလျော့ကျ

    ၁၀ စုနှစ်တစ်ခုကျော်အတွင်း Apple က ပထမဆုံး ရောင်းအားနှင့် အမြတ်ငွေလျော့ကျ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    apple 2

    – ကမ္ဘာကျော် Apple ကုမ္ပဏီအနေနဲ့ အခုနှစ် ပထမ ၃ လပတ်မှာ ၁၃ နှစ်အတွင်း ပထမဆုံးအဖြစ် အမြတ်ငွေလျော့ကျခဲ့ပြီး အိုင်ဖုန်းရောင်းချရမှုမှာလည်း ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်နဲ့ယှဉ်ရင် ၁၀ သန်းလောက် လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။

    အခုလိုဖြစ်ရပ်ကြောင့် Apple ကုမ္ပဏီ၊ စီအီးအိုဖြစ်သူ တင်မ်ကွတ်တို့ကို နောက်ထပ် ထုတ်ကုန်တွေအတွက် ဖိအားတွေဖြစ်စေခဲ့ပါတယ်။ ၀င်ငွေကျဆင်းခဲ့ပေမယ့် အခုနှစ် ပထမ ၃ လပတ် အကျိုးအမြတ်ကတော့ ဒေါ်လာ ၁၀.၅ ဘီလီယံ ရှိခဲ့ပါတယ်။

    Apple ရဲ့ နောက်ဆုံးထွက် အိုင်ဖုန်းဟာ အရင် မော်ဒယ်တွေနဲ့ ကွဲလွဲမှုသိပ်မရှိတာ၊ ပြိုင်ဘက်တွေများပြားလာပြီး ကမ္ဘာတစ်ဝှမ်း ရောင်းချရမှု ကျဆင်းလာတာတွေကလည်း ဒီလို အမြတ်ငွေနည်းပါးခြင်းရဲ့ အကြောင်အရင်းတွေ ဖြစ်ပါတယ်။ Apple ဟာ iPad၊ Mac ကွန်ပျူတာနဲ့ အခြားသော ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ရောင်းချပေမယ့် သူတို့ရဲ့ အမြတ်ငွေ ၃ ပုံ ၂ ပုံဟာ အိုင်ဖုန်းရောင်းချရမှုတွေထဲက ရရှိတာဖြစ်ပါတယ်။

    Sourc: AP

  • အားလုံး သတိထားရမည့် ထောင်ချောက်

    အားလုံး သတိထားရမည့် ထောင်ချောက်

    p1
    လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ဆက်ဆံခြင်းနှင့် အစွန်းရောက်လုပ်ရပ်များ ရပ်တန့်ရန် ရန်ကုန်မြို့တွင် ဧပြီ ၂၅ ရက်က လူငယ်အချို့ ဆန္ဒထုတ်ဖော်နေကြစဉ်။ (ဓာတ်ပုံ−စိုင်းဇော်)

