News @ M-Media

Blog

  • ဂျေရုစလင်ရှိ အလ်-အက်ဆွာကို ပါလက်စတိုင်းပိုင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြု

    ဂျေရုစလင်ရှိ အလ်-အက်ဆွာကို ပါလက်စတိုင်းပိုင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြု

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    al aqsa

    – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ချုပ် (UNESCO) က ဂျေရုစလင်မှာ အစ္စရေးက ထိန်းချုပ်ထားတဲ့ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်အတွက် အစ္စရေးအသုံးအနှုန်းဖြစ်တဲ့ Temple Mount စကားလုံးကို ပယ်ချခဲ့ပြီး “အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်” ဆိုတဲ့ အာရဗီစကားလုံးကိုသာ သုံးစွဲဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

    အစ္စလာမ်ဘာသာရဲ့တတိယအမြင့်မြတ်ဆုံး သာသနိကအဆောက်အအုံတစ်ခုဖြစ်တဲ့ အလ်-အက်ဆွာ ဒါမှမဟုတ် အလ်ဟရာမ်အလ်ရှရီးဖ် ဗလီဝတ်ကျောင်းတော်ကို အာရဗီအမည်နဲ့သာခေါ်ဝေါ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၃ ယောက်၊ ကန့်ကွက်သူ ၆ ယောက်နဲ့ မဲမပေးသူ ၁၇ ယောက် ရှိခဲ့ပါတယ်။

    ယူနက်စကိုက ထုတ်ပြန်တဲ့ အဲဒီဆုံးဖြတ်ချက်တစ်ခုလုံးမှာ အစ္စရေးကို “ကျူးကျော်သိမ်းပိုက်သူ” အဖြစ် တောက်လျှောက် သုံးနှုန်းသွားခဲ့ပြီး၊ အလ်-အက်ဆွာဗလီအတွက် အစ္စရေးအသုံးအနှုန်း Temple Mount ကို လုံးဝမသုံးခဲ့ဘဲ အာရဗီစကားလုံး အလ်အက်ဆွာလို့သာ ရည်ညွှန်းသုံးစွဲခဲ့ပါတယ်။

    အဲဒီဝန်းကျင်က ပလာဇာတစ်ခုကိုလည်း အစ္စရေးအသုံးဖြစ်တဲ့ အနောက်တံတိုင်းပလာဇာ (Western Wall Plaza) ဆိုတဲ့စကားရပ်အစား အာရဗီစကားလုံးဖြစ်တဲ့ အလ်-ဘိုရာက်ပလာဇာ လို့သာ သုံးနှုန်းခေါ်ဝေါ်ခဲ့ပါတယ်။

    နောက်ပြီး ပါလက်စတိုင်းပိုက်နက်ထဲက မွတ်စလင်သုဿာန်တွေထဲမှာ ဂျူးအုတ်ဂူအတုတွေကို အစ္စရေးက ဖန်းတီးထားတာ အစ္စလာမ့်ရေးရာ နေရာတွေနဲ့ ဘိုင်ဇန်တိုင်းလက်ထက်က နေရာတွေကို ဂျူရိုးရာရေချိုးခန်းတွေ၊ ဂျူးဝတ်ပြုခန်းတွေအဖြစ် ပြောင်းလဲပစ်ထားကိုလည်း ယူနက်စကိုရဲ့ အဲဒီဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဒါတင်မက မွတ်စလင်တွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက် ၀တ်ပြုခွင့်ကို အစ္စရေးက ကန့်သတ်ထားတာနဲ့ပတ်သက်ပြီးတော့လည်း ယူနက်စကိုက ရှုတ်ချခဲ့ပါတယ်။

    ယူနက်စကိုရဲ့ ပါလက်စတိုင်းဆိုင်ရာ အမျိုးသားရေးကော်မရှင် အတွင်းရေးမှူးချုပ် မူရက်ဒ် အလ်-ဆူဒါနီက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကျင့်သုံးရေး အစ္စရေးကို ဖိအားပေးဖို့ အာရပ်နိုင်ငံတွေကိုရော၊ ကုလသမဂ္ဂကိုပါ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • အရှေ့တောင်အာရှမှ မှောင်ခို ငါးဖမ်းလုပ်ငန်းများနှင့် ကျွန်ပြုခံလုပ်သားများအကြောင်း ဖော်ထုတ်မှုအတွက် AP သတင်းဌာန ပူလစ်ဇာဆု ရရှိ

    အရှေ့တောင်အာရှမှ မှောင်ခို ငါးဖမ်းလုပ်ငန်းများနှင့် ကျွန်ပြုခံလုပ်သားများအကြောင်း ဖော်ထုတ်မှုအတွက် AP သတင်းဌာန ပူလစ်ဇာဆု ရရှိ

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    ap
    AP သတင်းဌာန၏ ဖော်ထုတ်မှုကြောင့် ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသူ မြန်မာနိုင်ငံသားတစ်ဦး မိခင်နှင့် ပြန်လည်တွေ့ဆုံနေစဉ်

    – ဂျယ်နယ်လစ်ဇင်နယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားသည့် ဆုတစ်ခုဖြစ်သော ပူလစ်ဇာဆုကို AP သတင်းဌာနက ရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိသူကို ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး AP သတင်းဌာနက အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် မသမာမှုများ၊ ကျွန်ပြုလုပ်သားများအကြောင်း စုံစမ်းဖော်ထုတ်ခဲ့မှုအတွက် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    AP ဂျာနယ်လစ်များဖြစ်သော အက်စ်သာ ထူးစံ၊ မာဂီ မာဆန်၊ ရိုဘင် မက်ဒိုဝဲလ်နှင့် မာသာ မန်ဒိုဇာ၏ ထိုကဲ့သို့ ဖော်ထုတ်မှုကြောင့် မြန်မာနိုင်ငံသားများအပါအ၀င် ကျွန်ပြုခံလုပ်သား ၂၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး တာဝန်ရှိသူ တစ်ဒါဇင်ခန့်ကို ဖမ်းဆီးရမိခဲ့သည်။

    ထို့ပြင် ကန်ဒေါ်လာ သန်းချီတန်ဖိုးရှိ မှောင်ခိုငါးဖမ်းနေသာ စက်လှေများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး၊ အမေရိကန်ကလည်း နိုင်ငံအတွင်းရှိ အစားအစာလုပ်ငန်းများအား ကုန်ကြမ်းထောက်ပံ့ပေးမှုအတွင်း ပိုမို ထင်သာမြင်သာရှိစေရေး ဆောင်ရွက်ရန် ဥပဒေတစ်ခုကို ပြဌာန်းခဲ့သည်။

    “AP ဂျာနယ်လစ်တွေဟာ အခြားသူတွေကို လွတ်မြောက်စေတဲ့ ရည်မှန်းချက်နှစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်းပြုခံနေရသူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ငါးဖမ်းလုပ်ငန်းတွေကို တိုင်းကြားနိုင်ခဲ့ကာ ပြဿနာတွေကို ပြေလည်စေခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ ကျွန်ပြုခံလုပ်သားတွေ ဖမ်းဆီးပေးတဲ့ ငါးတွေကို ၀ယ်ယူနေတဲ့ လုပ်ငန်းတွေနဲ့ သိုလှောင်ရုံတွေကို ကွင်းဆက်လိုက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီကုမ္ပဏီတွေက သူတို့မှာ အပြစ်မရှိဘူးလို့ ငြင်းလို့ မရတော့ပါဘူး” ဟု AP သတင်းဌာန၏ ဒုတိယဥက္ကဌနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ကက်သလင်း ကားရိုးလ်က ပြောကြားခဲ့သည်။

    Ref: AP

  • ပရဟိတလုပ်ငန်းများ၌ အချိန်ပေးရန် အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့က လူငယ်များကို တိုက်တွန်း

    ပရဟိတလုပ်ငန်းများ၌ အချိန်ပေးရန် အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့က လူငယ်များကို တိုက်တွန်း

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    iiro

    – လူငယ်တွေအနေနဲ့ လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုဖို့အတွက် အားထုတ်ကြိုးပမ်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် (IIRO) ရဲ့ အတွင်းရေးမှူးချုပ် အဟ်ဆန် ဘင် ဆွာလေ တွိုင်ယစ်ဘ်က ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ ကန့်သတ်ထားမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း မက္ကာမြို့ ကုန်သည်ကြီးများအသင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ တွိုင်ယစ်ဘ်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ၎င်းရဲ့အတွေ့အကြုံနဲ့ လူငယ်စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးသမားတွေ၊ အလှူအတန်းရက်ရောလှတဲ့ သူဌေးကြီးတွေနဲ့ ထင်ရှားတဲ့ အမျိုးသမီးတွေအကြောင်းလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး မိမိအနေနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေဆိုတာ ကန့်သတ်ချက်မရှိဘဲ လူတိုင်းပါဝင်ဆောင်ရွက်သင့်တယ်လို့ ယုံကြည်ထားကြောင်း၊ လူမှုရေးလုပ်ငန်းတွေကို အစိုးရရဲ့ ကြိုးနစ်စနစ်တွေကလည်း လွှမ်းမိုးနိုင်စရာမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အနည်းငယ်သော အကူအညီတွေဟာ လူ့အဖွဲ့အစည်းမှာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှု ဖော်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်” လို့ တွိုင်ယစ်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး လူငယ်တွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့လည်း သူက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    Ref: IINA

  • ဒေသတွင်း ရဲမေများဆိုင်ရာ ညီလာခံတစ်ခုကို အဘူဒါဘီတွင် ကျင်းပ

    ဒေသတွင်း ရဲမေများဆိုင်ရာ ညီလာခံတစ်ခုကို အဘူဒါဘီတွင် ကျင်းပ

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    regional

    – အာရပ်စော်ဘွားများရဲမေအသင်း (EWPA) ကနေ “ရဲမေများ.. ရေရှည်တည်တံ့ ဖွံ့ဖြိုးမှု၏ ခေါင်းဆောင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ တတိယမြောက် ဒေသတွင်း ရဲမေများဆိုင်ရာ ညီလာခံတစ်ခုကို မနေ့က စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    သုံးရက်တာ ကြာမြင့်မယ့် အဲဒီညီလာခံမှာ နိုင်ငံတကာက ရဲမေကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘာတစ်ဝှမ်း ဒေသ ၂၆ ခုက ကိုယ်စားလှယ်များ၊ နိုင်ငံတကာရဲမေများအသင်း (IAWP) ရဲ့ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမျိုးသမီးရဲအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