    7Days မှ ကူးယူဖော်ပြပါသည်။
    .
    အရပ်သားအစိုးရသစ်တက်လာပြီး တစ်လမပြည့်မီမှာပင် မြန်မာနိုင်ငံ၌ ဘာသာရေး၊ လူမျိုးရေးနှင့် ယှက်နွှယ်ပြီး လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား အထင်အမြင်လွဲမှားစေနိုင်မည့် သတင်းများက ခပ်စိပ်စိပ်ထွက်ပေါ်လျက်ရှိသည်။
    .
    ဘာသာရေးနှင့်ပတ်သက်၍ အကဲဆတ်လွယ်သော မြန်မာနိုင်ငံတွင် လူမျိုးရေး၊ဘာသာရေးအမုန်းပွားစေမည့်သတင်းများက လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် တစ်ကျော့ပြန်ဖြန့်ဝေမှုများလာခြင်းဖြစ်သည်။
    .
    ဧပြီလဆန်းမှစ၍ ရခိုင်ပြည်နယ်အတွင်း ဘာသာရေးအသွင်ဆောင်သော ပြဿနာကိုစတင်စေခဲ့သည့် ကျောက်နီမော်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားသော ဗီဒီယိုဇာတ်ကားကို လူမှုကွန်ရက်တွင် ဖြန့်ဝေမှုပြုလုပ်ခဲ့ခြင်းဖြင့် သံသယဖြစ်ဖွယ်လှုံ့ဆော်ချက်များ စတင်ခဲ့ ပြီးနောက် အမုန်းပွားမှုများဖြစ်ပေါ်စေနိုင်သည့် သတင်းများဆက်တိုက် ဖြန့်ဝေပျံ့နှံ့မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
    .
    ထင်ရှားသော ဖြစ်ရပ်အချို့မှာ အစ္စလာမ်ဘာသာဝင်များ ဘုရားတွင် ဈေးရောင်းခြင်းကို ရဟန်းအချို့က ပစ္စည်းသိမ်း၍ ဟန့်တားခြင်း၊ ဒီချုပ်အစိုးရက ဘင်္ဂါလီသုံးရာကျော်ကို လက်ခံခဲ့သည်ဟု သတင်းအမှားဖြန့်ဝေခြင်းနှင့် ဗလီတွင် ဓားအလက်သုံးရာ ခန့်သိမ်းမိသည်ဟုဆိုသော သတင်းအမှားဖြန့်ဝေမှုတို့ဖြစ်သည်။
    .
    အဆိုပါ  ဖြစ်ရပ်များထဲမှ ဘင်္ဂါလီသုံးရာကျော်ကို အစိုးရသစ်က လက်ခံလိုက်သည်ဟုဆိုသော သတင်းကိုမူ နိုင်ငံတော်သမ္မတရုံးက မဟုတ်မှန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
    .
    သို့သော် ဘာသာရေးအသုံးချသည့်သတင်းဖြန့်ဝေမှုများသည် ဆက်လက်ထွက်ပေါ်နေခဲ့သည်။
    .
    သင်္ဃန်းကျွန်းမြို့နယ်တွင် (၁၆)နှစ်အရွယ် ဗုဒ္ဓဘာသာလူငယ်တစ်ဦးကို အစ္စလာမ်ဘာသာဝင်များက ရိုက်နှက်မှုပြုလုပ်ပြီး သွားရောက်ဟန့်တားသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ ပြန်လည်ခုခံမှုများပြုလုပ်၍ အခြေအနေတင်းမာမှုများ ဖြစ်ပေါ်နေသည်ဆိုသော သတင်းဖြန့်ဝေမှုများ ဧပြီ ၂၄ ရက်၌ ထပ်မံထွက်ပေါ်ခဲ့ပြန်သည်။
    .
    ယင်းဖြစ်ရပ်ကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများဖြန့်ဝေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကမူ ထိုသို့ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
    .
    ‘‘တချို့ကလည်း ဖွတဲ့သူတွေ ရှိတယ်လေ။ ဖေ့စ်ဘွတ်ခ်သုံးတဲ့သူတွေဆို သိပါတယ်။ ဘယ်သူတွေက ဖွတတ်လဲ၊ ဘယ်သူတွေက အမှန်ပေးလဲ။ အဲဒီလိုမျိုးတွေရှိတာပေါ့နော်။ ဖွတဲ့ပေ့ခ်ျတွေကိုလည်း စိတ်ခံစားမှုအရမ်းကြီးမလိုက်ကြနဲ့ပေါ့’’ဟု လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် သတင်းအမှားများ ဖြန့်ဝေနေမှုအပေါ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားရေးလှုပ်ရှားမှုများ၌ ပါဝင်ဆောင်ရွက်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည့် ဦးရေ၀တက မိန့်ကြားသည်။
    .
    ထိုသို့ သတင်းများ ဆက်တိုက်ထွက်ပေါ်နေခြင်းမှာ ရက်ပိုင်းမျှသာသက်တမ်းရှိသေးသည့် အစိုးရသစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြင့် အခက်အခဲဖြစ်စေရန် ဦးတည်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။
    .
    ‘‘လူမျိုးရေး၊ ဘာသာရေးပြဿနာမီးကို ပြန်မွှေးပြီး အစိုးရသစ်အခက်တွေ့အောင်၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် လူတစ်စုက လုပ်ဆောင်နေတဲ့သဘောတွေ့ရတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသက်ဇင်က ပြောသည်။
    .
    ယခင်က ဘာသာရေးအသွင် ပြဿနာများတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာနှစ်ခုအကြား ဖြစ်ရပ်များသာ ကြီးထွားနေခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် ခရစ်ယာန်ဘာသာကိုပါ အမုန်းပွားဖွယ်ဖြစ်စေမည့် ပြောဆိုမှုများရှိလာခဲ့ကြောင်း စောင့်ကြည့်သူများက ဆိုသည်။
    .
    ဒီချုပ်အစိုးရက ချင်းတိုင်းရင်းသားခရစ်ယာန်ဘာသာဝင် ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတ ခန့်အပ်တာဝန်ပေးခြင်းအပေါ် ဗုဒ္ဓဘာသာဝင်မဟုတ်၍ လက်မခံကြောင်း အမျိုးသားရေးလှုပ်ရှားသူအချို့က ဆန္ဒပြမှုများပင်ပြုလုပ်ခဲ့ကြသည်။
    .
    ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း မြိုင်ကြီးငူဆရာတော်၏ အစီအမံဖြင့် စေတီတည်ခဲ့ခြင်းမှာလည်း ဘာသာနှစ်ခုအကြား ပြဿနာဖြစ်ပွားစေရန် အစပျိုးသကဲ့သို့ဖြစ်စေခဲ့သည်ဟု ပြည်သူအချို့က သုံးသပ်သည်။
    .
    မြိုင်ကြီးငူ ဆရာတော်၏ ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကိုလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းက စိုးရိမ်မကင်းဖြစ်ခဲ့သည်။ ကရင်တိုင်းရင်းသားအရေး ဆောင်ရွက်သည့် လူငယ်ခေါင်းဆောင် စောထီးမူးက ၎င်း၏အမြင်ကို ယခုကဲ့သို့ ပြောသည်။
    .
    ‘‘တရားဥပဒေစိုးမိုးရေး အတွက် အစိုးရက အကောင်အထည်ဖော်တဲ့အခါ လူထုတစ်ရပ်လုံး (ဘာသာပေါင်းစုံ)လက်တွဲပြီး ရပ်တည်ပေးနိုင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် မလိုသူတွေက ဘာသာရေးအဓိကရုဏ်းဖြစ်စေတဲ့ လှုံ့ဆော်မှုတွေဝင်လာရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများလိမ့်မယ်’’
    .
    လှိုင်းဘွဲမြို့နယ် ရွှေဂွန်း ကျေးရွာအုပ်စု အမှတ်(၅)ရပ် ကွက်တွင်လည်း ဘာသာခြားများ နေသည့်အနီးလမ်းပေါ်၌ စေတီ တည်ရန်ဆိုကာ ဉာဏ်တော် ကိုး လက်မအရွယ်ခန့် နဂါးရုံဘုရား တစ်ဆူ လာရောက်မြေမြှုပ်ထားမှု ရှိခဲ့သေးသည်။
    .
    ဘာသာရေးကို အကြောင်းပြု၍ ဆူပူမှုပြုလုပ်ဖြစ်ပေါ်စေရန် ကြံနေသူများမှာ ရွေးကောက်ပွဲ၌ ဒီချုပ်ပါတီက အပြတ်အသတ်အနိုင်ရရှိသွားခြင်းအပေါ် မရှုဆိတ်သူများဖြစ်ပြီး ဘာသာရေးအမှန်တကယ် ယုံကြည်လက်ခံလိုစိတ်ရှိသူများမဖြစ်နိုင်ကြောင်း ဦးသက်ဇင်က ပြောသည်။
    .
    ‘‘တခြား နိုင်ငံတွေမှာလည်း ဘာသာရေး ပြဿနာတွေရှိကြတယ်။ ဒါပေမဲ့ သူတို့ခံယူချက်နဲ့ မြန်မာနိုင်ငံက လူအချို့ရဲ့ခံယူချက်က မတူဘူး။ ဟိုကလူတွေက ဘာသာရေးယုံကြည်ချက်ကြောင့် ဖြစ်ကြတာ။ ဒီမှာက အစဉ်အဆက်နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ဘာသာရေးကို အသုံးချခဲ့ကြတာ။ အဲဒီလုပ်ရပ်က ဘာသာရေးယုံကြည်ချက်ကြောင့် လုပ်သူတွေထက်ပိုပြီးသိက္ခာမဲ့စေတဲ့လုပ်ရပ်ပဲ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