    ညီလာခံမှာ ဖန်တီးနိုင်စွမ်း၊ တီထွင်ဆန်းသစ်မှု၊ အတွေးအခေါ် အစွန်းရောက်မှုတိုက်ဖျက်ရေး၊ အီလက်ထရောနစ်ရာဇ၀တ်မှုများ၊ အဖွဲ့အစည်းများအကြား အကျင့်ပျက်ခြစားမှု၊ ရဲမေများ အရည်အသွေးထက်မြက်စေမည့် နည်းလမ်းများ၊ မူးယစ်တိုက်ဖျက်မှုများ စတဲ့အကြောင်းအရာတွေ အများအပြားကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    ရဲမေတွေရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်မှုတွေ၊ ထူးခြားတဲ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုလည်း ဒီညီလာခံမှာ ဖော်ထုတ်ပြသသွားမှာ ဖြစ်ပါတယ်။

    အဲဒီ အခမ်းအနားကို အာရပ်စော်ဘွားများနိုင်ငံ (UAE) ရဲ့ ဒုတိယ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ရှိခ် ဆအစ်ဖ် ဘင် ဇေယဒ် အလ်-နဟ်ယန်ရဲ့ ဦးစီးမှုနဲ့ ကျင်းပတာဖြစ်ပါတယ်။

    AG/IINA

  • ပြောစကားကို ချက်ခြင်းဘာသာပြန်ဆိုပေးနိုင်မည့် ဖုန်ဆော့ဖ်ဝဲတစ်ခုကို မော်ရိုကန်တစ်ဦး တီထွင်

    ပြောစကားကို ချက်ခြင်းဘာသာပြန်ဆိုပေးနိုင်မည့် ဖုန်ဆော့ဖ်ဝဲတစ်ခုကို မော်ရိုကန်တစ်ဦး တီထွင်

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    moroco

    – တစ်ယောက်နဲ့ တစ်ယောက်ဖုန်းပြောဆိုတဲ့အခါ မိမိပြောသမျှစကားတွေကို တခြားဘာသာစကားတစ်ခုဆီ ချက်ခြင်း တိုက်ရိုက်ဘာသာပြန်ဆိုပေးနိုင်မယ့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို မော်ရိုကိုနိုင်ငံသားတစ်ဦးက တီထွင်လိုက်တယ်လို့ သိရပါတယ်။

    တီထွင်ခဲ့သူကတော့ တာဟာရ် တာအီဖြစ်ပြီး သုံးနှစ်ကြာအချိန်ယူခဲ့ရကာ ပြင်သစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်အဖွဲ့ချုပ်မှာ မူပိုင်ခွင့်တင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီဆော့ဖ်ဝဲ အမည်နဲ့ ထွက်ရှိမယ့်နေ့ရက်ကိုတော့ မသိရှိရသေးပါဘူး။

    တီထွင်သူ တာအီရဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါဆော့ဖ်ဝဲအသစ်က ဖုန်းပြောစဉ်အတွင်းမှာ တိုက်ရိုက်ဘာသာပြန်နိုင်သလို၊ ဖုန်းပြောဆိုမှုပြီးတဲ့နောက်ပိုင်း အသံသွင်းထားတဲ့ ဘာသာပြန်ကိုလည်း နားထောင်နိုင်ကာ မိုဘိုင်းဆက်သွယ်ရေး အနာဂတ်မျိုးဆက်သစ်ဆီ ခေါ်ဆောင်သွားမယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖုန်းမပြောခင်ဆော့ဖ်ဝဲကိုဖွင့်ထားဖို့လိုအပ်ပြီး မိမိဘာသာပြန်ဆိုချင်တဲ့ ဘာသာစကားကို ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ ဘာသာပြန်အသံဖမ်းထားနိုင်ဖို့ အာရဗီဘာသာစကားအပါအ၀င် ဘာသာစကားအမျိုးပေါင်း ၁၀၀ ကျော် ထည့်သွင်းထားတဲ့ အသံအဘိဓာန်တစ်ခုလည်း အဲဒီဆော့ဖ်ဝဲမှာ ပါဝင်ပါတယ်။

    တာအီက ဒီဆော့ဖ်ဝဲဟာ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေး၊ နိုင်ငံရေးကဏ္ဍတွေနဲ့ တခြားကဏ္ဍအသီးသီးက အလုပ်လုပ်သူတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    တာအီဟာ မရာကတ်အနီး အက်ဆ်ဖီမြို့ဇာတိဖြစ်ပြီး ၁၉၈၄ ခုနှစ်က သတင်းအချက်အလက် သိပ္ပံဆိုင်ရာ အင်ဂျင်နီယာဒီပလိုမာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။

    Ref: IINA