    .
    မိတ္ထီလာ အရေးအခင်းကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ မိတ္ထီလာမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ရေး အသင်းအဖွဲ့မှ ဒေါက်တာတင်စိန်က သတင်းအမှားဖြန့်ဝေနေသူများသည် လက်ရှိအစိုးရလုပ်ဆောင်နေမှုများအား အကျပ်ရိုက်အောင် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
    .
    ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအောင်ကျော်က ‘‘ဘာသာရေးနဲ့ နိုင်ငံရေးကိုခွဲခြားမြင်တတ်ဖို့ လူ့အဖွဲ့အစည်းမှာရောသံဃ အဖွဲ့အစည်းမှာပါ သိက္ခာသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဆရာတော်ကြီးတွေဦးဆောင်ဖြေရှင်းသင့်တယ်လို့မြင်တယ်’’ဟု ဆိုသည်။
    .
    ယခင်အစိုးရလက်ထက်က စတင်ခဲ့သည့် ဘာသာရေးနှင့် လူမျိုးရေးအသွင်ဆောင်သော ပဋိပက္ခများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့၊ လားရှိုးမြို့နှင့် မန္တလေးမြို့တို့မှာအထင်ရှားဆုံးပြဿနာဖြစ်ပွားရာနေ ရာများဖြစ်ခဲ့သည်။
    .
    ယခုအဆိုပါဒေသများတည်ငြိမ်မှုရှိလာချိန်တွင် တစ်ကျော့ပြန်ပြဿနာများဖြစ်လာနိုင်သည့် လှုံ့ဆော်မှုများကြောင့် ပြည်သူများအကြား စိုးရိမ်စိတ်များပြန်လည်ဝင်လာခဲ့ကြကြောင်း ဒေသခံများကဆိုသည်။
    .
    ‘‘တစ်ယောက်နဲ့  တစ်ယောက်အမုန်းပွားစေမယ့် ဘယ်လိုဖြစ်ရပ်မျိုးမှ ထပ်မဖြစ်ချင်တော့ဘူး။ အခုသတင်းတွေကြားတာနဲ့ စိုးရိမ်စိတ်တွေက နှစ်ဖက်စလုံးမှာ ဖြစ်နေကြတယ်’’ဟု မိတ္ထီလာမြို့ နယ် မြို့မဈေးမှ ဆိုင်ခန်းပိုင်ရှင်ဦးအောင်ကြည်က ဆိုသည်။
    .
    ထိုသို့ ကိုးကွယ်သည့်ဘာသာကွဲပြားသူများအကြား အမုန်းပွားမှု ဖြစ်ပေါ်စေနိုင်သည့် ရေးသားပြောဆိုသူများ၊ ဖြန့်ဝေပြုလုပ်သူများမှာ ယခင်အစိုးရလက်ထက်ကတည်းက ပြောင်ပြောင်တင်းတင်း လုပ်ကိုင်ခွင့်ရရှိထားကြပြီး တစ်စုံတရာဟန့်တားအရေးယူခံရခြင်းများ မရှိခဲ့ပေ။
    .
    ၎င်းတို့သည် အခြားဘာသာများသို့ ပြစ်တင်ဝေဖန်ပြောဆိုမှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေခဲ့သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်က လျစ်လျူရှုပေးထားခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများကဆိုသည်။
    .
    ယင်းအစိုးရလက်ထက်တွင် ဘာသာရေးနှင့် လူမျိုးရေးတန်ဖိုး ထားမှုပြသ၍ လူထုထောက်ခံမှုကို ရယူနိုင်ရန်ကြိုးစားမှုများပြုလုပ်ခဲ့ပြီး ထိုစဉ်က အာဏာရပါတီနှင့်နီး စပ်သော မိတ်ဖက်ပါတီအချို့ကလည်း မဲဆွယ်စည်းရုံးကာလတစ်လျှောက်အမျိုးဘာသာထိန်းသိမ်း စောင့်ရှောက်ခြင်းကို ဦးစားပေးကြွေးကြော်၍ စည်းရုံးမှုများပြုလုပ်ခဲ့ကြသည်။
    .
    ယခုအခါ ဘာသာရေးနှင့် လူမျိုးရေးအကြောင်းအရာများကို အလေးပေး ၀ါဒဖြန့်မှုပြုလုပ်နေသည့် အင်အားစုမှာ ပိုမိုကြီးထွားလာပြီးလက်ရှိအစိုးရကို အတိုက်အခံပြုလုပ်သူများကလည်း အဆိုပါအင်အားစုများကို ပို၍ အားပေးအားမြှောက် ပြုလုပ်လာကြကြောင်း ၎င်းတို့ကပြောသည်။
    .
    ‘‘အရင်ကတည်းက ဒီချုပ်ပါတီကို ဘာသာရေး၊ လူမျိုးရေးကိစ္စနဲ့ တိုက်ခိုက်ဖို့အကွက်ဆင်ထားပြီး ဖြစ်နေတယ်။ အခုအဲဒီပါတီက အစိုးရဖြစ်သွားတော့ အတိုက်အခံတွေအနေနဲ့ အမျိုးသားရေးလှုပ်ရှားသူဆိုသူတွေနဲ့ ပိုပေါင်းမိပြီး ဘာသာရေးပြဿနာတွေနဲ့အစိုးရ အခက်တွေ့အောင် ဆက်တိုက်လုပ်သွားလိမ့်မယ်လို့  ယူဆရတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့လာ သူဦးမိုးသူကပြောသည်။
    .
    လက်ရှိ  အချိန်တွင်လည်း အဆိုပါဘာသာရေးနှင့် ယှက်နွှယ်သော အကြောင်းအရာများနှင့် ရောနှောကာ အစိုးရသစ်ကို ဝေဖန်ပုတ်ခတ်မှုများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သော်လည်း အစိုးရသစ်၏ တုံ့ပြန်မှုကို မတွေ့မြင်ရသေးပေ။ ယခုအစိုးရသစ်သည်ဘာသာခြားများကို အားပေးသော အစိုးရဖြစ်သည်ဟု ဝေဖန်သူများက စွပ်စွဲပြောဆိုမှုများရှိနေခဲ့ခြင်း ဖြစ်သည်။
    .
    ‘‘တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမယ့် လုပ်ရပ်တွေအတွက် အစိုးရအနေနဲ့ ပြတ်သားဖို့ လိုတယ်’’ဟု ဦးသက်ဇင်က ပြောကြားသည်။
    .
    ထိုသို့ဘာသာရေးနှင့် လူမျိုးရေးလှုံ့ဆော်သူများကို အစိုးရသစ်အနေဖြင့် အရေးယူမှုပြုသင့်သော်လည်း ထိုသို့ပြုလုပ်ခြင်းကြောင့် အမျိုးသားရေးအင်အားစုများ၏ သွေးထိုးဝေဖန်မှုများ ပို၍ကြုံရလာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။
    .
    ‘‘အဲဒီ လုပ်ရပ်တွေအတွက် အရေးယူပြန်ရင်လည်း ဘာသာခြားတွေဘက်က ရပ်တည်တယ်ဆိုပြီး ဝေဖန်မှုတွေထွက်လာဦးမှာပဲ။ အဲဒီလိုမလုပ်ပြန်ရင်လည်း လှုံ့ဆော်မှုတွေက ရပ်မှာမဟုတ်ဘူး။ အခုဒီချုပ်အစိုးရကြုံနေရတာက ဆုပ်လည်း စူး၊ စားလည်း ရူးပေါ့’’ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။
    .
    အဆိုပါလှုပ်ရှားမှုများတွင် အမျိုးသားရေးတက်ကြွသည့် သံဃာအချို့လည်း ပါဝင်နေခြင်းကြောင့် အစိုးရအနေဖြင့် သတိကြီးကြီးထား ကိုင်တွယ်ရနိုင်ပြီး အာဏာစက်ဖြင့် ဖြေရှင်းခြင်းထက် ဓမ္မစက်ဖြင့် ဖြေရှင်းဆောင်ရွက်မှု ပြုလုပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
    .
    ထို့ကြောင့် ပြည်သူအားလုံး၏ ရင့်ကျက်မှုနှင့် ဆင်ခြင်သုံးသပ်နိုင်မှုက အဓိကဖြစ်လာသည်။ ကံကောင်းသည်မှာလည်း ပြည်သူများက ပါးနပ်စွာဖြင့် ဘာသာရေး၊ လူမျိုးရေးအသွင် လှုံ့ဆော်မှုများတွင် မပါဝင်ဘဲ နေထိုင်ကြခြင်း ဖြစ်သည်။
    .
    ပြည်သူများ၏ ဆင်ခြင်တုံတရားများကို ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးမိန့်ခွန်းတွင် အောက်ပါအတိုင်းပြောကြားခဲ့သည်။
    .
    ‘‘ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ ဆင်ခြင်တုံတရားကို ယုံကြည်လို့ ကျွန်မ ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာပါ။ ကျွန်မတို့ပြည်သူပြည်သားတွေကို မယုံကြည်လို့ရှိရင် ဒီမိုကရေစီကိုလည်း ယုံကြည်စရာအကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ အုပ်ချုပ်ရေးစနစ်ပါပဲ။ ပြည်သူတွေကို တန်ဖိုးမထားရင်၊ ပြည်သူတွေကို မယုံကြည်လို့ရှိရင် ဒီမိုကရေစီကို ထူထောင်ဖို့ဆိုတာဟာ အိပ်မက်မက်စရာတောင်မှ မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကို ယုံကြည်သလောက် ပြည်သူတွေကလည်း ပြန်ပြီးတော့ တုံ့ပြန်ပြီးတော့ ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ ၀န်းရံပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့လည်း မေတ္တာရပ်ခံချင်ပါတယ်’’

    http://www.7daydaily.com/story/63225